Wednesday, June 15, 2016

လက်တွေ့အသုံးချဆေးနည်းတိုများ (၄)

(15.6.2016) ကျန်းမာရေးဆောင်းပါး
========================

လက်တွေ့အသုံးချဆေးနည်းတိုများ (၄)
=======================

ကြည်လွင်မြင့် (မုဒြာ)

မေး-ဆရာရှင့်      အသက်ခြောက်နှစ်အရွယ်ကလေးက ညတိုင်းသွားကြိတ်ကြိတ်နေတာ ဘယ်လိုလုပ်ရမလဲရှင့်။
ဖြေ- ကလေးခြေဖဝါးကို   ဆားပွတ်ပေးပါ။  ညအိပ်ရာဝင် ဒူးကနေအောက် ရေလောင်း ခြေဆေးပေးပါ။ လေပွစာတွေ မစားပါစေနဲ့။  ငှက်ပျောသီးဖီးကြမ်း မီးဖုတ်ပြီး နှစ်လုံး နေ့စဉ်ကျွေးပါ။  သွားကြိတ်သက်သာလာပါလိမ့်မယ်။

မေး-အသက်တစ်နှစ်သားအရွယ်   ကလေး မျက်ဝတ်ထွက်ပြီး တစ်ခါတစ်ရံ မျက်
ရည်ထွက်ပါတယ်။ ဘယ်လိုလုပ်ရပါမလဲ။
ဖြေ- ဆားကို ရေနွေးနဲ့ဖျော် အဝတ်နဲ့တို့ယူ၊ ခပ်နွေးနွေးဆားရည်ပါတဲ့ရေစိုအဝတ်နဲ့ မျက်ဝတ်တွေကိုပွတ်ပေးပါ။  ညအိပ်ရာဝင်ချိန် ကလေးခြေဖဝါးကို ဆားပွတ်။ ရေဖတ်တိုက်ပေးပါ။ ခြေဖဝါးအခိုးပိတ်လို့ မျက်ဝတ်ထွက်တာပါ။ ကလေးခြေထောက်မှာ ခြေအိတ်အမြဲဝတ်ပေး မထားပါနဲ့။

မေး-ကင်းမြီးကောက်     အကိုက်ခံရရင် ဘယ်လိုလုပ်ရမလဲဆရာ။
ဖြေ-  ကင်းမြီးကောက်က  အမြီးမှာပါတဲ့အဆိပ်ဆူးနဲ့ထိုးတာပါ။ ချက်ခြင်း ကြက်သွန်နီဥကြီးတစ်လုံးကိုထောင်းပြီး အဆိပ်သင့်တဲ့နေရာမှာအုံပြီး ပတ်တီးစည်းထားပေးပါ။  နာရီဝက်လောက်ကြာရင် ဖြေပေးပြီး အနာပေါက်ဝမှာ သင်္ဘောသီးအညှာက အစေးတို့ပေးပါ။  ရောင်ရင် နလင်ကျော်အခေါက် သွေးလိမ်းပါ။  (ကြက်သွန်နီမှာ အဆိပ်တွေကို စုပ်ယူပြီး မည်း
သွားတာကို လက်တွေ့တွေ့ဖူးပါတယ်။)

မေး-ဆရာရှင့်   သမီးက    သားဦးကိုယ်ဝန် သုံးလလွယ်ထားရပါတယ်ရှင့်။ ဘာစားစား အစာမကြေ ရင်ပြည့်ပြီး လေအပေါ်ပြန်တက်နေပါတယ်။  လေပူအထက်လှန်ပြီး ဝမ်းလည်းချုပ်ပါတယ်။
ဖြေ- ကိုယ်ဝန်သုံးလအတွင်းမှာ  ဖြစ်တတ်ပါတယ်။  နောက်လရင့်ရင် သက်သာသွားမှာပါ။ ဆားကို နီရဲအောင် ဒယ်အိုးနဲ့လှော်ပါ။  ဖန်ပုလင်းနဲ့ လေလုံအောင်သိမ်းထားပါ။ လေပူထပြီး အန်ချင်ရင် ဆားလှော်ကို သံပရာရည်နဲ့ဖျော်ပြီး လျက်ပေးပါ။ ဝမ်းချုပ်ရင် ညအိပ်ရာဝင်ချိန်မှာ မန်ကျည်းဖျော်ရည် တစ်ဖန်ခွက်မှာ
ဆားလှော်မန်ကျည်းစေ့လောက် ထည့်ဖျော်ပြီးသောက်ပေးပါ။  မန်ကျည်းမှည့်၊ ထန်းလျက်နဲ့ ဆားလှော်ရောတေပြီး ဆေးလုံးလေးတွေ ပြုလုပ်ထားပါ။  နေ့စဉ် မန်ကျည်းစေ့လောက်အရွယ် သုံးလုံးစားပေးရင်လည်း လေပူထသက်သာပြီး ဝမ်းမှန်စေပါတယ်။

မေး-ဆရာကြီးခင်ဗျာ၊     ကျွန်တော့လည်ပင်းမှာ ကျီးပေါင်းတက်နေပါတယ်။ ဓာတ်မှန်ရိုက်စစ်ကြည့်တော့ အဆစ်သုံးနဲ့လေး၊ လေးနဲ့ငါး၊ ငါးနဲ့ခြောက် အဆစ်တွေမှာ ကျီးပေါင်းတက်နေတယ်လို့ ဆရာဝန်ကပြောပါတယ်။  ညာလက်ကျင်နေပါတယ်။ အာရုံကြောညပ်နေတယ်လို့ ပြောတယ်။  ဇက်ကိုလည်း ခဲဆွဲ
ကုသနေပါတယ်။  ခေါင်းလည်း မူးပါတယ်။ မသက်သာသေးပါ။ မြန်မာဆေးနည်း သိလိုပါတယ်။
ဖြေ- ခဲဆွဲကုသတာလည်း   ကောင်းပါတယ်။ ရေရှည်လုပ်မှ အကျိုးထူးပါမယ်။ ဆေးနည်းတိုနဲ့ကုသလိုရင် သင်္ဘောရွက်ကို ပျော့အောင် ရေနွေးစိမ်ပြီး ဇက်ကျီးပေါင်းနေရာမှာ ကပ်ပေးပါ။ နှစ်နာရီကြာအောင်ကပ်ပေးပါ။  ပြီးရင် မုန်ညင်းဆီကို မီးအပူပေးပြီး ခပ်နွေးနွေး ဇက်နဲ့လက်ပြင်ကနေ လက်မောင်းတစ်လျှောက် လိမ်းပေးပါ။ ဆားကြပ်ထုပ်၊ သက်ရင်းကြီးကြပ်ထုပ်တွေလည်း ထိုးနိုင်တယ်။  ကျီးပေါင်းရောဂါကနေကာကွယ်ဖို့ မနက်မျက်နှာသစ်တိုင်း ရေအေးနဲ့ ဇက်ပိုးကို ရိုက်ပေးပါ။  ရှေးလူကြီးတွေ ဒီနည်းနဲ့ ဇက်ကျီးပေါင်းမဖြစ်ကြပါ။ ဒန့်သလွန်သီး၊ ရုံးပတီသီး များများစားပေးပါ။ ခေါင်းအုံးအမြင့် မအိပ်ပါနဲ့။  ကုလားထိုင်၊ တန်း
လျားတွေမှာ ဇက်တင်အိပ်ရင် ကျီးပေါင်းတက်နိုင်ပါတယ်။

မေး-ကျွန်တော့သမီး   ၁ဝ   တန်းကျောင်းသူ နှုတ်ခမ်းကွဲလို့ စာကျက်ရတာ အဆင်မပြေပါ။ ဆေးနည်းလေး ညွှန်ပေးပါခင်ဗျား။
ဖြေ- ကွမ်းသီးခြမ်းသွေးပြီး  နှုတ်ခမ်းမှလိမ်းပါ။ မာလကာရွက်ပြုတ်ပြီး ငုံပေးပါ။ ဝမ်းချုပ်ရင် သင်္ဘောသီးမှည့်ကျွေးပါ။ အမြန်သက်သာနိုင်ပါတယ်။

မေး-ကလေးအသက်   ၁ဝ   နှစ်အရွယ် မကြာခဏဖျားပါတယ်။ ဆေးတိုက်လို့ ကိုယ်ပူကျသွားပြီး တစ်ရက်၊ နှစ်ရက်ကြာရင် ပြန်ဖျားပါတယ်။ ချောင်းလည်း အလွန်ဆိုးပါတယ်။ သင့်တော်မယ့်ဆေးနည်းပြောပြပါခင်ဗျာ။
ဖြေ- ကွမ်းရွက်သုံးရွက်၊   ချင်းပါးပါး ခုနစ်လွှာ၊ ထန်းလျက်ခုနစ်ခဲကို ရေနွေးမတ်ခွက် တစ်လုံးနဲ့ကျို၊ ဆားလှော်အနည်းငယ်ထည့်ပြီး ဖြည်းဖြည်းချင်းကုန်အောင်တိုက်ပါ။ ချောင်း အလွန်ဆိုးရင် ဆားကို ကွမ်းရွက်ကန်တော့ထိုးထုပ်ပြီး မီးဖုတ်ပါ။ အဲဒီဆား ကွမ်းရွက်မီးဖုတ်ပြာကို လျက်ပေးရင် ရက်ကြာချောင်းဆိုးရောဂါပျောက်ပါတယ်။

မေး-ဆရာရှင့်     အသက်  ၅ဝ   အရွယ် သွေးဆုံးတဲ့အချိန်မှာ ဝေဒနာတွေ မခံစားရ အောင် ဘယ်လိုဆေးမျိုး စားသင့်ပါသလဲရှင့်။
ဖြေ- သွေးဆုံးချိန်မှာ အကောင်းဆုံးက ရှားစောင်းလက်ပပ်ပင်ရဲ့အနှစ်ကိုယူ၊ ဟင်းချိုချက်ပြီး နေ့စဉ်စားသုံးပါ။ အနှစ်ကို ပျားရည်နဲ့ခေါက်စားရင်လည်း ရပါတယ်။ ဖျော်ရည်လုပ်ပြီးလဲ သောက်နိုင်ပါတယ်။
ဆေးဖော်စားလိုရင် -
မီးယပ်ချက်ဆေး
(၁) ရှားစောင်းလက်ပပ်အနှစ် ၂၅ ကျပ်သား
(၂) မန်ကျည်းမှည့်အနှစ် ၁၅ ကျပ်သား
(၃) ထန်းလျက်(အမည်း) ၁၅ ကျပ်သား
(၄) ပျားရည် ၁ဝ ကျပ်သား
(၅) စမုန်နက်(လှော်) ၅  ကျပ်သား
(၆) ဆားလှော် ၂  ကျပ်သားအထက်ပါဆေးအမည်တွေကို  အိုးမှာထည့်
မီးနွေးနွေးနဲ့လက်ကော်ရအောင်ကျိုပါ။  ပြီးရင် အအေးခံပြီး ဖန်ပုလင်းနဲ့လေလုံအောင်ထည့်ထားပါ။ အပေါ်မှာ နှမ်းဆီငါးကျပ်သားနဲ့ အုပ်ထားပါ။ မှိုမတက်အောင် နေရောင်ခြည်ပြပေးပါ။ (တစ်ကြိမ်ဟင်းစားဇွန်းတစ်ဇွန်း၊ မနက်
ည စားပေးပါ။) သွေးဆုံးကိုင်ရောဂါဝေဒနာတွေကနေ သက်သာစေပါတယ်။ ရှားစောင်း လက်ပပ်ပင်နဲ့ မန်ကျည်းမှည့်အနှစ်တို့မှာ ဝမ်းတွင်းအပူရောဂါမှန်သမျှ ငြိမ်းစေပါတယ်။

မေး-ကျွန်တော့သားလေးက      ခြောက်လပါ။ ကလေးက ဖျားတာကိုယ်ပူကျသွားပြီးနောက် ခေါင်းက တအားပူနေပါတယ်။  ဘာလုပ်ရမှန်းမသိလို့ပါ။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေရတာမို့ ဆေးခန်းပြဖို့အခက်အခဲရှိပါတယ်။ ဆေးနည်းတိုလေး တင်ပေးစေလိုပါတယ်။
ဖြေ- ကလေးခေါင်းပူရင်  ခြေဖဝါးဆားပွတ်ပေးပြီး ရေဖတ်နဲ့ပွတ်ပါ။ အပူတွေ ခြေကထွက်ပြီး ခေါင်းပူကျသွားပါမယ်။ ကွမ်းရွက်ရှိရင် အရည်ညှစ် အုန်းဆီ (ဒါမှမဟုတ်) သံလွင်ဆီနဲ့ရောပြီး ခေါင်းမှာလိမ်းပေးပါ။ ခေါင်းပူလွန်း
ရင် ကလေးတက်တတ်တာမို့ သတိထားပါ။

မေး-မနက်အိပ်ရာထတိုင်း      ဖနောင့်တစ်ဖက်ကနာပြီး မထောက်နိုင်ပါ။ ဖနောင့်အတက်ထွက်ရောဂါလို့ပြောကြပါတယ်။ ဆေးခန်းပြဖို့ အခက်အခဲရှိလို့ သက်သာမယ့်နည်းကို ညွှန်ပြပေးစေလိုပါတယ်။
ဖြေ- သက်ရင်းကြီးပင်   အရွက်နုတွေခူးပြီး ဆုံမှာညက်အောင်ထောင်းပါ။ ဖနောင့်မှာအုံပြီး ပတ်တီးနဲ့စည်းပါ။ ညအိပ်ရာဝင်ချိန်စည်းပြီး မနက်အိပ်ရာထမှာဖြေရင် အဆင်ပြေပါတယ်။  ခုနစ်ရက်လောက် စည်းဖို့လိုအပ်ပါတယ်။ ဖနောင့်ကျီးပေါင်း၊ ဖနောင့်အတက်ထွက်တာတွေ ပျောက်ကင်းနိုင်ပါတယ်။

မေး-ဆီးချိုပျောက်စေတဲ့     ဆေးခါးပင်အကြောင်းသိလိုပါတယ်။ ဘယ်လိုသောက်ရမယ်ဆိုတာကို သိလိုပါတယ်။
ဖြေ- ဆီးချိုပျောက်တယ်လို့မသုံးဘဲ  ဆီးချို(သွေးချို)ကျစေတဲ့ဆေးခါးပင်လို့ဆိုရင် ပိုပြီးမှန်ပါမယ်။ ဆီးချိုရောဂါမှာ အမြဲပျောက်ကင်းဖို့ခဲယဉ်းလို့ အစာကိုဆင်ခြင်ပြီး ဆေးကို အမြဲသောက်နေရမယ့် ရောဂါမျိုးဖြစ်ပါတယ်။ ဆေးခါး(ခေါ်) ရှမ်းဆေးခါးပင်(ခေါ်) ဆေးခါးကြီးပင်ကို တိုင်းရင်းဆေးပညာသုတေသနဌာနက ဓာတ်ခွဲသုတေသနပြုပြီးဖြစ်လို့ အစွမ်းထက်တဲ့ဆေးပင်ဖြစ်ပါတယ်။ ကီးမို့စ်ခေါ်
အရောင်ကျဆေးကို ဒီဆေးပင်တစ်မျိုးတည်းနဲ့ထုတ်လုပ်နိုင်တယ်လို့ဆိုပါတယ်။ ဆီးချိုစစ်ပြီး တက်နေရင် ဆေးခါးပင်နှစ်ကျပ်သားကို ရေနွေးမတ်ခွက်တစ်လုံးနဲ့ ဆူပွက်အောင်ကျိုပါ။ အအေးခံပြီး မနက်စာမစားမီ အကြမ်းပန်းကန်တစ်လုံးစာနဲ့ ညစာမစားမီ အကြမ်းပန်းကန်တစ်လုံးစာ သောက်သုံးပေးရင် ဆီးချို
ရောဂါကို ထိန်းနိုင်ကြောင်း လက်တွေ့သောက်သုံးသူတွေပြောလို့ သိရပါတယ်။ ဆေးခါးကြီးပင်အခြောက်တွေကို ပရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

မေး-ဧည့်ခံပွဲတွေမှာ        မလွှဲမရှောင်သာလို့ အရက်(ဒါမှမဟုတ်) ဝိုင်အနည်းငယ်သောက်ပြီးရင် ခေါင်းကိုက်တတ်ပါတယ်။ အထူးသဖြင့် နောက်တစ်နေ့ အိပ်ရာထမှာ ခေါင်းကိုက်ပါတယ်။ ဘယ်လိုကာကွယ်ရမယ်ဆိုတာကို သိလိုပါတယ်။
ဖြေ- အရက်  ဝိုင်သောက်မိရင်   ညအိပ်ရာမဝင်မီ ပျားရည်ဟင်းစားဇွန်းတစ်ဇွန်း၊ အရက် သောက်များရင် ပျားရည် ဟင်းစားဇွန်းနှစ်ဇွန်းကို ရေနွေးနဲ့ဖျော်ပြီး (ကော်ဖီခွက်တစ်ခွက်စာ) သောက်ပေးရင် အဆိပ်အတောက်ပြေပြီး ခေါင်းကိုက်သက်သာစေပါတယ်။  မနက်အိပ်ရာထချိန်မှာ နောက်တစ်ကြိမ်ထပ်မံ သောက်လိုက်ရင် ပိုလို့ကောင်းပါတယ်။

No comments:

Post a Comment