စ - စစ်ပွဲတွေ ရပ်ပါစေ
~~~~~~~~~
= ကိုရင်! သင်္ကန်း သေချာရမ်းပါ။
= လှည့်ကြည့်ပါ၏၊ သို့သော် သင်္ကန်းကို ပြင်မဝတ်။
ပြောစကားကို နားမထောင်ဘူးအထင်နဲ့ ကျုပ် စိတ်ကသိကအောက် ဖြစ်မိလိုက်တယ်။
နောက်နေ့မနက် -
= ကိုရင် ဖိနပ်ကို ရှပ်တိုက်မစီးရဘူး၊
မြေလွတ်အောင် ကြွစီး၊ ကြားလား!
= လှည့်ကြည့်ရုံ ကြည့်ပြီး
တရှပ်ရှပ် ဆက်လျောက်နေလေ၏။
နောက်နေ့ နေ့ပိုင်း -
ကိုရင်အသစ်များကို သင်္ကန်းဝတ်ပုံ, ရုံပုံ သင်ပေးသော ဦးဇင်းလေးက ပြောလာသည်။
“ဦးဇင်း! ဟို ရှမ်းကိုရင်ကြီးတွေက ပြောရင် နားမလည်ဘူးလား မသိဘူး။ ဘာမှ ပြန်မဖြေဘဲနဲ့ သူတို့ အချင်းချင်းပဲ ပြောပြောပြီး ရီနေကြတာ။
တပည့်တော် စိတ်တိုတယ်ဘုရား”တဲ့။
ခက်ချေပြီ မောရှမ်းတို့ရေ။
=========
အသိဆရာတော်တပါးက
ရှမ်းကိုရင်များ စာသင်ရန် လာအပ်နှံမည်ဆိုကတည်းက
အသက် ၁၄-နှစ်အောက် ဟုတ်ရဲ့လား?
ဗမာစာရော တတ်ခဲ့ပြီလား? လို့
ကျုပ် သေချာမေးခဲ့တာ။
ဆရာတို့ အဖြေက -
ဟုတ်တယ်ဘုရား။
တတ်ပြီဘုရား-တဲ့လေ။
ဒီရောက်တော့လည်း
ဆရာတော်တွေနဲ့ပဲ ပြောလိုက်ရတော့
သူ့တို့ ဗမာစကားမပေါက်သေးတာ ကျုပ် သတိမထားမိလိုက်။
အခုတော့ ခက်ချေပြီ။
စာသင်တိုက်က စခါစ ကာလ။
စာချက အကူရောမှ ၅ -ပါး။
သင်ရမည့် အတန်းက
(၇) ဘာသာ အကြီးတန်း၊
(၅) ဘာသာ အငယ်တန်း၊
(၃) ဘာသာအခြေခံ ပထမတန်းနဲ့ ဒုတိယတန်း၊
စုစုပေါင်း (၄) တန်း။
ဓမ္မာစရိယခေါ် စာချတန်း အခြေခံတက်မည့်သူက ပါသေးတယ်။
အဲဒီတော့
ဆံပင်ပါးနေပြီဖြစ်တဲ့ ခေါင်းတစ်ပိုင်းပြောင်ကို ကုတ်ကာ ကျုပ် စဉ်းစားရပြီ။
ကျုပ်မှာ
ဗမာစာကို ကကြီး, ခခွေးကစ သင်ပြပေးဖို့ အချိန်အားက မရှိ။
ပညာသင်မပေးဘဲနဲ့
ရိုးသားတဲ့ တိုင်းရင်းသားညီနောင်များကို ခိုင်းစား, ပြစား လုပ်နေတဲ့
လူယုတ်, ဘုန်းကြီးယုတ်တွေကိုလည်း ကျုပ်က နည်းနည်းမှ မနှစ်မြို့။
ကိုယ် မနိုင်ပါဘဲနဲ့
သံဃာစာရင်း များဖို့လောက်စဉ်းစားကာ ဗုန်းပေါလအော လက်ခံပြီး
“အလှမ်း ကျယ်-အလယ် လပ်”ဖြစ်နေတဲ့ စာသင်တိုက်မျိုးလည်း
ကျုပ်က မဖြစ်ချင်။
ဒါ့ကြောင့်
အရွယ်က ကြီးနေပြီး
ဗမာစာ, စကား မပေါက်သေးတဲ့ သူတို့ကို ဇာတိအရပ် ပြန်လွှတ်သင့်/ မလွှတ်သင့် ကျုပ် ဆုံးဖြတ်ရတော့မယ့်အချိန်။
စဉ်းစားရင်း စဉ်းစားရင်း
ရှမ်းကိုရင် (၉) ပါးတို့ကို လာရောက်အပ်နှံတဲ့နေ့က
စစ်ကိုင်းဈေးထဲ စာသင်သားသုံး ပစ္စည်းများ လိုက်ဝယ်ပေးရင်း
ကားပေါ်မှာ ပြောသွားတဲ့ သူ့တို့ဆရာတပါးရဲ့စကားကို ကျုပ် အထပ်ထပ် ပြန်စဉ်းစားမိတယ်။
ဆရာတော် ပြောခဲ့တဲ့စကားက -
“တပည့်တော်တို့ ဒေသမှာ
မိဘတွေ, ဆရာတွေက သူတို့ သားသမီးတွေ ပြည်မကြီးထဲမှာ ရှိနေရင် စိတ်အေးကြတယ်ဘုရား။
ဘာလို့လဲဆို
တပည့်တော်တို့ ရှမ်း/မြောက်ပိုင်းက တိုက်ပွဲတွေနဲ့မို့ အရာရာ မအေးချမ်းဘူးလေ”တဲ့။
ကျုပ် ရင်ထဲမှာ
နင့်နေအောင် ခံစားလိုက်ရတယ်။
တိုင်းရင်းသားများစွာနဲ့ ရင်းနီးခဲ့ဖူးသူမို့ သူတို့ကို ချစ်သည်၊ ခင်သည်၊ သနားစိတ်ပိုမိသည်။
”ဘာပဲဖြစ်ဖြစ် သူတို့ကို ပြန်မလွှတ်တော့ဘူး၊
ငါပေးနိုင်သလောက် အသိပညာ ရအောင် ပေးမယ်” လို့
ကျုပ် ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ပါးစပ်ကလည်း တဖွဖွရွတ်ရင်း
ဆုတောင်းနေမိတယ် - - -
{ညီနောင်အချင်းချင်း
လောဘ, ဒေါသ, မာန်မာနတွေ
အခြေခံထားတဲ့
သတ်ဖြတ်,ညှင်းဆဲ, လုယက်နေမှုများ
အမြန်ဆုံး ချုပ်ငြိမ်းပါစေ။
စစ်ပွဲများ ရပ်ပါစေ။
စစ်ပွဲများ၏ ဆိုးကျိုးကြောင့် နေရပ်စွန့်ခွါလာသူ
တိုင်းရင်းသားညီနောင်များကို
ပြစား, ခိုင်းစား ကြီးပွါးနေကြသော
လူယုတ်, ဘုန်းကြီးယုတ်များ
အမြန်ဆုံး ကျရှုံးကြပါစေ။
ညီနောင်အချင်းချင်းတို့အကြားမှာ -
သိနားလည်မှု- ပညာတရား၊
ခွင့်လွှတ်သီးခံမှု - ခန္တီတရား၊
ကောင်းကျိုးရစေလိုမှု - မေတ္တာတရားများ
အမြန်ဆုံး ပြန့်ပွါးကြပါစေ။}
=========
ဒီနေ့တော့
စာချအကူ ဦးဇင်းလေးတပါးဟာ
ရှမ်းကိုရင်ကြီး (၉) ပါးကို
ဗမာစာသင်ပေးဖို့အတွက်
ကျုပ် ရေးပေးလိုက်တဲ့
ကကြီး, ခကွေးကဗျာလေးကို
ဝှိုက်ဘုတ်မှာ ရေးနေလေရဲ့။
စ - စစ်ပွဲတွေ ရပ်ပါစေ
~~~~~~~~~
က - ကမ္ဘာကြီး ငြိမ်းဖို့လေ။
ခ - ခလေးတွေ ပျော်ဖို့လေ။
ဂ - ဂိုဏ်းစွဲ ကင်းဖို့လေ။
င - ငါတို့ သွေးချင်းမြေ။
စ - စစ်ပွဲတွေ ရပ်ပါစေ။
ဆ - ဆရာများ စာသင်စေ။
No comments:
Post a Comment