Friday, June 10, 2016

ရုပ်ချောဖို့လိုသည်။

ရုပ်ချောဖို့လိုသည်။
......
သာသနာ့တက္ကသိုလ်ကို တက်ချင်လွန်းလို့ ဝင်ခွင့်တွေဖြေဖြစ်တယ်။ မန်းလေးကနေ ရန်ကုန်ကို မရှိမဲ့ရှိမဲ့လေးစုပီး ရန်ကုန်သာသနာ့တက္ကသိုလ်မှာ ဝင်ဖြေတယ်။ မအောင်ဘူး။ အောင်မြင်သွားသော သူငယ်ချင်းက ပြောတယ်။ သာသနာ့တက္ကသိုလ်တက်ရောက်နိုင်ဖို့က စာရရုံတင်မဟုတ် ရုပ်လည်းချောဖို့လိုတယ်ကွတဲ့။ အားငယ်လိုက်သည့်ဖြစ်ခြင်း....။

ဇွဲမလျှော့ခဲ့။ မန်းလေးသာသနာ့တက္ကသိုလ်ကို နောက်နှစ်တွင်ထပ်ဖြေသည်။ မသင်ခဲ့ရသော ဇာတ်တော်အကြောင်းတွေပါလာသည်။ မြန်မာစာနေရာတွင် ဇာတ်တော်အစားထိုးလိုက်သောစနစ်ကြောင့် ဘာဖြေလို့ဖြေရမည်မသိခဲ့။ မေးသည့်မေးခွန်းက သမ္မောဒမာနဇာတ်တော်ကို လေ့လာရသဖြင့် ရရှိသောသင်္ခန်းစာကိုရေးပါတဲ့။ သိထားသည်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဆိုတာ သိသိ မသိသိ ရရ မရရ ရေးတာရေးဟု ကြားဖူးထားသည်မို့ ထိုပုစ္ဆာကို အလွတ်မပေးခဲ့။

သမ္မောဒမာနဇာတ်ကိုလေ့လာရသဖြင့် ရရှိသောသင်္ခန်းစာမှာ တန်ဖိုးမဖြတ်နိုင်အောင်များပေသည်ဟု တိုရင်းလိုရှင်း ဖြေပြစ်ခဲ့သည်။ ငါကွ။ ဂေဇက်မျော်ရင်း သာသနာ့တက္ကသိုလ်အိပ်မက် မက်နေမိ။ ဂေဇက်ထွက်ပြီ။ သွားကြည့်သည်။ ကိုယ့်နာမည်ကို အစကနေအဆုံးထိရှာသည် မတွေ့။ တဖန် အဆုံးကနေ အစထိပြန်ရှာသည် မပါ။ ကျပြန်ပါပြီကွာဟူသော အားငယ်စိတ်နဲ့အတူ သူငယ်ချင်း၏စကားက နားထဲပြန်ကြားလာသည်။

သာသနာ့တက္ကသိုလ်တက်ရောက်ခွင့်ရဖို့ဆိုတာ ရုပ်ချောဖို့လည်းလိုတယ်ကွ....။ ဟုတ်လောက်တယ်ဟု သူ့အဆိုကို ထောက်ခံနေမိ။ ကျောင်းရောက်တော့ ဘာရယ်မသိ မှန်ထဲ ကိုယ့်ပုံကို စိုက်ကြည့်နေမိသည်။ ဆိုးလိုက်တဲ့ရုပ်။

နှစ်နှစ်မြောက်ကျရှူံးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲလာသည်။ မူလတန်း အငယ်တန်း အလတ်တန်း အကြီးတန်း မကျရှူံးပဲ နှစ်ပေါက်အောင်လာပြီး ဒီသာသနာ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကျမှ အရှူံးနဲ့ရင်ဆိုင်နေရသည်။ မကျေနပ်။ ကိုယ့်ဘာသာ ဝါနိမ်ပေးလိုက်သည်။ ဒီနှစ်ပြန်ဖြေမယ်။ အောင်ကိုအောင်ရမယ်။ လေ့လာသည်။ မှတ်သားသည်။ ပုစ္ဆာဟောင်းတွေဖတ်သည်။ ဇာတ်တော်တွေ အကုန်ဖတ်သည်။ မှတ်စုထုတ်သည်။

ရေးဖြေပါသလို လူတွေ့အင်တာဗျူးလည်းပါသည်မို့ လူတွေ့အင်တာဗျူးမဖြေခင် ခေါင်းကို သေချာရိပ်သည်။ ကွမ်းခဏဖြတ်သည်။ ဆေးလိပ်တစ်ပတ်ခန့် ဖြတ်သည်။ သင်္ကန်းအညိုရောင် သူငယ်ချင်းဆီက ငှါးဝတ်သည်။ တခါမှမတင်ဖူးသည် ပုခုံးတင် သူများဆီကငှါးပီး ပုခုံးပေါ်တင်ခဲ့သည်။ ရေးဖြေရော လူတွေ့အင်တာဗျူးရော အမှားအယွင်းမရှိ ကွက်တိ။

ဒီနှစ်မှမအောင်ရင် သေခန်းပြတ်ပဲ သာသနာ့တက္ကသိုလ်ရေ။ ဂေဇက်ထွက်ပြီ။ ကိုယ့်နာမည်ကို အစကနေဖြေးဖြေးခြင်းရှာသည်။ ဖျားဖျား။ စာတန်းဆုံးတော့မည်။ ဖျာဖျား။ ချွေးကမသိမသာပြန်လာသည်။

အောင်စဉ်အမှတ် ၇၀၊ အရှင်တေဇဝန္တ၊ သက်တော် ၂၄၊ အဖ ဦးဖိုးစီ။ ပါပြီဟေ့င့နာမည်။ ငါကွ၊ ငါကွ သာသနာ့တက္ကသိုလ်တက်ခွင့်ရပြီ။အောင်မြင်သောခြေလှမ်းများဖြင့် ကျောင်းကိုပြန်လာသည်။ မှန်ရှေ့ မသိမသာရပ်ပြီးကြည့်မိသည်။
အင်း..ချောပါတယ်ဟ.....

No comments:

Post a Comment