အောင်နိုင်သူ
မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် သီတင်းသုံးနေစဉ် အက္ကောသဘာရဒွါဇပုဏ္ဏားသည် သူ့အကို ရဟန်းပြုသည်-ဟု ကြားသဖြင့် မြတ်စွာဘုရားထံလာ၍ ဆဲရေးပြီးနောက် သူ၏ညီဖြစ်သူ အသုရိန္ဒကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့သွားပြီး မဖွယ်မရာ ရုန့်ရင်းကြမ်းထမ်းသော စကားတို့ဖြင့် ဆဲရေးပြန်သည်၊ ယင်းသို့ ဆဲရေးသောအခါ မြတ်စွာဘုရားသည် တစုံတရာ ဘာမျှပြန်မပြောဘဲ ဆိတ်ဆိတ်နေလေ၏။
ထိုအခါ အသုရိန္ဒက ပုဏ္ဏားက မြတ်စွာဘုရားအား-
ရဟန်း၊ သင့်ကို ကျွန်ုပ်တို့ အောင်နိုင်ပြီ၊
ရဟန်း၊ သင့်ကို ကျွန်ုပ်တို့ အောင်နိုင်ပြီ-ဟု ပြောလေ၏။
ထိုအခါ မြတ်စွာဘုရားက-
ပုဏ္ဏား-သူမိုက်သည် စကားအားဖြင့် ရုန့်ရင်းကြမ်းထမ်းစွာ ဆဲရေးပြောဆိုသည်ကို ငါအောင်နိုင်သည်-ဟု မှတ်ထင်လေ၏။
သည်းခံခြင်း၏ အကျိုးကျေးဇူးကိုသိသော ပညာရှိပုဂ္ဂိုလ်၏ နှုတ်တုံ့မပြန်ဘဲ သည်းခံနေခြင်းသည်သာလျှင် အောင်နိုင်ခြင်းအစစ် ဖြစ်လေသည်-ဟု မိန့်တော်မူလိုက်လေသည်။
( သဂါထာဝဂ္ဂသံယုတ်၊ ၇-ဗြဟ္မဏသံယုတ်၊ ၁-အရဟန္တ၀ဂ်၊ အသုရိန္ဒကသုတ် )
No comments:
Post a Comment