Friday, June 10, 2016

``နေမ၀င် ရာဇ၀င်´´

``နေမ၀င် ရာဇ၀င်´´
--------------

လောကကြီးကို ခြုံငုံကြည့်လိုက်တဲ့အခါ လူ ၃-မျိုးရှိကြောင်း တွေ့ရတယ်။

၁။ လောကကြီးကို ဖျက်ဆီးတဲ့လူရယ်၊

၂။ လောကကြီးကို မှီခိုတဲ့လူရယ်၊

၃။ လောကကြီးကို အလှဆင်တဲ့ လူရယ် ဆိုပြီး ၃-မျိုးရှိတယ်။

လူဖြစ်လာခြင်းဟာ ကောင်းတာလုပ်ဖို့ပါပဲ။

တနည်းပြောမယ်ဆိုရင်တော့  အမှောင်ထုကို ဖျက်ဆီးပြီး ရောင်ခြည်သမ်းတဲ့ဘ၀ကို တည်ဆောက်ဖို့ပါပဲ။

မကောင်းတာလုပ်ဖို့ ဆိုရင် လူဖြစ်စရာတောင် မလိုဘူးလေ။ တိရစ္ဆာန်တွေ ကြည့်လိုက်ပါ။ မကောင်းတာမှန်သမျှ အကုန် လုပ်တတ်တယ်။ ခွေးကိုက်တတ်တယ်။ ကြောင်ခုတ်တတ်တယ်။ မကောင်းတဲ့အလုပ် ဆိုတာ သင်တန်းတက်စရာ မလိုဘူးလေ။ အလိုလို တတ်နေကြတာ။

ဒါကြောင့် လောကမှာ ``အပြောသင်တန်း´´ပဲ ရှိတယ်။ ``အဆဲသင်တန်း´´ မရှိဘူး။ ``ယဉ်ကျေးလိမ္မာ သင်တန်း´´ပဲ ရှိတယ်။ ``ရိုင်းစိုင်းယုတ်မာ သင်တန်း´´ဆိုတာ မရှိပါဘူး။

``အဖျက်သမား´´
-------------

တချို့လူများဟာ ကိုယ့်ဘဝကိုယ် ရောင်ခြည်သန်းဖို့ မကြိုးစားဘဲ မှောင်ရီပျိုးဖို့ ကြိုးစားနေကြလေရဲ့။

ဘာ့ကြောင့်လဲ၊ မိုက်တွင်းနက်သထက် နက်နေလို့ပါပဲ။ ငါ့ဖို့ပဲ သိတယ်။ သူ့ဖို့ မသိဘူး။ ရပေါက်ရလမ်းရှိရင် ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့လူစားမျိုး။ ကုန်ကုန်ပြောရရင် ယမမင်းကတောင် လက်လျှော့ရတဲ့ လူစားမျိုး။

လူ့စိတ်ဆိုတာ အခက်သား။ လောဘ၀င်လာပြီဆိုရင် သူများမျက်ရည်ကို ညှစ်ထုတ်ဖို့ ၀န်မလေးကြဘူးလေ။ သူများကို တွန်းချပြီးမှ နေရာယူတတ်တဲ့လူတွေ နေရာတိုင်းမှာ ရှိတတ်တယ်။

ကိုယ်နေရာရဖို့အတွက် တခြားသူများကို ပုတ်ခတ်၊ တခြားသူများကို ခြေထိုး၊ မဟုတ်သတင်းကို လုပ်ကြံတင်ပြီး  အမျိုးမျိုး လုပ်နေကြလေရဲ့။

အဖွဲ့အစည်းတွေမှာ အဲသလိုလူမျိုးတွေ့ရတယ်။ နေရာရတုန်းကတော့ ဒီအဖွဲ့ကြီးက မရှိမဖြစ်။ နေရာလဲ မရတော့ဘူးဆိုတဲ့အခါ အဖွဲ့ကြီးကို ရစရာ မရှိအောင် ပြောတော့တာပဲ။

မင်းသားမလုပ်ရတော့ ပတ်မကြီးထိုးဖောက်ဆိုတာမျိုးပေါ့။ အဲသလိုလူမျိုးတွေဟာ ကြောက်စရာ သိပ်ကောင်းတယ်။

ဒီလိုလူများဟာ လောကကြီးကို ဖျက်ဆီးဖို့ ရောက်လာတာပဲ။

တချို့ကျတော့ စိတ်ဓာတ် သိမ်ဖျင်းတာ။ ငါရရင်ပြီးရော၊ သူများတွေ ဘယ်လိုဖြစ်ဖြစ်ဆိုတဲ့ စိတ်ဓာတ်။

လမ်းဘေးရေအိုးစင်က သောက်ရေခွက်ကိုတောင် အိမ်ယူသွားတယ်။ စိတ်ဓာတ်က အဲသလောက်ထိ အောက်တန်းကျတာ။

ရေခွက်မရှိရင် နောက်လူတွေ ဘယ်လို သောက်မလဲဆိုတာ စဉ်းစားရမယ်။

  ရေခွက် တန်ဖိုးငွေက ဘာမှမများပေမဲ့  ရေခွက်မရှိရင် ရေသောက်လို့ မဖြစ်တော့ဘူးလေ။

တချို့ဆိုရင် အရိပ်ကောင်းတဲ့ လမ်းဘေးက သစ်ပင်ကို ခုတ်တယ်။ ထင်းလိုချင်လို့တဲ့။

သစ်ပင် မရှိသည့်အတွက် ခရီးသွားများ  နားခိုစရာ အရိပ်မရှိတော့။ ဒီတော့  နေပူဒဏ်ကို မရှုမလှ ခံကြရပါတယ်။

ရှိသေးတယ်။ အစားအသောက်များ၌ ဆိုးဆေးများ၊ ဓာတုဗေဒဆေးများ ထည့်တယ်။ အဲသလို ထည့်ခြင်းကြောင့် စားသုံးသူ လူထု ရောဂါမျိုးစုံ ဖြစ်ကြရတယ်။

လူထုအတွက် အစာလည်း အဆိပ်၊ အဆိပ်လည်း အစာပင် ဖြစ်သွားတယ်။
ထိုကဲ့သို့ သူများဟာလဲ အဖျက်သမားဟု ဆိုရမှာပဲ။

တချို့ရပ်ကွက်များ၌ တွေ့ရတယ်။လမ်းမြေ ၂ ပေ ၃ ပေထိ ယူ၍ ဆိုင်ခန်းဖွင့်ကြတယ်။ လမ်းနယ်က ကျဉ်းသွားတော့ လမ်းသွားလမ်းလာများ အဆင်မပြေကြဘူး။လမ်းကြောပိတ်ဆို့မှုကြောင့် လူအများ ဒုက္ခရောက်ကြတယ်။

မိမိကတော့ ဒါလေးတွေ သိနေသည့်အတွက် လမ်းမြေဆိုရင် နည်းနည်းမှ မရချင်ပါ။

မိမိကျောင်းတိုက် အုတ်တံတိုင်းခတ်စဉ်က လမ်းမြေကို တစ်လက်မမှ မပါဖို့၊ ပါခြင်းပါ ကိုယ့်မြေထဲကပဲ ပါပါစေဟု ပန်းရံဆရာကို ပြောခဲ့ပါတယ်။

ထောင့်ချိုးအကွေ့လေးမှာ  ကားများ အဆင်ပြေစေဖို့  ၄-ပေအထိ နောက်ဆုတ်ပေးခဲ့ပါတယ်။ မြေ ၄-ပေ ပါသွားလို့ ကိုယ့်အတွက် မသိသာပေမဲ့ လမ်းသွားလမ်းလာများ အဆင် ပြေသွားကြပါတယ်။ သူတို့လေးများ၏ ``သာဓုသံ´´လေးကို ကြားရတဲ့အခါ ကုသိုလ်ပီတိဟာ အနန္တ ဖြစ်ရပါတယ်။

လမ်းလယ်မှာ ဆိုင်ကယ် ကားရပ်သူ၊ လမ်းပေါ်မှာ အမှိုက်ပြစ်ကြသူများလည်း အများကို ဒုက္ခပေးနေကြတာပဲ။ တချို့ဆိုရင် အိမ်သာတက်ပြီး အညစ်ကြေးကို စင်ကြယ်အောင် မဆေးကြောလို့ နောက်လူများ ဒုက္ခဖြစ်ကြတယ်။ ခြုံပြောရလျှင် အများဆင်းရဲအောင် ပြုလုပ်သူမှန်သမျှ အဖျက်သမားပါပဲ။

``ဆန်ကုန်မြေလေး´´
--------------

တချို့လူများကျတော့ စားကာ သောက်ကာ ပျော်ကာပါးကာနှင့် အချိန်ဖြုန်းနေတယ်။ ကိုယ့်မိသားစု၊ ကိုယ့် ပတ်ဝန်း ကျင်အတွက် ဘာကောင်းကျိုးမှ မလုပ်ဘူး။ မှီခိုရုံသက်သက်ပဲ။

ကောက်ကျစ်ယုတ်မာတဲ့ အလုပ်မျိုးကိုတော့ မလုပ်ဘူး။ ဒါပေမဲ့ ကောင်းတဲ့အလုပ်ကိုလည်း ဘာမှ မလုပ်ပြန်ဘူး။
 
ငရဲမင်းအကြိုက်လဲ မလုပ်၊ သိကြားမင်းအကြိုက်လဲ မလုပ်ဘူးလို့ ပြောရမလိုပဲ။

ကူညီတဲ့စိတ်ကလည်း တစက်ကလေးမှ မရှိ။ လူတစ်ယောက် လဲကျသွားတာတောင် ထူဖော် မရ။ ဒီကြားထဲ ပြောလိုက်တဲ့စကားကလည်း နားဝမှာ မချမ်းသာ။

ခြေနှစ်ချောင်း မကယ်ကောင်းတဲ့၊

ဆင်းရဲသား မသနားနဲ့၊

အများအကျိုးဆောင် ကိုယ့်အကျိုးပြောင်တဲ့။

ဒီလိုလူတွေဟာ  လောကကြီးကို မှီခိုဖို့သက်သက် ရောက်လာတာ။ ဆန်ကုန်မြေလေးဆိုတဲ့ လူစားမျိုးတွေပါပဲ။

လူငယ်လေးတစ်ယောက် ရှိတယ်။ အသောက်အစားက အလွန်များတယ်။ မိဘတွေက ချမ်းသာတယ်။ လိုလေသေး မရှိ ပံ့ပိုးတယ်။ ဒါပေမဲ့ ဘာမှ မလုပ်ချင်ဘူး။ ဆယ်တန်းစာမေးပွဲကလည်း ၂-နှစ်ထိ ဖြေခဲ့သေးတယ်။ ဒါလည်း မအောင်ဘူး။

အဲဒီနောက် မိန်းမရတယ်။ အလုပ်လုပ်နိုင်ဖို့အတွက် မိဘတွေက အရင်းအနှီး ထုတ်ပေးတယ်။ လက်ကြောမတင်းတော့ အလုပ်ကလည်း မအောင်မြင်ဘူး။ ဒါပေမဲ့ အရက်ကတော့ ပုံမှန်သောက်တယ်။ ပိုက်ဆံကုန်ရင် မိဘတွေ ဆီ လှမ်းတောင်းတယ်။

နောက်ဆုံးတော့ အရက်ကြောင့် သေဆုံးသွားတယ်။ ကျန်ရစ်တဲ့သား သမီးတွေကလည်း မျက်နှာငယ်လေးတွေနဲ့။ 

``အရက်သမားရဲ့ သား၊ အရက်သမားရဲ့ သမီး´´ဆိုတဲ့ ဂုဏ်ပုဒ်လေးတွေကိုပဲ သားသမီးတွေအတွက် အမွေချန်ထားခဲ့ပါတယ်။

အမွေတော့ ချန်ထားခဲ့ပါရဲ့၊ ကောင်းမွေမဟုတ်ဘူး။ ဆိုးမွေ။ ဒီလိုလူတွေဟာ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးမပြုသူပါပဲ။

``အလှဖန်တီးရှင်´´

---------------

တချို့သူများကျတော့ တော်လိုက်တာ။ “လောကကြီးးသည် ငါ့အတွက် မဖြစ်စေရဘူး၊ ငါသည် လောကအတွက် ဖြစ်စေရမယ်”ဆိုတဲ့ ခံယူချက်ရှိသူတွေပါပဲ။

စိတ်ဓာတ်ကလဲ ဖြူစင်တယ်။  အလုပ်အကိုင် စင်ကြယ်တယ်၊ သူများ မျက်ရည်ကျ စေတဲ့ အလုပ်မျိုးဆိုရင် သေမင်းထက် ကြောက်တယ်။

``ကျုပ်ရဲ့လက်က ဒုက္ခိတများရဲ့ မျက်ရည်ကို သုတ် ပေးဖို့ပါ´´ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘ၀ကို တည်ဆောက်နေသူတွေပါ။  ဒီလိုလူများဟာ လောကကြီးကို အလှဆင်နေတဲ့ သူများပါပဲ။

ငယ်ငယ်တုံးကလည်း  စာကြိုးစားတယ်။ ဘွဲ့တွေ ရပြီးတဲ့အခါ လုပ်ငန်းခွင် ၀င်တယ်။ အလုပ်ကိုလည်း တစိုက်မတ်မတ် လုပ်တယ်။ အိမ်ထောင်ကျပြီးတဲ့အခါမှာလည်း မိသားစုတာဝန်ကျေတယ်။ မိဘတွေကိုလည်း ပစ်မထားဘူး။ ဒါ ကြွေးဟောင်းကိုလည်း ဆပ်နေတာပဲလေ။

နောက်ပြီးတော့ သားသမီးတွေကို ပညာတတ်ဖြစ်အောင် ၊ စီးပွားရေး လုပ်တတ်အောင် ပံ့ပိုးတယ်။ ကျောင်းကန်ဘုရား သွားရင်လည်း ခေါ်သွားတယ်။ လူမှုရေးရော ဘာသာရေးရော အကုန်လုံးသင်ပေးတာ။

ဒါ ကြွေးသစ်ကိုလည်း ချနေတာပဲ မဟုတ်လား။ ကိုယ်ကိုယ်တိုင်လည်း အမည်းစက် မရှိသလို သားသမီးတွေကိုလည်း လူ့တစ်လုံး သူတစ်လုံးဖြစ်အောင် မြေတောင်မြှောက်ပေး ခဲ့တယ်။

အများအတွက်ဆိုရင် လက်ကလည်း ဖြန့်ထားတာ။ နှုတ်ကလဲ ``ဘာကူညီရမလဲ´´တဲ့။ ရပ်ရေးရွာရေး သာရေးနာရေးကိစ္စတွေမှာ  လူအားရင်လည်း လုပ်အားဒါန၊ လူမအားရင်လည်း ငွေဒါန။

သူလည်း သေရော  ပတ်ဝန်းကျင်တစ်ခုလုံး ကမ္မဋ္ဌားန်ရိပ်သာကြီးလို ငြိမ်ကျသွားတယ်။ သူ့ကို ဂုဏ်ပြုကြတဲ့ လွမ်းသူ့ ပန်းခွေတွေဟာ  တောင်ပုံယာပုံ။ ၀မ်းနည်းသူတွေက တောင်ပြိုကမ်းပြိုပါပဲ။

လူသာသေပေမဲ့ နာမည်ကတော့ မသေ။

သူ့ရာဇ၀င်က ``နေမ၀င်ရာဇ၀င်´´။

သူ့သမိုင်းက ``နေမ၀င် သမိုင်း´´ ပါ။

ကဲ ဒီလိုဆိုရင် မိမိတို့လည်း . . . ။

-------------------သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment