Tuesday, June 21, 2016

အနှောင်ဖွဲ့ကြားက တို့သောတုဇန

အနှောင်ဖွဲ့ကြားက တို့သောတုဇန
****************************
တစ်နေ့၌ (၇)နှစ်သား ကိုရင်လေးတစ်ပါး ငိုနေတယ် ကြားလို့ ဦးဇင်းသွားပြီးမေးတယ်။ဘာလို့ငိုနေတာလည်း ကိုရင်လေး
"ကားသေးသေးလေး တစ်စီးလိုချင်တယ်တဲ့လေ"ဆွမ်းခံကြွ
တုန်း တကာမရဲ့သားလေး ကားသေးသေးနဲ့ဆော့နေတာ သူ
မြင်ခဲ့တယ်တဲ့။ကျွန်ုပ်တောင်မျက်ရည်ဝဲမိတယ်။သြော်-မိဘရင်ခွင်မှာ နွေးထွေးစွာနေရမယ့်အရွယ်မှာ သာသနာ့
ဘောင်ထဲမှ ကြမ်းပိုးကိုက် ခြင်ကိုက် မိုးရေတွေကြားထဲမှာ
သင်္ကန်းတွေစိုရွှဲလို့ ဆောင်းတွင်းဆိုလည်းစောင်တစ်ခြား လူ
တစ်ခြား စောင်ထခြုံပေးမဲ့သူမရှိနဲ့ပေါ့။

ကိုရင်လေးဘာမှအားမငယ်နဲ့ ဦးဇင်းမှာဖိနပ်ဝယ်ဖို့ တကာမလှူ
ထားတဲ့ ပိုက်ဆံ(5000)ရှိတယ် လာဈေးကသွားဝယ်ရအောင်
ဆိုမှ အငိုတိတ်သွားလေရဲ့။
******************************************************
သာသနာ့ဘောင်ထဲမှာ ဆင်းရဲလှစွာ ဝန်ထမ်းနေကြတဲ့သာသ
နာ့ဝန်ထမ်းလေးတွေ မနက်(4)နာရီကတည်းကထ၍ ဖိနပ်မပါ
ခြေဗလာဖြင့် စီတန်းစွာဆွမ်းခံထွက်နေရတဲ့ စာသင်သားလေး
တွေ (6:30)ပြန်ရောက်၍ ဆွမ်းစားမလိုလုပ် ဟင်းပေါင်းတစ်
ခွက်နဲ့ အရိုးထုတ်ခဲ့တဲ့ နိစ္စဓူဝနေ့စွဲတွေ။

စာကျက် စာအံ သောင်းသောင်းညံစွာ စာပြန်အပြီး ငြိမ်းအေးစွာ
အိပ်မလိုလုပ်တုန်း တဝီဝီပျံသန်းအနမ်းပေးဖို့လာကြတဲ့ ခြင်ကျားကြီးတွေနဲ့ ပျဉ်းကြားတွေမှထိုးဖောက်လာတဲ့ ကြမ်းပိုး
တွေကြား ရဲရင့်စွာနေ့စဉ်တိုက်ခိုက်နေရတဲ့ တို့ဘဝတွေ---

ဥပုသ်တစ်ရက် လွတ်လပ်စွာအပြင်ထွက်ပြီးမွန်းကျပ်ပိတ်
လှောင်နေတဲ့ တို့ရဲ့စိတ်တွေကို ထွက်ပေါက်ပေးဖို့ကြံတက်
ကြပါတယ် သို့သော်---သံဃာဆိုအထင်သေးတဲ့ သံသယ
မျက်လုံးတွေ လူတောမတိုးရဲလောက်အောင် ပြောဆိုဆက်ဆံ
ကြတဲ့သူတို့ရဲ့ အသံဗလံတွေကြောင့် ကုတ်ကုတ်ကလေး ခေါင်းငုံ့ကာ ပြန်လာခဲ့ရတဲ့နေ့စွဲတွေလည်း အပ်ကြောင်းထပ်လှ
ပြီပေါ့။

ဒါပေမယ့် တို့စာသင်သားလေးတွေက မေတ္တာမပျက်ကြပါဘူး
ညဆိုရင်ထမင်းကျွေးတဲ့ ကျေးဇူးရှင်တွေကို မေတ္တာပို့ကြရှာတယ်။
သင်တို့ဘက်ကလည်း ကျွန်ုပ်တို့နည်းတူ နားလည်ခွင့်လွှတ်၍
သာသနာအတွက် ကိုယ်ကျိုးစွန့်ကာပေးဆပ်နေကြတဲ့
သောတုဇန(စာသင်သား) လေးတွေကို မေတ္တာထားနိုင်ခဲ့ရင်
အဘယ်မှာ သာသနာကွယ်အံ့နည်း----

သံသယမျက်လုံးတွေ အထင်သေးတဲ့မျက်လုံးတွေကြားမှာ ရှင်
သန်နေရခြင်းထက် ကိုယ့်ဒူးကိုယ်ချွန်ပြီး အပြင်လောကမှာဘဲ
ဘဝကိုရပ်တည်တော့မယ်လို့ မခံချင်စိတ်နဲ့ လူထွက်သွားကြရှာ
တဲ့ တို့စာသင်သားတို့ တို့ဘဝလေးတွေကို မင်းတို့အသိမို့
အပြင်ကနေပြီး အချုပ်နှောင်ကြားထဲက တို့ဘဝတွေကို မင်းမြင်
နိုင်ပါစေ မင်းတို့နားလည်နိုင်ပါစေ မင်းတို့ကယ်တင်နိုင်ပါစေ။

***မေတ္တာတရားတွေ ငတ်မွတ်နေတဲ့တို့ဘဝလေးတွေကို
မေတ္တာလေးများ မျှဝေပေးနိုင်ကြစေသား---***
===============================
မဇ္ဈိမ ခရီးသည် (ပြင်ရှည်မြေ)
20/3/2016/(sun)/9:15.pm./
===============================

No comments:

Post a Comment