ကချေသည် အချောအလှကို နှမြော တသ,နေသူ
မြတ်ဗုဒ္ဓသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏၊ ထိုအချိန် ဗိမ္ဗိသာရမင်းကြီး၏ ပိုင်နက် နယ်တခွင်တွင် သူပုန်သောင်းကျန်းမှု ပေါ်ပေါက်ရာ မင်းကြီးက အဘယမင်းသားကို သူပုန်မနှိမ်နှင်းရန် လွှတ်လိုက်၏၊ အဘယမင်းသားသည် သောင်းကျန်းသူတို့ကို အချိန်အနည်းငယ်အတွင်း သုတ်သင်ရှင်းလင်းပြီး အောင်လံတလူလူ လွှင့်ထူပြန်ရောက်ခဲ့ရာ မင်းကြီး လွန်စွာနှစ်သက်အားရာတော်မူသည်၊ သူမတူအောင် ချောမောလှပသော အကကောင်း အဆိုကောင်း ကချေသည်မ တဦးကို ပေးကာ ထီးနန်းစည်းစိမ် ၇-ရက် ခံစားစေတ်ာမူ၏၊ အဘယမင်းသားသည် အဖောအပေါင်းများနှင့် စိတ်တိုင်းကျ ပျော်စံရွှင်မြူးနေခိုက် နောက်ဆုံးနေ့တွင် ကချေသည်မသည် သီဆိုကပြနေစဉ်ပင် လေသင်ဓုတ်ခတ်သဖြင့် မတ်ရပ်မှ လဲကျသေဆုံးသွားလေသည်၊ အဘယမင်းသားသည်လည်း ဖျပ်ဖျပ်လူး ပူဆွေးဒုက္ခရောက်ကာ အရူးပမာ ဖြစ်သွားလေသည်၊ စိတ်သက်သာမှုရရန် မြတ်ဗုဒ္ဓထံချဉ်းကပ်၍ တရားနာယူကာ ဗုဒ္ဓက-မင်းသား ဤသို့ သေခြင်းကြောင့် သင်ကျခဲ့ရသော မျက်ရည်သည် သံသရာ၌ အတိုင်းအဆမရှိ၊ များပြားလှပြီ၊ ဤခန္ဓာကိုယ်သည် နှစ်သက်ဖွယ်မရှိ၊ ဟု အောက်ပါဂါထာကို ဟောတော်မူသည်။
ဧထ ပဿထိမံ လောကံ ၊ စိတ္တံ ရာဇရထူပမံ ။
ယတ္ထ ဗာလာ ၀ိသီဒန္တိ ၊ နတ္ထိ သင်္ဂေါ ၀ိဇာနတံ ။
ဆန်းဆန်းကြယ်ကြယ် ရတနာမျိုးစုံဖြင့် ခြယ်အပ်သော မင်းစီးရထားကဲ့သို့ ( ၀တ်စားတန်ဆာ ရတနာဖြင့် ဆင်ယင်အပ်သော ခန္ဓာကိုယ်တည်းဟူသော ) ဤလောကကို ကြည့်ပါလော့။
တရားမလိုက် အမှားကြိုက်သည့် သူမိုက်တို့သည် ခန္ဓာကိုယ်တည်းဟူသော ဤလောက၌ စွဲလမ်းနစ်မြုပ်ကြကုန်၏၊ ပညာရှိတို့ကား ဤခန္ဓာကိုယ်ကို နှစ်သက်စွဲလမ်းဖြင်း မရှိ။
( ဆောင်ပုဒ် )
ထူးခြားခြယ်လှယ်၊ ဆန်းကြယ်ပြင်ဆင်၊ မင်းလျှင်စီးသွား၊ ထိုရထားသို့၊ ထွေပြားဆင်သ၊ မွမ်းမံရသည့်၊ ငါးဝခန္ဓာ၊ ဤလောကာကို၊ သေချာစေ့ငု၊ ကြည့်ရှုကြလော့။
မိုက်လှသူသာ၊ ဤခန္ဓာကို၊ တွယ်တာနှစ်သက်၊ စွဲစုံမက်၏၊
လေးနက်မြင်သိ၊ ပညာရှိကား၊ ဖောက်ပြားလွယ်စွာ၊ ဤလောကာကို၊ တွယ်တာမကပ်၊ အာသာပြတ်၏။
( လောက၀ဂ်၊ အဘယရာဇကုမာရ ၀တ္ထု )
No comments:
Post a Comment