လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊ မာန်မာနနှင့်
ငါကရာဇာ ၊ ငါဟာသူဌေး
ငါပဂေးဟု ငါသွေးတက်ကြွ
လူ့ဗာလတို့ များလှဖြာဖြာ
အဝိဇ္ဇာနှင့် တဏှာဘီလူး ၊ အမှောင့်ပူး၍
ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက်
မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ
မိုးအောက်တလွှား ၊ ရွှေကိုယ်လားဟု
ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက ၊ ပြည်ဖုံးချသော်
သုဘရာဇာ ၊ မြေအောက်မှာပင်
ဘာသာလူမျိုး ၊ ချိန်မထိုးပဲ
ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း။
(✏ မိုးကုတ်ဆရာတော်ဘုရားကြီး)
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
နုနယ်ရုပ်ဆင်း ၊ လှပခြင်းကား
အိုမင်းနောက်ဆုံး ၊ ရှိချေ၏
ဥစ္စာဆင်မြင်း ၊ ပေါများခြင်းကား
ယိုယွင်းနောက်ဆုံး ၊ ရှိချေ၏
ဝိညာဏ်ထင်းလင်း ၊ သက်ရှင်ခြင်းကား
သေခြင်းနောက်ဆုံး ၊ ရှိချေ၏ ၊
ချစ်ခင်ပေါင်းသင်း ၊ ဆက်ဆံခြင်းကား
ကွေ့ကွင်းနောက်ဆုံး ရှိချေ၏
တက်ကြွားကြွကြွ ၊ မြင့်သမျှကား
လျှောကျနောက်ဆုံး ၊ ရှိချေ၏
ခုံမင်ခယ ၊ ချစ်သမျှကား
သောကနောက်ဆုံး ၊ ရှိချေ၏
ပွဲလယ်ပြင်ပ ၊ ချီးမွမ်းကြလည်း
ရှုံ့ ချနောက်ဆုံး ၊ ရှိချေ၏
ကြည်သာရွင်ပြ ၊ ချမ်းသာလှလည်း
ဒုက္ခနောက်ဆုံး ၊ ရှိချေ၏
(✏ လယ်တီဆရာတော်ဘုရားကြီး)
No comments:
Post a Comment