Sunday, June 19, 2016

" သမိုင်း ၃-မျိုး "

" သမိုင်း ၃-မျိုး "

လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကို
ရေးနေကြတယ်။
ဒါပေမဲ့ ဒေဝဒတ်သမိုင်းမျိုးတော့
မရေးမိစေဖို့ လိုအပ်လှပေသည်။
ဒေ၀ဒတ်သမိုင်းမျိုး ရေးမိရင်တော့
သားစဉ်မြေးဆက် အညွန့်တုံးသွားလိမ့်မယ်။
သမိုင်းသုံးမျိုး ရှိတယ်။

၁။ ဒေ၀ဒတ်သမိုင်း
၂။ အဂုင်္လိမာလသမိုင်း
၃။ ကဿပသမိုင်း

အတ္တကို ရှေ့တန်းတင်ပြီး လောကကြီးကို
ဖျက်ဆီးခဲ့သူမှန်သမျှဟာ ဒေ၀ဒတ်သမိုင်း ရေးနေသူလို့
မှတ်လိုက်ပါ။ ဒီကနေ့ ကမ္ဘာကြီးကို ကြည့်လိုက်။
ဘင်လာဒင်တို့လို အကြမ်းဖက်သမားတွေကြောင့်
လူသားတွေဟာ အေးအေးလူလူ မနေရတော့ဘူးလေ။

★ ဒေ၀ဒတ်သမိုင်း★
ဒေ၀ဒတ်သမိုင်းဟာ အစလည်း မကောင်းဘူး၊
အဆုံးလဲ မကောင်းဘူး။ အရှင်ဒေ၀ဒတ်ဟာ
ရဟန်းဝတ်လာပေမဲ့ မြတ်စွာဘုရားကို အမျိုးမျိုး
နှောက်ယှက်တယ်။ နောက်ဆုံးတော့ သေချင်းဆိုးနဲ့
သေရတာပဲ။ သေပြီးတော့လဲ ငရဲကျတယ်။
ဒါကြောင့် အစလည်းမကောင်း၊ အဆုံးလဲ မကောင်းဘူး။
ဒီလိုလူမျိုးတွေကတော့ ပြောမဆုံးပေါင်
တောသုံးထောင်ပါပဲ။ ငယ်ငယ်တုံးကလည်း
မကောင်းဘူး။ ကြီးတော့လည်း ဆိုးမြဲဆိုးဆဲပါ။
သံပုရာသီးများလို ကြီးလေချဉ်လေပါပဲ။
အဲဒီလိုလူစားမျိုးတွေဟာ ဒေ၀ဒတ်သမိုင်း
ရေးနေသူတွေပါပဲ။
ဒီလိုလူတွေဟာ လောကကြီးကို ဖျက်ဆီးဖို့
ရောက်လာတာပါပဲ။ ဒေ၀ဒတ်သမိုင်းရေးနေသူများဟာ
ငရဲမင်းရဲ့ စက်ကွင်းထဲမှာ လည်စင်းပြီးတော့ ခံပေဦးတော့။
ကိုယ့် အတွက်လဲ ဘာမှ မလုပ်နိုင်၊
မိသားစုအတွက်လည်း မလုပ်နိုင်။ ကောင်းတာဆိုလို့
ဘာတစ်ခုမှ လုပ်မသွားဘူးတဲ့။ အဲဒါ လူ့ငနွားပဲတဲ့။
ဒီလိုလူစားမျိုးတွေကြောင့် လောကကြီးဟာ
အကျည်းတန်နေတာ။

★ အင်္ဂုလိမာလသမိုင်း★
အင်္ဂုလိမာလသမိုင်းကျတော့ အစတော့ မကောင်းဘူး၊
ဒါပေမဲ့ အဆုံးကောင်းတယ်။ သူဟာ ကျောင်းသားအရွယ်မှာ
ဆရာရဲ့ အထင်အမြင်လွဲမှားမှုကြောင့်
သူ့ရဲ့သမိုင်းဟာ အမဲစက်ကျန်သွားတာ။
ဆရာက လူတွေ သတ်ခိုင်းတယ်လေ။
သူကလည်း ကျောင်းသားအရွယ်ဆိုတော့ ဘယ်သိမလဲ၊
ဆရာ့စကားကို အဟုတ်ထင်ပြီး လုပ်လိုက်တာ။
“လူသတ်သမားကြီး” ဖြစ်သွားတယ်။
အဲဒီလို လူသတ်ပြီး ဆိုးသွမ်းနေတဲ့အချိန်မှာ
ဘုရားမြတ်စွာနှင့်တွေ့တယ်။ မြတ်စွာဘုရားက
တရားဟောလိုက်တော့ အဂုင်္လိမာလဟာ
သူ့ရဲ့အမှားတွေကို သိသွားတယ်။ အမှောင်လမ်းမှာ
မီးရှုးတန်ဆောင်ထွန်းပေးလိုက်သလို ဖြစ်သွားတယ်။
သူဟာ အသိတရားတွေ ရလာတယ်။
သူ့ကိုယ်သူ ပြန်သုံးသပ်တဲ့အခါ မှားမှန်း သိသွားတယ်။

ဒါနဲ့ သံဝေဂရပြီး ရဟန်းဝတ်တယ်။ အဲဒီနောက်
တရားကျင့်လိုက်တာ ရဟန္တာကြီး ဖြစ်သွားတယ်။
မြတ်ဘုရားရဲ့ ဓမ္မကြောင့် အဂုင်္လိမာလရဲ့ ဓားကိုင်တဲ့ လ
က်ဟာ ငြိမ်းချမ်းရေးလက် ဖြစ်သွားတယ်။
အဲဒီလိုပဲ တချို့ကျတော့ ငယ်ငယ်တုံးကတော့ ဆိုးတယ်။
အသက်အရွယ် ရလာတော့ သံဝေဂတွေ ရလာပြီး
ဘုရားနဲ့တရားနဲ့ ဒီလိုဖြစ်လာတယ်။
``ဂေါပကလူကြီးတစ်ယောက်အကြောင်း´´
ဂေါပကလူကြီးတစ်ယောက်၊ သူ့အကြောင်းကို ပြောပြတယ်။
“ငယ်ငယ်တုန်းက မိုးလင်းကနေ မိုးချုပ်အထိ သောက်တယ်၊
စကားမျာတယ်၊ ရန်ဖြစ်တယ်”တဲ့။
တစ်ရက် သူငယ်ချင်းက ခေါ်တာနဲ့ ကျောင်းရောက်သွားတယ်။
တရားနာဖြစ်သွားတယ်။ စိတ်ထဲမှာ အငြိမ်းဓာတ်လေး
ရလာတယ်။ ဒါနဲ့ ကျောင်းကို
မကြာမကြာသွားပြီး တရားနာဖြစ်တယ်။
အဲဒီနောက် ကိုယ့်ကိုယ်ကို သုံးသပ်တယ်။

“ငါမဟုတ်သေးဘူး၊ ပြင်ဦးမှဘဲ”ဆိုပြီး စီးပွားရေး
ဇောက်ချပြီး လုပ်တယ်။ အလုပ်တွေ အောင်မြင်လာတယ်။
လုပ်ငန်းအောင်မြင်လာတော့ ရှင်ပြုအလှူပွဲကြီးလုပ်တယ်။
ကျောင်းတွေလည်း ဆောက်တယ်။
တရားစခန်းတွေ ၀င်တယ်။
အခုတော့ သူကိုယ်တိုင်က ရိပ်သာ
အကျိုးဆောင်ကြီး ဖြစ်နေပါပြီ။
ဒါကြောင့် မှားတာက မဆိုးသေးဘူး၊ မှားမှန်းမသိတာက
ဆိုးတာတဲ့။ အဲဒါ အဂုင်္လိမာလ သမိုင်း ရေးနေတာပဲ။
“လူတော်လူကောင်း”လို့ပဲ ပြောရမယ်။

★ ကဿပသမိုင်း★
အရှင်ကဿပကတော့ လူ့ဘ၀တုံးကလည်း
လူတော်။ ရဟန်းဘ၀ ရောက်တော့လဲ ဧတဒဂ်ဘွဲ့ရ
မထေရ်မြတ်တစ်ပါး။ ဘုရားနှင့် တွေ့တော့
သင်္ကန်းချင်းလဲတော်မူတယ်။ အဲဒီနောက်
တရားတွေကျင့်လိုက်တာ ၈-ရက်မြောက်နေ့မှာ
ရဟန္တာဖြစ်တော် မူတယ်။
အရှင်မဟာကဿပဟာ
“အားငယ်သူများကို အားပေး ရမယ်”ဆိုတဲ့အတိုင်း
နိမ့်ကျသူများကို ဦးစားပေးပြီးတော့ ချီးမြှောက်တယ်။
ပြီးတော့ ကိုယ်တိုင် ကျင့်ပြီးတော့ တပည့်တွေကို
ဓမ္မအမွေ ပေးတော်မူခဲ့တယ်။
သာသနာအတွက် အရေးပါဆုံးအလုပ်ကတော့
သင်္ဂါယနာတင်ခြင်းပါပဲ။ သင်္ဂါယနာတင်တယ်ဆိုတာ
ဘုရားဟောတဲ့တရားတွေကို စိစစ်ပြီး အတည်ပြုလိုက်တာပဲ။
အရှင်မဟာကဿပဟာ ဦးဆောင်ပြီးတော့
သင်္ဂါယနာတင်တော်မူတယ်။ အဲဒါ ပထမဆုံးကျင်းပတဲ့
သင်္ဂါယနာတင်ပွဲပါပဲ။ ဒီလိုမထေရ်မြတ်တို့ကြောင့်
လောကကြီးထဲမှာ “လောကနိဗ္ဗာန်”ကို တွေ့နေရတာပါ။
တချို့လူများဟာ ငယ်ငယ်တုံးကလည်း တော်တယ်။
အသက်ကြီးတော့လည်း တော်တယ်။ ပညာလည်း
တတ်၊ အများအကျိုးကိုလည်း သည်ပိုး၊
စေတနာကလည်း ကောင်းတယ်။ မြန်မာနိုင်ငံမှာလည်း
အရှင်ကဿပကဲ့သို့ အများအကျိုးသည်ပိုးသူတွေ
မြောက်မြားစွာ ရှိတယ်။

★ မင်းကွန်းဆရာတော်★
မင်းကွန်းဆရာတော်ဆိုရင် သံဃာတိုင်းက
ဦးတိုက်ခံရတဲ့ ဆရာတော်ကြီးပါပဲ။ ပိဋကတ်သုံးပုံကို
နှုတ်ငုံဆောင်နိုင်တဲ့အတွက် ကမ္ဘာ့မှတ်ဥာဏ်
အကောင်းဆုံး ဖြစ်သွားတယ်။
ဆရာတော်ကြီးဟာ ဆေးရုံဆေးပေးခန်းတွေကိုလည်း
ဆောက်လုပ်လှူဒါန်းခဲ့တယ်။ တိပိဋကနိကာယ်
ကျောင်းတိုက်ကြီးကိုလည်း တည်ဆောက်ခဲ့တယ်။
ဒါကြောင့် ထိုကျောင်းတိုက်ကြီးမှ တိပိဋကဆရာတော်များ
တစ်ပါးပြီးတစ်ပါး ပေါ်ထွက်လျက် ရှိပါတယ်။
လောကကြီးကို အလှဆင်နေတဲ့ ဆရာတော်ကြီးပါပဲ။

★ သီတဂူဆရာတော်★
သီတဂူဆရာတော်ကြီးဆိုရင် အများအတွက်
မနားမနေ ဆောင်ရွက်လျက် ရှိပါတယ်။
သက်တော် ၈၀ ရောက်နေတာတောင် နားတယ်ဟူ၍
မရှိပါဘူး။ သီတဂူဆေးရုံကြီးများ အလျှိုအလျှို
ဆောက်လုပ်လှူဒါန်းဆဲပါ။ ဗုဒ္ဓတက္ကသိုလ်များကိုလည်း
တစ်ခုပြီး တစ်ခု ဆောက်လုပ်နေဆဲပါပဲ။
ဆရာတော်ကြီး မိန့်တဲ့စကားကလည်း
ကြောက်ခမန်းလိလိ။ ``ငါကတော့ သေမှ နားမယ်´´တဲ့။
အဲဒီလောက် ဇွဲကောင်းတဲ့ ဆရာတော်ကြီးပါပဲ။
အဲဒါ ကဿပမထေရ်မြတ်သမိုင်းပါပဲ။

★ ကဿပသမိုင်း မရေးနိုင်ရင်★

ဒီတော့ မိမိတို့ဟာ ကဿပမထေရ်မြတ်သမိုင်း
ရေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့
ကဿပသမိုင်း မရေးနိုင်ရင်တောင်
အဂုင်္လိမာလသမိုင်းလောက်တော့
ရေးနိုင်အောင် ကြိုးစားရမယ်။
ဒါကြောင့် ကိုယ့်ရဲ့အမှားလေးတွေကို ပြင်ပေးကြပါ။
မနေ့ကအသိထက် ဒီကနေ့ အသိက သာရမယ်။
မနေ့က စိတ်ဓာတ်ထက် ဒီနေ့ စိတ်ဓာတ်က
ရင့်ကျက်ရမယ်။
လူတိုင်းလူတိုင်းဟာ အမှားမကင်းဘူး။
ဒီတော့ မှားတာက မဆန်းဘူး။
အရေးကြီးတာက အမှားကို အမှားမှန်းသိအောင်
ကြိုးစားရမယ်။ သိပြီဆိုရင်လည်း ပြင်နိုင်ရမယ်။
ဘယ်သူမှ မွေးကထဲကစ ရဟန္တာဖြစ်သွားတာ မဟုတ်ဘူး။
ကိုယ့်ကိုယ်ကို ပြင်ရင်းပြင်ရင်းနှင့် ရဟန္တာဖြစ်သွားကြတာ။
လူ့ဘ၀ ရနေသည့်အတွက် မိမိအကျိုး သူတပါးအကျိုးကို
တတ်စွမ်းသမျှ ဆောင်ရွက်ရမယ်။ ဒါဆိုရင် ကိုယ့်ရဲ့
သမိုင်းလေးဟာ အကောင်းဆုံး မဟုတ်တောင်
လောကကြီးကို အကျိုးပြုတဲ့သူအဖြစ် သမိုင်းကျန်ရစ်မယ်။

{သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ }

No comments:

Post a Comment