မြန်မာတို့ရဲ့အလင်း
မစိုးရိမ်တိုက်သစ်တဲ့
စိုးရိမ်တတ်ရင် ဝင်မသွားနဲ့
ဖွင့်ထားတဲ့ တံခါးနှစ်ချပ်က
စွန့်စားလိုသူတွေအတွက်ပဲ ။
လောကဓံခါးခါးတွေကို
တည်ငြိမ်စွာမျိုချပြီး
အစပြုခဲ့တဲ့ သူ့ဘဝ
ဘယ်နေရာကပဲကြည့်ကြည့်
သစ်လွင်တောက်ပနေမှာပဲ ။
လေပြေတွေကြောင့် မတွေဝေခဲ့သလို
မုန်တိုင်းတွေကြောင့်လည်း
သူ့ခြေလှမ်းတွေ တုံ့ဆိုင်းမသွားခဲ့ဘူး။
အရှိကို အရှိအတိုင်းချပြ
မာယာသာထေယျတွေခွါချပြီး
အသားကျနေတဲ့ရိုးသားမှုက
တုပ မရတဲ့ သူ့အလှတရားပဲ ။
သူ့အနားကိုသွားရင်
ဖြူစင်တဲ့ရနံ့တွေရမယ်
သူ့ဘဝထဲဝင်သွား
ထင်မထားတဲ့နွေးထွေးမှုကိုတွေ့မယ်
သူဟာ
လက်တွေ့မကျတဲ့ကာရန်ချိုချိုတွေထက်
လက်တွေ့ကျတဲ့ သံစဉ်ခါးခါးကိုပဲ
ရင်ခုန်တယ် ။
သူ့ရဲ့ တနေ့တာမှာ
အချိုးတကျ ဖော်စပ်ထားတဲ့
ရိုးသားခြင်း နိုးကြားခြင်းတွေနဲ့
ညီညွတ်ခြင်းသံပြိုင်တေးသွားတွေက
နာရီလက်သံတွေနဲ့အတူ
တည်ငြိမ်စွာပဲ စီးဆင်းတယ်
စိန်ခေါ်မှုကိုရင်ခုန်သူတွေအတွက်
ဖွင့်ထားတဲ့တံခါးနှစ်ချပ်နဲ့အတူ
လဲကျသူကို တွဲကူဖို့
အောင်နိုင်သူကို ဂုဏ်ပြုဖို့
သူ့မှာ…ကမ္ဘာပြုလက်ချောင်းတွေရှိတယ် ။
တကယ်တော့
"မစိုးရိမ်တိုက်သစ်" ဆိုတာ
ဘယ်နေရာကလာလာ ဘယ်ကမ္ဘာကကြည့်ကြည့်
အမိမြန်မာပြည်သမိုင်းမှာ
အရှိအတိုင်းသော အလှတရားနဲ့
ခန့်ညားစွာ ရှင်းသန့်
လင်းလက်နေမဲ့ နေတစ်စင်းပါပဲ။
ချမ်းငြိမ်း ( ခင်တန်းမြေ)
No comments:
Post a Comment