ငယ် / လတ်/ကြီး ဖြေဆိုမည် ညီတော်လေးများသို့
******************************************
ပထမပြန်စာမေးပွဲ(ငယ်၊ လတ်၊ ကြီး) အောင်စာရင်းထွက်တယ်။ ၉.၀၁ ရာခိုင်နှုန်းပဲ အောင်တယ်။ ဆယ်တန်းစာမေးပွဲကမှ ပထမပြန်စာမေးပွဲထက် ရာခိုင်းနှုန်း သုံးဆ သာသေးတယ်။ ပထမပြန်ကတော့ အတော်နည်းတာပဲ။ ကိုးပါးမှ တစ်ပါးအောင်တာ။ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတယ်နော-လို့တောင် ထအော်ရမည့်ပုံပဲ။ ပထမကြီးတန်း ဘာကြောင့် အကျများတယ်ဆိုတာကို ကြိုးစားချဉ်းကပ်ကြည့်မိတာပါ။
ငနုချောင်းသား ရွှေထွန်းကို သတိရမိတယ်။ တမြန်နှစ်က ရွှေထွန်းတို့ ဖားကန့်တက် ကျောက်တူးကြသတဲ့။ မိုးတွေကရွာ စစ်တွေကဖြစ်။ ပါလာတဲ့စရိတ်က ပြတ်။ ညနေခင်းရောက်တိုင်း ရွှေထွန်းမူးမူးနဲ့ ပြောနေကြစကားက “ဘာ ယုတ်ယို့ ယုတ်ရမှန်း သိဓော့ ဝူး ယိုး”။ အခုလည်း ကိုယ်ကိုယ်တိုင်သာ အတောင်စုံလာတယ်။ ဒီနှစ် အောင်စာရင်းကြည့်ပြီး “ဘာ ယုတ်ယို့ ယုတ်ရမှန်း သိဓော့ ဝူး ယိုး”။
ဓမ္မဒေါင်းလော့(dhammadownload)မိသားစုကနေ ဦးဆောင်ပြီး ဘုန်းကြီးပညာရေး ပြောင်းလဲဖို့ တိုက်တွန်းနှိုးဆော်ထားတာတွေ ဖတ်ရတယ်။ ဆရာတော်ကြီးတော်တော်များများနဲ့လည်း အင်တာဗျူးထားတာတွေ ယူကျု(youtube)မှာ ကြည့်ရတယ်။ ဓမ္မဒေါင်းလော့က ဆွေးနွေးထားတာတွေကို ဖောက်သည်ချရရင် ပါချုပ်ဆရာတော်ဘုရားကြီးက “approach”လုပ်ပုံတွေ ပြောင်းစရာမလိုပါဘူးတဲ့။ ရှေးရိုးစွဲ စာသင်နည်းကပဲ အကောင်းဆုံးတဲ့။ ဒါဆိုဘာပြောင်းရမှာလဲ မေးရင် Theme-တွေကိုပဲ ပြောင်းပါတဲ့။ ဿီးဆိုတာ ပုစ္ဆကအာဘော်။ မေးကွက်တွေကို ပြောတာပါ။
နောက် ဦးသီလာနန္ဒာဘိဝံသ မစိုးရိမ်နာယကဆရာတော်နဲ့ ဆွေးနွေးထားတာကြတော့ “မကြိုးစားလို့ ထင်ပါတယ်”တဲ့။ ဦးသီထောက်ပြတာက ဆယ်တန်းနဲ့စာရင် ပထမပြန်စာမေးပွဲတွေက မှတ်သားရတာ၊ မင်မရိုက်(memorize)လုပ်ရတာ နည်းတယ်လို့ ထင်ပါတယ်တဲ့။ သူထင်တာ ပြောတာနော။ ဒါက သူ့ဉာဏ်နဲ့ သူ့လျှောက်ဖူးတဲ့ လမ်းနဲ့ တိုင်းပြောတာပါ။ သူက ဆယ်တန်းကို ဝိဇ္ဇာသိပ္ပံအတွဲတွေခေတ်က ကိုးဘာသာကျက်ပြီး ဘာသာစုံဂုဏ်ထူးနဲ့ အောင်လာသူကိုး။ ဆယ်တန်းရိုးရိုးသာမန်အတွက်မှ မဟုတ်ဘဲ။
တကယ်တန်းက ပထမကြီးဆိုရင် ခုနစ်ဘာသာရှိတယ်။ ဒီအချိန်လာဖြေခိုင်းကြည့် သုံးနှစ်သုံးမိုးလောက် ချွေးပြန်အောင်ကျက်ပြီးမှ အောင်မည့်ကိန်းပဲ။ ဒါတောင်အာမ မခံရဲပါ။ ဘာကြောင့်လဲဆိုတော့ ပြဌာန်းစာတွေက များလွန်းတာကိုး။ ပြဌာန်းစာတွေကို လေ့လာကြည့်ရအောင်။
၁။ ၀ိနည်းဘာသာ
ဘိက္ခူ၊ ဘိက္ခူနီ ပါဠိ အနက် အဓိပ္ပါယ်အကုန်။ ကင်္ခါအကုန်။
ပထမဆုံး ဝိနည်းဘာသာ။ အလွယ်ဆုံးဘာသာလို့ လက်ခံထားတဲ့ဘာသာ။ မင်မရိုက်လုပ်ထားရတာက ဘိက္ခု, ဘိက္ခုနီနှစ်ခုပေါင်း ပုဒ်ရေငါးရာကျော်။ အပုဒ်ရေတင် ငါးရာမဟုတ်ဘူးရယ်။ ပါဠိလိုရော အနက်လိုရော အဓိပ္ပါယ်တွေရော၊ သုံးမျိုးပေါင်းရင် ၁၅၀၀ကျော်တယ်။ နောက် ကွန်ပရီဟန်းရှင်း(comprehension) လုပ်ထားရတာက ကင်္ခါတစ်အုပ်လုံး။ စာမျက်နှာ နှစ်ရာကျော်ထင်တာပဲ။
၂။ သဒ္ဒါဘာသာ
သဒ္ဒါကြီး ရှစ်ဆောင်အကုန်။ ရူပသိဒ္ဒိအကုန်။ပုဒ်စစ်အကုန်။
ဒုတိယနေ့မှာ ဖြေရတာက သဒ္ဒါ။ သဒတ် မတာ, စတ်မတာ၊ သဒတ်တာမှ စတ်တာသည်။ စတ်တာမှ စာပေါ ဘာညာဆိုတာတွေကလည်း ရှိနေပြန်တော့ ကျက်ခွဲကြဦးစို့ဟေ့။ အင်္ဂလိပ်စာမှာဆိုရင် ပက်တန်(pattern)တွေနဲ့ နည်းနည်းဆင်တဲ့ သဒ္ဒါစည်းကမ်းပေါင်း ၆၇၂ခု။ ပါဠိသဒ္ဒါစည်းကမ်းတစ်ခု တစ်ခုမှာ ငါးမျိုးထပ်ခွဲပြန်တယ်။ သုတ်နက်၊ သုတ်အဓိပ္ပါယ်၊ ပုံစံ၊ လေ့ကျင့်ခန်း၊ လက်တွေ့တဲ့။ ၆၇၂ကို ၅နှင့်သာမြှောက်ပေရော့။ မှတ်ပေရော့။ ကျက်ပေရော့။ လုပ်ပေရော့ မင်မရိုက်။ စာသင်သားကိုရင် ဦးဇင်း ဆယ်ပါးလောက်မှာ သုံးပါးလောက်ပဲ အကုန်ရတာ။ ကိုယ်ကိုယ်တိုင် သင်ယူခဲ့စဉ်ကလည်း အဲဒီပက်တန်တွေ အကုန်မရဘူး။ ဘုန်းကြီးလိုတော့ သဒ္ဒါကြီးရှစ်စောင်ခေါ်တာပ။ နောက် မကာရလောပအကျော် ခင်ကြီးဖျော်ရေးခဲ့တဲ့ ပုဒ်စစ်ဆိုတဲ့ စာအုပ်။ အထူက ဆယ်တန်းသင်္ချာစာအုပ်လောက်ထူတယ်။ ကွန်ပရီဟန်းရှင်း လုပ်ထားရတာကြတော့ ပဒရူပသိဒ္ဓိတဲ့။ ခုနက ပါဠိသဒ္ဒါစည်းမျဉ်းပေါင်း ၆၇၂-ခုကို အဓိပ္ပါယ်တွေ ရေးထားတဲ့ ကျမ်းကြီး။ အထူးထုတ်နဲ့ နည်းနည်း ဆင်တယ်။ အတော်ခက်တဲ့ ကျမ်းကြီးပဲ။ သုံးခါ တက်မှ နားလည်ခဲ့တာ။
လူတစ်ယောက်ရဲ့ ဦးနှောက်မှတ်ဉာဏ်မှာ ဝေါဟာရပေါင်း ခြောက်သောင်းပဲ ဆန့်သတဲ့။ စတီး ဖင် ပန်ကာ ဆိုတဲ့လူ(Stephen Pinker) ပြောခဲ့တာပါ။ ဘုန်းကြီးစားမေးပွဲက ဝေါဟာရခြောက်သောင်းက နှစ်ဘာသာထဲနဲ့ ကိစ္စတုံးနေပြီ။ ကျန်တဲ့ငါးဘာသာ မှတ်မနေနဲ့တော့။ ဟောဗျာ မဟုတ်လည်း ခြောက်သောင်းက ကျော်ရင် အရင်ဟာတွေ ပျက်ချင်ပျက်၊ မပျက်ရင်နောက်ဟာတွေ မှတ်လို့ မရဘူးတဲ့။ မနိုင်မဲ့အတူတူ လွှတ်သာချလိုက်ရုံပဲ။
၃။ သင်္ဂြိုဟ်ဘာသာ
သင်္ဂြိုဟ် ၉ပိုင်းအကုန်။ ဋီကာကျော်အကုန်။
တတိယနေ့မှာ သင်္ဂြိုဟ်။ ဒုတိယနေ့မှာ ဖြေရတဲ့ သဒ္ဒါနဲ့ အခုသင်္ဂြိုဟ်ဆိုတာက သဘောသွားခြင်း မီးနှင့်ရေပဲ။ ဒါကြောင့် ရှေးရှေးဆရာတော်ကြီးတွေက သဒ္ဒါတတ်တော့ “ဆော့” သင်္ဂြိုဟ်တတ်တော့ “ပျော့”လို့ လိုရင်းသွန်သင်ထားခဲ့တာပါ။ သင်္ဂြိုဟ်ကျတော့ မင်မရိုက်လုပ်ထားရတာနည်းတယ်။ ရှေးခတ်မိန်းမကြီးတွေကတော့ ထမင်းအိုးတည်ရင်း အကုန်ရတယ်ဆိုလားပဲ။ နှောင်းလူတွေရဲ့ ဦးနှောက်နျူရယ်(neural)တွေက ပိုကောင်းတယ်ဆိုတဲ့ သိပ္ပံအယူအဆရှိတာကြောင့် ထမင်းအိုးတည်ရင်း ရတယ်ဆိုတာ ယုံပါဘူး။ သင်္ဂြိုဟ်ကတော့ ကိုးပိုင်းထဲ ကျက်ရတာပါ။ ကွန်ပရီဟန်းရှင်းမှာကျတော့ ဋီကာကျော်တဲ့။ လယ်တီဆရာတော်ဘုရားကြီးအလိုဆိုရင် တက်တက်စင်အောင်မှားနေတဲ့ ဋီကာကျော်ဆိုတာကြီးကို လေ့လာရတာ။ အမှားကြီးကို လေ့လာရတာ အတော်ပင်ပန်းပါသကွယ်။
၎။ အဘိဓာန် အလင်္ကာ ဆန်း
အဘိဓာန်ဂါထာ တစ်ထောင်ကျော်အကုန်၊ ဂါထာနေကတ္ထအကုန်။ အလင်္ကာအကုန်။ ဆန်းအကုန်။
လာပါပြီဗျာ။ တစ်ကမ္ဘာလုံး ဘယ်နိုင်ငံမှ မရှိတဲ့ဘာသာ။ လေးရက်မြောက်မှာ ဖြေရတဲ့ဘာသာ သုံးဘာသာတွဲ။ အဲဒီထဲက တစ်ခုက အဘိဓာန်တဲ့။ လူသားသန်းပေါင်း ခုနစ်ထောင်မှာ ဘယ်လို လူမျိုးမှ မသင်ပေမဲ့ အတော်ကောင်းပုံတော့ ပေါ်တယ်။ လူသေလူဖြစ် ဘုန်းကြီးဦးဥက္ကဋ္ဌဆိုရင် အိန္ဒိယသင်္ဘောပေါ်မှာ အင်္ဂလိပ်-မြန်မာအဘိဓာန်ကြီး ထောင်ကျက်ပြီး စာတတ်သွားတယ် ပြောတာပဲ။ အခုမျက်မှောက်မှာလည်း ရှိတယ်။ ဦးပညာသီဟာလင်္ကာရာဘိဝံသတဲ့။ သာလွန်အိပ်ဆောင်အဘိဓာန်ကို အကုန်အလွတ်ရတယ်။ အခုတော့ ဂျပန်ဝန်ကြီးတစ်ယောက်နဲ့ စကားအခြေအတင် ပြောနေတာ တွေ့တာပဲ။ ထောင်ကျက် တတ်ကျွမ်းသာဓကတွေပ။ လေးရက်မြောက်နေ့မှာ ဖြေရတဲ့ဘာသာသုံးခုမှာ တစ်ခုက ပါဠိအဘိဓာန်ကြီးကို အလွတ်ထောင်ကျက်ရတာ။ ဘာမှ စဉ်းစားစရာမလို။ အလုပ်ရှုပ်အတော်သက်တာတဲ့ ဘာသာရပ်ပါ။ အလွတ်ရသလား ဖြေ၊ မရဘူးလား စဉ်းစားမနေနဲ့ အချိန်ကုန်တယ်။
လေးရက်မြောက်သုံးဘာသာတွဲမှာ ကျန်တဲ့နှစ်ဘာသာက အလင်္ကာရယ် ဆန်းရယ်။ အလင်္ကာဆိုတာက ဆယ်တန်းမှာ သင်ရတဲ့ အလင်္ကာဆိုတာ ဘုန်းကြီးတွေသင်ရတဲ့ ဂါထာတွေထဲက တစ်ဂါထာပဲ ရှိသေးတာ။ အဲဒီလို ဂါထာပေါင်း သုံးရာကျော်ကျက်ထားရတာ။ နောက် ဘုန်းကြီးစာပေမှာ အခက်ဆုံးဆိုဖြစ်တဲ့ “ကျမ်းကြီးပဋ္ဌာန်း၊ ကျမ်းငယ် ဆန်း၊ ကျမ်းလတ် ဓာတုကထာ”ဆိုပြီး သုံးမျိုးရှိတယ်။ ဆန်းဆိုတာ အခက်ဆုံးဘာသာပဲ။ စာသင်သားတွေ စိတ်ဓာတ်တွေ တဗုန်းဗုန်းကျပြီး သေစေချင်လို့လား မသိ။ အခက်ဆုံးဘာသာကို သုံးဘာသာတွဲမှာ ပြဌာန်းထားတယ်။ ရိုးရိုးသားသား ဝန်ခံတာ ဆန်းကို တစ်လုံးမှ နားမလည်ခဲ့ပါဘူး။ ဟာ ဟ အတော်တော်သကွာ။
၅။ ယမိုက်ဘာသာ
အထက်ယမိုက်အကုန်။
ငါးဘာသာမြောက်က ယမိုက်တဲ့။ ရရင် မိုက်တယ်။ မရရင်လည်း မိုက်ပါတယ်။ ညဝါလို့လည်း ခေါ်တယ်။ ညအခါ မှောင်နဲ့မည်းမည်း ဆရာပြောနေတာကို နားထောင်ရင်း သဘောပါက်အောင် နှုတ်ကဆိုလိုက် စဉ်းစားလိုက် လုပ်ရတဲ့ဘာသာ။ တိဗက်ဘုန်းကြီးတွေ ဒီဗိတ်လုပ်ပြီး သင်တဲ့ မဟာယာနစာသင်နည်းနဲ့ နည်းနည်းဆင်တယ်။ ယမိုက်ဆိုတာ အဘိဓမ္မာခုနှစ်ကျမ်းထဲက တစ်ကျမ်းအပါအဝင်။ ဘုရားသော်မှ နတ်သားတွေကို အဘိဓမ္မာတစ်မျိုးထဲ မေဂျာဆပ်ဘဂျက်(major subject) အနေနဲ့ သုံးလတိတိဟောမှ နားလည်တာကြီးကို လူသားတွေကို လာပြီး ငါးဘာသာမြောက်အနေနဲ့ ပြဌာန်းထားတာ။ အခြေခံ မခိုင်ရင် ဘာတွေပြောနေမှန်း မသိတဲ့ ဘာသာကြီး။ ကျက်ခွဲသင့်တဲ့ဟာ ကျက်ခွဲ မှတ်ခွဲသင့်တဲ့ဟာ မှတ်ခွဲပြီး အောင်တော့ အောင်လာတာပဲ။
၆။ပဋ္ဌာန်းဘာသာ
ကုသလတိက်အကုန်။
ခြောက်ဘာသာမြောက်က ပဋ္ဌာန်းတဲ့။ ကြည့်ဖတ်ရတာကို အတော်ခက်ခဲတဲ့ ဘာသာကြီးပါ။ ဘာတဲ့ တောထွက်ကြီးတစ်ပါးက ဖတ်ကြည့်တယ်ဆိုလားပဲ။ အဒုက္ခ မသုခါယ ဝေဒနာယကို အဒုက်ခမ သုခါယတဲ့။ နားမလည်လို့ကတော့ ကြည့်ဖတ်ရတာကို အတော်အသံထွက်မှားတဲ့ ဘာသာကြီး။ ပဋ္ဌာန်းကို လေ့လာတဲ့အခါ မူရင်းအကျဆုံးနည်း နှစ်နည်းရှိတယ်။ သင်္ဂြိုဟ်နည်းရယ်။ သုံးချက်စုနည်းရယ်။ သင်္ဂြိုဟ်ဆိုတာ ယမိုက်ပဋ္ဌာန်းရဲ့ အခြေခံမျှသာ ရှိသေးတာ။ သင်္ဂြိုဟ်အကြောင်းပြောခဲ့ပြီးသားဆိုတော့ ဘယ်လောက်ခက်တယ်ဆိုတာ ရိပ်မိလောက်ပါတယ်။ ကြည်ရတဲ့ စာအုပ် မထူတယ် ထူတယ်ဆိုတာကို သိချင်ရင် စကားပုံသာ မှတ်ထားဗျာ။ အုပ်ကန်ပဋ္ဌာန်း ခေါင်းအုံးကျမ်းတဲ့။
၇။ ဇာတကဘာသာ
ဇာတ်အကုန်။
မပြီးသေးဘူးဗျ တစ်ဘာသာကျန်သေးတယ်။ ဇာတက ခေါ် ဇာတ်တဲ့။ ဆယ်တန်းမြန်မာစာနဲ့ နည်းနည်းဆင်တယ်။ အရင်ကတော့ ဇာတ်ဘာသာအစား မြန်မာစာကို ပြဌာန်းတာပါ။ ဒါကြောင့် မြန်မာစာအရေးအသားတိုးတက်စေလိုလို့ ဇာတကကို ပြဌာန်းထားတာပါ။ ပါဠိအသွားအလာကို သဘောမပေါက်သူဆိုရင် မူရင်းပုံနှိပ် စာလုံးအကြီးကြီးတွေကြားမှာ ခဲတံနဲ့ စာလုံးပိစိညှောင့်တောင့်လေးတွေ ရေးပြီး မှတ်ပေရော့။ ဖတ်ပေရော့။ ကျက်ပေရော။ အလုပ်က နှစ်ခါရှုပ်တယ်။ ပါဠိကို မြန်မာလို နားလည်အောင် အရင်ကြိုးစားရတယ်။ ပြီးရင် ဇာတ်တော်ကြီးတစ်ခုလုံးကို မှတ်ထားရတယ်။ အချောင်နှိုက်မယ် မကြံနဲ့ မရဘူးဗျ။ မြန်မာပြန်ကောက်ဖတ်ပြီး ရွှီးမယ် မကြံနဲ့။ ပါဠိလိုက မေးသေးတာ။ ဇာတကဘာသာမှာ ကိုရင်တစ်ပါး ဘာသာပြန်ဖတ်ပြီး ရွှီးပုံကို သဘောကျလို့ ရေးလိုက်ပါဦးမယ်။
မေးထားတဲ့ မေးခွန်းက “သုဝဏ္ဏသာမ မျှားဆိပ်သင့်ပုံကို သင့်စကားဖြေဖြင့် အကျဉ်ချုပ်ရေးပါ”တဲ့။ ကြားဖူးနားဝရှိတာဆိုတော့ ဖြီးရဖျန်းရတာ လွယ်ပါတယ်။ အဲဒီမေးခွန်းကို ကိုရင်လေး အကျဉ်းချုပ်ရေးလိုက်ပုံက
“ဝှီး.................... ဒုတ်..................................... အား”
ဒီတော့ ပထမပြန်စာမေးပွဲ အောင်ချက်ကောင်းလာအောင် ပြင်သင့်တာတွေလို့ ထင်မိတာပေါ့လေ။ ဒီစာရေးနေသူက ပညာရှိလည်း မဟုတ်ပါဘူး။ ပညာရှင်ပါ။ ရှိတဲ့ ပညာလေးကိုပဲ မသေအောင် ရှင်သန်နေအောင် အသဲအသန် အကြံအဖန်ထုနေရတဲ့ ပညာရှင်အောင်လုပ်နေရတဲ့ ပညာရှင်ပါ။ ဒါကြောင့် ကြိုးစားပြီး ချဉ်းကပ်ကြည့်တာပါ။
ပထမပြန်စာမေးပွဲ အောင်ချက်ကောင်းလာအောင် အနာဂါတ်သာသနာ့မျိုးဆက်လေးတွေ စိတ်ဆင်းရဲမှုအပေါင်းမှ ကင်းဝေးရလေအောင် ပြင်သင့်တာတွေက
(၁)ပါချုပ်ဆရာတော်ကြီး ပြောသလို ပုစ္ဆကအာဘော်တွေ ပြောင်းရမယ်။
(၂) ဦးသီ ပြောသလို စာသင်သားတွေကလည်း ပါးပါးလေးပိုကြိုးစားကြည့်သင့်တယ်။
(၃) နောက်ဆုံး အထက်ကရေးခဲ့သလို ပြဌာန်းစာတွေများလွန်းတယ်။ ကလေးတွေဦးနှောက်နဲ့ မဆန့်ဘူး။ ပြဌာန်းစာတွေ ထက်ဝက်နီးပါး လျှော့ချသင့်တယ်။
ဒီနှစ် ပထမကြီးတန်း အောင်စာရင်းမှာ
ပထမကြီးတန်းဖြေဆို = ၁၄၁၁၀ (တစ်သောင်းလေးထောင်တစ်ရာ့တစ်ဆယ်)
အောင် = ၁၂၇၁ (တစ်ထောင့်နှစ်ရာခုနစ်ဆယ့်တစ်)
အောင်ချက်ရာခိုင်နှုန်း = ၉.၀၁
ပထမလတ်တန်းဖြေဆို= ၁၃၉၂၃ (တစ်သောင်းသုံးထောင်ကိုးရာ့နှစ်ဆယ့်သုံး)
အောင် = ၂၁၃၃ (တစ်ထောင့်တစ်ရာ့သုံးဆယ့်သုံး)
အောင်ချက်ရာခိုင်နှုန်း = ၁၄.၅၁
ပထမငယ်တန်းဖြေဆို = ၂၃၅၉၈ (နှစ်သောင်းသုံးထောင်ငါးရာကိုးဆယ့်ရှစ်)
အောင် = ၃၄၂၅ (သုံးထောင့်လေးရာနှစ်ဆယ့်ငါး)
အောင်ချက်ရာခိုင်နှုန်း = ၁၄.၅၁
စုစုပေါင်း ဖြေဆို = ၅၁၆၃၁ (ငါးသောင်းတစ်ထောင့်ခြောက်ရာသုံးဆယ့်တစ်)
အောင် = ၆၈၂၉ (ခြောက်ထောင့်ရှစ်ရာနှစ်ဆယ့်ကိုး)
အောင်ချက်ရာခိုင်နှုန်း = ၁၃.၂၃
မနက်က ကျောင်းအမကြီးလာတယ်။ သူ့မှာ သားပဇင်း ခုနှစ်ပါးရှိသတဲ့။ တစ်ပါးမှ မအောင်ဘူးတဲ့။ မျက်ရည်တွေကျနေတယ်။ ကိုယ့်ရှေ့လာငိုနေတာဆိုတော့ ရွှေထွန်းစကား ငှားပြောရရင် “ဘာ ကြောယို့ ကြောရမှန်း သိ ဝူး ယိုး”။ ကျောင်းအမကြီးကို မပြောဖြစ်ပေမဲ့ ဒူးနာသား ဒူးမနာသား ဦးဇင်း ကိုရင်တို့ရဲ့ သာသနာ့နွယ်ဝင် မိခင်ဖခင်တွေ စိတ်မပျက်ကြပါနဲ့။ ဘာကြောင့်ကျတယ်ဆိုတာ အထက်မှာ အကြောင်းသုံးမျိုး ပြခဲ့ပါပြီ။ ကိုယ့်ဦးဇင်း ကိုယ့်ကိုရင် စာမေးပွဲကြတာက မီးကုန် ယမ်းကုန် တအားကြီး မကြိုးစားသေးလို့ ဆိုတဲ့ အကြောင်းက ကျခြင်းအကြောင်းသုံးမျိုးထဲကမှ တစ်ခုသော အကြောင်းရယ်ပါ။ အခြားအကြောင်းနှစ်ခုကတော့ စားမေးပွဲကြောင့်ပါ။ မဆူပါနဲ့။ မငေါက်ပါနဲ့။ ဘုရားစကားတော်တွေပါ။ အောင်သည်ဖြစ်စေ။ ကျသည်ဖြစ်စေ။ စာသင်သား ကိုရင်ဦးဇင်းတွေဆိုတာ သုတဗုဒ္ဓလေးတွေ။ စာတစ်လုံး ဘုရားတစ်ဆူဆိုရင် သူတို့ရင်ဘတ်ထဲမှာ လှည်းဝင်ရိုးသံ တညံညံထက် ကိုးဆယ်ဆ သာပါတယ်။
အားမငယ်ကြပါနဲ့။ စိတ်မပျက်ကြပါနဲ့။ နေကြာစေ့ထုတ်ထဲက ကံစမ်းမဲ စာရွက်အတိုင်းပြောရရင် “Please Try Again” နောက်တစ်ကြိမ်ပေါ့ဗျာ။ အေးဆေးပေါ့။ မသေမချင်း ကြိုးစားစမ်းပါလိမ့်။
ရွှေဘိုမြင်းတွေတော့ မလုပ်ကြနဲ့။ ရိုးရိုးသားသား ကြိုးစားလို့ စာမေးပွဲ မအောင်တာက မအောင်သေးခင်အထိပဲ မင်း စိတ်ဆင်းရဲရမှာ။ အောင်ပြီးသည်ကနေ သေသည်အထိ မင်း စိတ်ချမ်းသာရလိမ့်မယ်။
အဲ မရိုးမသားလုပ်ရင်တော့ အထက်ကနဲ့ ပြောင်းပြန် အောင်စာရင်းထွက်တဲ့ တစ်ရက်လေးပဲ စိတ်ချမ်းသာလိုက်ရပြီး အောင်သည်ကနေ သေသည်အထိ မင်း နောင်တတွေနဲ့ ပူပန်နေရလိမ့်မယ်။ အကုသလာ သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာတဲ့။ ဘုရားစကား မမှားလောက်ဘူးဟ။
ရိုးရိုးသားသား ကြိုးစားခဲ့ရင် စားမေးပွဲ ကျခဲ့ရင်တောင် မင်းမှာ လူသားဆန်တဲ့ စိတ်ဓာတ်လေး ကျန်ပါသေးတယ်။ ကုသလာ အနဝဇ္ဇသုခဝိပါကလက္ခဏာတဲ့။ စွမ်းအားရှိသလောက် ကြိုးစားကြည့်တာပေါ့။ ဘာမှ ဖြစ်မလာတော့လည်း သပိတ်တစ်လုံး သုံးထည်သောသင်္ကန်းနဲ့ တောထွက်ကြတာပေါ့ကွာ။ အဲသလိုသာတွေး ဘယ်သောအခါမှ စိတ်ဓာတ်မကျဘူး။
.
credit
အရှင် စန္ဒမုခ
No comments:
Post a Comment