Wednesday, June 15, 2016

နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသမှ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) မတည်လှူဒါန်းသော ပညာပါရမီ တက္ကသိုလ်တွင် သင်တန်းဆင်း လက်မှတ်ချီးမြှင့်

နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသမှ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) မတည်လှူဒါန်းသော ပညာပါရမီ တက္ကသိုလ်တွင် သင်တန်းဆင်း လက်မှတ်ချီးမြှင့်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ ဘုံဘေ ကျောင်းတိုက်တွင် ဖွင့်လှစ်ထားသော ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ မိသားစု မတည် လှူဒါန်းထားသည့် ပညာပါရမီ တက္ကသိုလ်တွင် အင်္ဂလိပ်စာ (4 Skills) သင်ကြားနေသော ရဟန်းသံဃာများအား နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ၊ အဘိဓဇ မဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးက မတ်လ ၁၈ ရက် နံနက် ၆း၃၀ တွင် သင်တန်းဆင်း လက်မှတ်များ ကြွရောက်ချီးမြှင့် ပေးခဲ့သည်။

အဆိုပါ ဘုံဘေကျောင်းတိုက်ရှိ ပညာပါရမီ တက္ကသိုလ် အဓိပတိ ဆရာတော်မှာ မဟနဥက္ကဋ္ဌ ဗန်းမော် ဆရာတော် ဖြစ်ပြီး ကျောင်းအုပ်ဆရာတော်မှာ တာမွေမြို့နယ် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ဇနိတက တာဝန်ယူကာ သင်တန်းမှူး ဆရာတော်မှာ ဒေါက်တာအရှင် ပညိန္ဒဖြစ်ပြီး အဓိကဦးဆောင် တည်ထောင်သူမှာ နိုင်ငံတော် သမ္မတရုံး အကြံပေး၊ သာသနာရေး ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအံ့မောင်ဖြစ်သည်။

ဗန်းမော်ဆရာတော်က သင်တန်းသားသံဃာ ၁၇ ပါးအား သင်တန်းဆင်းလက်မှတ် မပေးအပ်ခင် သင်တန်း သားများ၏ အင်္ဂလိပ်စာ စွမ်းရည် စစ်ဆေးရာတွင် သင်တန်းသားများက အင်္ဂလိပ်ဘာသာဖြင့် ဘုရားရှိခိုးခြင်း၊ အနေကဇာတင်ခြင်း၊ မေတ္တသုတ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း များကို ဆောင်ရွက်ပြသခဲ့ပြီး ဗန်းမော်ဆရာတော်မှ သြ၀ါဒစကား မိန့်ကြားကာ သင်တန်းသား သံဃာတော် တစ်ပါးချင်းစီအား ဗန်းမော်ဆရာတော် ကိုယ်တိုင် လက်မှတ်ရေးထိုး ထားသော သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ ကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ၃ ကြိမ်ရွတ်ဆိုခဲ့ပြီး ရုပ်သိမ်းခဲ့သည်။

ဗန်းမော်ဆရာတော်က သင်တန်းသား သံဃာတော်များအား သြ၀ါဒကထာ မိန့်ကြားရာတွင် ““တစ်နှစ်ထက် တစ်နှစ်နည်းပြီးတော့ နောက်တစ်ခါလာမယ့် ကိုရင်များလည်းပဲ နည်းနေတယ်။ သာသနာမှာ ဒီအတိုင်း ဆိုရင်တော့ တဖြည်းဖြည်း ဆုတ်ယုတ်ပြီးတော့ ကွယ်ပျောက်သွားနိုင်တယ်။ မကွယ်မပျောက်အောင် ခင်ဗျားတို့ ကြိုးစားပြီးတော့ သင်ကြားပို့ချတဲ့ စာတွေနဲ့ ကြိုးစားပြီးတော့ သင်ကြရမှာပဲ။ သင်ရုံတင်မကဘူး၊ တတ်ပြီဆို တော့ သာသနာပြုဖို့ စိတ်ဓာတ်တွေနဲ့ အပြည့်အ၀ထား၊ သာသနာနဲ့ ကြုံကြိုက်ဖို့လည်း ခဲယဉ်းတယ်။ ကိုယ် သာသနာ့ဘောင်ဝင်လို့ ရဟန္တာတွေ ဖြစ်ဖို့လည်း ခဲယဉ်းပါတယ်။ ခဲယဉ်းတာတွေကို အကျိုးရှိရှိလေး သုံးစွဲပြီး တော့ သာသနာကို ကြိုးစားပြီးတော့ ပြုကြပါ။ အခု မြန်မာအရှင်ဘုရားတို့ သင်တယ်။

ပေါရာဏ၊ ပါဠိသင်တယ်၊ အင်္ဂလိပ်သင်တယ်၊ တချို့စကားတွေကျတော့ နည်းနည်းပါးပါးလေး တူမယောင် လေးနဲ့ ကွဲသွားတာပါ။ ဥပမာအားဖြင့် အင်္ဂလိပ်ဆိုရင်လည်း September ဆိုရင် သတ္တမ လို့ “သ” ကို “စ” လို့ ထွက်တယ်။ စက်တင်ဘာ၊ ဒီဇင်ဘာဆိုရင်လည်း ဒသမပဲ။ ၁၀ လမြောက် အရင်တုန်းက အင်္ဂလိပ်တွေမှာ တစ်နှစ်မှာ ၁၀ လပဲရှိတယ်။ နောက် ကျမှ ဗေဒင်ပညာတွေ။ အာကာသပညာတွေ တိုးတက်လာတော့ တစ်နှစ်မှာ ဆယ်လမဟုတ်ဘူး။  ဆယ့်နှစ်လလို့ ပြောင်းလိုက်တာ။ အရင်တုန်းကတော့ သူတို့က “ဒစမ” ဒီဇင်ဘာ ဆုံးသွားတယ်။ နှစ်ကုန်ပြီ ဖြစ်သွားတယ်။ စကားလုံးလေးတွေ တစ်ခုနဲ့တစ်ခု သဘောပေါက်သွားရင် လွယ်သွားပါတယ်။ တပည့်တော်တို့ ဗမာစကားဆိုရင်လည်းပဲ ပုဂံဆိုရင် ရှေးတုန်းက ပျူဂါမလို့ဖတ်တယ်။ ပျူလူမျိုးတို့၏ ဂါမကရွာ၊ ပျူနံဂါမောပျူဂါမော ပျူလူမျိုးတို့၏ရွာ၊ ပျူဂမ်၊ ဂမ်မ၊ နောက်က “မသတ် ”လိုက် တော့ဂမ်လို့ ဖြစ်လာတယ်။ ပျူဂမ်၊ ပျူဂမ် ကနေပြီးတော့ ပူဂမ်၊ ပူဂမ် ပုဂမ်ကနေ ပုဂံလို့ဖြစ်လာတယ်။ အဲဒီလို ရွှေတိဂုံ ဆိုရင်လည်း ရွှေကတော့ ဗမာစကား၊ တိဂုံက တိသုံး၊ ဂုံမကချုံပုတ်၊ ချုံပုတ် ၃ ခုရှိတာ။ ချုံ ပုတ် တစ်ခုက ကကုသန်ဘုရားရဲ့ စေတီနေရာ ချုံပုတ်ဖြစ် တယ်။ နောက်တစ်ခုက ကောဏဂုံမြတ်စွာ ဘုရားရဲ့ စေတီနေရာ ချုံပုတ်၊ နောက်တစ်ခုက ကဿပဘုရားရဲ့ စေတီနေရာ ချုံပုတ်ဖြစ်နေတယ်။ ချုံပုတ် ၃ ခုမို့လို့ တိဂုံမ၊ တိဂုံ၊ ဂုံကတော့ နောက်ကနေ အသတ်သတ်လိုက်တော့ ဂုံ၊ တိဂုံဆိုတာ ချုံပုတ် ၃ ခု၊ အဲဒီနေရာမှာ တပည့် တော်တို့ဘုရားရဲ့ ဆံတော်တွေ ရောက်လာတော့ ဘယ်နေရာ ဘုရားတည်မလဲဆိုတော့ တိဂုံသွား တယ်။ ချုံပုတ် ၃ ခုနေရာတည်ပါလို့ ပြောတယ်။ တိဂုံပါဘုရား၊ ချုံပုတ် ၃ ခု တိဂုံ၊ ရွှေလေးထည့်လိုက်တော့ ရွှေတိဂုံ၊ အဲဒီလိုဖြစ်တယ်။ စကားတစ်ခုနဲ့တစ်ခု အချို့ကလေးတွေ အဆက်အသွယ်လေးတွေ သိအောင်ပေါ့။ အရှင်ဘုရားတို့ ကြိုးစားကြပေါ့ဗျာ။ ကြိုးစားပြီးတော့ ကိုယ်တတ်လာပြီဆိုရင်လည်း ကိုယ့်သာသနာ ကျေးဇူးဆပ်တဲ့ အနေနဲ့ ကျေးဇူးပြုကြပါ။ ကျေးဇူးပြုမှ သာသနာ အရှည်တံ့မှာဗျ။ နို့မို့ဆိုရင် အခုကမ္ဘာပေါ်မှာ ဗမာပြည် အများဆုံးပဲ ထိုင်းက ဒုတိယလောက်၊ ထိုင်းမှာ အခုမွတ်ဆလင်တွေ တောင်ပိုင်းက မလေးရှားက ၀င်ပြီးတော့ လက်နက်ခက်နေပြီလို့ ပြောတယ်။ ထိုင်းရဲ့ပါမယ်ဆိုရင် တပည့်တော်တို့ ဗမာပြည် လာနိုင်တယ်။ ဗမာပြည်လည်းပဲ ခရစ်ယာန်တွေ၊ မွတ်ဆလင်တွေက ၀တ်နည်းတွေ ဘာတွေလည်း တဖြည်းဖြည်းချဲ့လာ တယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာကိုလည်း နှိမ်နင်းတယ်။ တပည့်တော်တို့ ကြံ့ကြံ့ခံနိုင်တဲ့ ဇွဲသတ္တိ လုံ့လရှိဖို့ လိုပါတယ်ဗျ။ သူတို့နှိမ်တယ်ဟေ့ ဆိုပြီးတော့ ထွက်မသွားကြနဲ့။ သာသနာကို ကိုယ်ပြုမယ်လို့ ဆိုပြီးတော့ ကြိုးစားပြီးတော့ ပြုနိုင်ကြပါစေ”” ဟု မိန့်ကြားတော်မူခဲ့သည်။

တာမွေမြို့နယ် ဘုံဘေကျောင်းတိုက် တွင် ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်ထားသော ပညာပါရမီ တက္ကသိုလ် အင်္ဂလိပ်စာ (4 Skill) သင်ကြားရေး အစီအစဉ်ကို မည်သည့် ဓမ္မာစရိယအောင် သံဃာမဆို တက်ရောက်နိုင်ပြီး သင်တန်းကာလ ၃ လခွဲကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးမြောက်၍ အောင်လက်မှတ်ရရှိပြီးပါက အိန္ဒိယနိုင်ငံ၊ ဘုံဘေတက္ကသိုလ်နှင့် အခြားနိုင်ငံခြား တက္ကသိုလ်များသို့ တက်ရောက်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေး ထားကြောင်း၊ ဘုံဘေကျောင်းတိုက် ပညာပါရမီတက္ကသိုလ် သင်တန်းမှူး ဆရာတော် ဒေါက်တာ ပညိန္ဒက မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။  

ရဲရင့်ထွန်း(ပုသိမ်)

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

No comments:

Post a Comment