Sunday, May 22, 2016

မန္တလေး မစိုးရိမ်တိုက်သစ်ကြီး၏ စည်းမျဉ်းစည်းကမ်းနှင့် ဩဝါဒများ

မြန်မာပြည်ကြီး၏ အကြီးဆုံးဗုဒ္ဓတက္ကသိုလ်ဟု တင်စားရလောက်သည့်

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

မစိုးရိမ်တိုက်သစ်၊ မန္တလေး
၁၃၇၈-ခု၊ ကဆုန်လပြည့်နေ့ တတိုက်လုံးစုပေါင်း ဘုရားဝက်တက်ရာ၌ မဟာနာယကဆရာတော် ဦးကေသရာဘိဝံသ ဦးဆောင်ဝတ်တက်ပြီး သြဝါဒပေးသည်။ မိနစ်(၃၀)ခန့် ကြာသည်။
သြဝါဒကို မှတ်မိသမျှ ပြန်ရေးသည်။

_______________________

၁၃၇၈-ခုနှစ် စ၊ ဒီကနေ့ ကျောင်းသားဟောင်းတွေ အကုန် စုံညီ ပြန်ရောက်ရမယ်လို့ သတ်မှတ်ထားတယ်၊ ပညာသင်နှစ် အစမှာ တတိုက်လုံးနဲ့ဆိုင်တဲ့ မူဝါဒတွေ ပြောမယ်၊

အုပ်ချုပ်ရေးနှင့် ပတ်သက်၍
မစိုးရိမ်တိုက်သစ်မှာ ဆရာတော်ကြီးတွေ မရှိတဲ့နောက် မဟာနာယကသုံးပါးနဲ့ ကျန်နာယက(၁၇)ပါးက တာဝန်အသီးသီး ခွဲဝေအုပ်ချုပ်တယ်၊ ဒါက အုပ်ချုပ်ပုံစနစ်။
အငယ်နာယကများ စီမံထားသည့်အရာများကို အကြီးသုံးပါးက ဘာမှ ဝင်မစွက်ဘူး၊ လူငယ်နာယကတွေကို တာဝန်လုံးဝ လွှဲထားတယ်၊ အကြီးတွေက လိုအပ်တဲ့ အကြံဉာဏ်လောက်ပဲ ပေးတယ်၊
နာယကအားလုံးသည် စာသင်သားအားလုံးရဲ့ ဆရာတွေပဲ၊ မိဘပဲ၊ တပည့်တော် အခု ပြောနေခြင်းဟာ တပည့်တော်တဦးတည်းရဲ့ ဆန္ဒမဟုတ်ဘူး၊ နာယကအားလုံးရဲ့ ဆန္ဒ သဘောထားပဲ ဖြစ်တယ်၊ အဲသလို နားလည်ပေးထား၊ နာယကအားလုံး ပါဝင်အုပ်ချုပ်တဲ့အတွက် ဘယ်အုပ်စု ညာအုပ်စုဆိုတာ လုံးဝမရှိဘူး၊ မင်းတို့လဲ စိတ်ထဲမှာ မထားရဘူး၊
နောက်ဆုံး ဘယ်နာယကကပဲ မဆို စာသင်သားများကို အမြင်မတော်တာတွေ့ရင် ဆိုဆုံးမလိမ့်မယ်၊ ဒါတွေကို စာသင်သားတပည့်တွေက အကုန်လုံး လိုက်နာရမယ်၊ မလေးမစား မလုပ်ရဘူး၊ လက်ထောက်စာချတွေ အကူကျမ်းပြီးတွေကလဲ မင်းတို့ရဲ့ ဆရာတွေပဲ၊ ဒါ့ကြောင့် သူတို့ကိုလဲ မလေးမစား မလုပ်ရဘူး၊ လေးလေးစားစား ဆက်ဆံရမယ်။

တပည့်တွေနဲ့ ပတ်သက်၍
တပည့်လေးမျိုးရှိတယ်၊
(၁) တင်း-တပည့်၊ ဆရာတွေရဲ့ အတင်းပြောတဲ့ တပည့်၊
(၂) တု-တပည့်၊ ဆရာတွေကို အံတုတဲ့တပည့်၊ ဂုဏ်ပြိုင်တဲ့တပည့်၊
(၃) တ-တပည့်၊ ဆရာတွေက တသအောက်မေ့နေရတဲ့ တပည့်၊
(၄) အိုးလဲမထူ-တပည့်၊ သောက်ရေအိုးစဉ် လဲနေရင်တောင် မထူတဲ့တပည့်၊ ဘာအလုပ်မှ မလုပ်ပဲ နေသာသလို နေတဲ့တပည့်၊
ကိုယ်ဟာ ဘယ်တပည့်မျိုးထဲ ပါနေတယ်ဆိုတာကို ကိုယ့်ဟာကို ဆုံးဖြတ်ရမယ်။

ကျောင်းတိုက်နဲ့ ပတ်သက်၍
စာသင်သားများ များပြားလာတဲ့အတွက် နေရထိုင်ခင်းတွေ ပြည့်စုံအောင် လုပ်ပေးနေတယ်၊
အသစ်ဆောက်လုပ်ထားတဲ့ ဓမ္မရက္ခိတ (မန်းမြို့တော် ပေါက်စီ) (၅)ထပ် ကျောင်း ဝါဆိုဦး ရေစက်ချမယ်၊ ပါလ ဘာဏက ဆွမ်းစားကျောင်းများက ကိုယ်တော်များကို နေရာချထားပေးမယ်၊
နောက် ဒီပ သီတဂူ ဆွမ်းစားကျောင်း (၂)ဆောင်နေရာမှာ ဓမ္မဃောသက (သီရိရွှေစင်ရွှေ)  ငါးထပ်ကျောင်း ဆောက်လုပ်မယ်၊ ဒါကြောင့် အဲဒီကျောင်းများက ကိုယ်တော်များကိုလဲ ဓမ္မရက္ခိတ (မန်းမြို့တော် ပေါက်စီ) (၅)ထပ် ကျောင်း (အလျား ၁၁၀၊ အနံ ၅၅) မှာ နေရာချထားပေးမယ်၊
သီရိရွှေစင် ငါးထပ်ကျောင်းမှာ အောက်ဆုံးက ကားပါကင်၊ မြေညီထပ်က ဆရာတော်ကြီးလေးပါးရဲ့ ပြတိုက်၊ ကျန်အထပ်များ သံဃာထားမယ်လို့ ရည်ရွယ်ထားတယ်၊
အဲဒီအဆောင်တွေ ပြီးရင်တော့ နေရာထိုင်ခင်း ပြည့်ပြည့်စုံစုံ ထားနိုင်လိမ့်မယ်၊
ဒီကျောင်းတွေနဲ့ ပတ်သက်ပြီး မစိုးရိမ်အစဉ်အလာအတိုင်း ဘာတခုမှ ဝင်ရောက်စွက်ဖက်တာ စီမံတာ မလုပ်ဘူ၊ ကျောင်းဒကာတွေစိတ်ကြိုက် ဆောက်သွားကြတယ်၊ ဆောက်သွားကြလိမ့်မယ်၊ အပ်စပ်တဲ့နည်းနဲ့ လှူတာဖြစ်တဲ့အတွက် စိတ်ချလက်ချ နေလို့ရတယ်။

အဲဒီကျောင်းတွေမှာ နေရာချထားပေးမှာ ဖြစ်တဲ့အတွက်
မူဝါဒအနေနဲ့ မဟိဒ္ဓိကျောင်း သမ္ပတ္တိကျောင်းများမှာ စာသင်သားများ ညဥ့်အိပ် ညဥ့်နေ နေခွင့်မရှိ၊ သတ်မှတ်နေရာတွေမှာပဲ နေရမယ်။
စာအံကျောင်းတက်တဲ့အခါလဲ မိမိစာအုပ်စာတန်းများ ပြန်လည်ယူဆောင်သွားရမယ်၊ မထားခဲ့ရ၊
ဒီတိုက်ထဲက ကျောင်းနှင့် မြေများသည် သံဃိကများ ဖြစ်တဲ့အတွက် သံဃိကကျောင်းဆိုတာ နေတာထိုင်တာ သန့်ရှင်းရင် သန့်ရှင်းသလောက် ကုသိုလ်ရပြီး မသန့်ရှင်း ညစ်ပတ်ရင်လဲ မသန့်ရှင်း ညစ်ပတ်သလောက် အပြစ်သိပ်ကြီးတာ။
တယ်လီဖုန်းများကတော့ ဘုရားဝတ်တက် စာအံကျောင်း စာဝါတက် စာဖြေချိန်များမှာ မယူခဲ့ရ၊ ယူခဲ့လို့ တွေ့ရင် သိမ်းထားမယ်၊ ကျောင်းက ထွက်မှ ပြန်ပေးမယ်၊ တယ်လီဖုန်းကြောင့် စာသင်လာခြင်းရဲ့ ရည်ရွယ်ချက်ကို မဖျက်ဆီးပါနဲ့။

သံဃာက များတဲ့အတွက် စည်းကမ်းက မတင်းကြပ်လို့ မဖြစ်ဘူး၊ စာဝါ စာအံကျောင်း ဘုရားဝတ်တက် မပါရင် တခါတည်း နှင်ထုတ်မယ်၊
သတ်မှတ်ထားတဲ့ အပတ်စဉ်စာမေးပွဲတွေ အမှတ်မရရင် ကျောင်းတိုက်က ထွက်ရမယ်။
အေး ကျောင်းတိုက်မူဝါဒကတော့ အဲသလို စည်းကမ်းစနစ်တွေနဲ့ အုပ်ချုပ်မယ်။ အဲဒါ စာသင်နှစ်အစမှာ မူဝါဒ တခါတည်း ပြောထားတာ။

မီးရေများကတော့ သတ်မှတ်ချက် ကန့်သတ်ချက် မရှိ အသုံးပြုခွင့် ပေးထားတယ်၊ ပြီးခဲ့တဲ့နှစ်က မီတာခ တလ တလကို (၁၈)သိန်း ဆောင်ရတယ်၊ မနှစ်က တပါးကို (၁၅၀၀) ကောက်တယ်၊ အခု နာယကတပါး (တသောင်း)၊စာသင်သားများ နှစ်ထောင်ကျပ်စီ တနှစ်စာ ကောက်မယ်၊ တပတ်အတွင်း ပြီးအောင်ကောက်ပေးကြ။ ဒီနှစ် တလတလ သိန်း(၂၀)လောက် ကျလိမ့်မယ် ထင်တယ်။ ကျောင်းကို လှူထားတဲ့ အိမ်များက ရတဲ့ လခငွေနဲ့ဆို တနှစ်စာ လုံလောက်ပါလိမ့်တယ်။
မီးရေများကို စနစ်တကျ သုံးစွဲကြ။

ချီးမြှောက်တဲ့အပိုင်း
စာလုပ်ချင်စိတ် ပေါက်လာအောင် အားကျအတုယူလာချင်လာအောင် စာအောင်ဆုနှင်းသဘင် ခမ်းခမ်းနားနား တပိုတွဲလမှာ လုပ်ပေးနေတယ်၊ (၂)နှစ်ရှိပြီ၊ စာအောင်ဆုငွေချည်း သိန်း (၄၀၀) သိန်း(၄၅၀)လောက်အထိ အမရဘဏ်မိသားစုက တဦးတည်း လှူတယ်၊ နှစ်တိုင်း လှူမယ်လို့ လျှောက်ထားပါတယ်၊ ဒါပေမဲ့ ဒီတိုင်းပြည်ရဲ့ ကံကြမ္မာ, အလုပ်အကိုင်တွေရဲ့ လွဲမှားချွတ်ချော်မှုဆိုတာ ပြောလို့မရဘူး၊ ဒါ့ကြောင့် ကိုယ်ပိုင် စာအောင်ဆုနှင်း ငွေပဒေသာပင် သိန်းငါးထောင် စိုက်ထူးဖို့ အခု လုပ်နေတယ်။

အားလုံးကို ခြုံငုံပြောရရင်
ဆရာတွေအပေါ်မှာ လေးစားပါ။
တပည့်လေးမျိုးထဲက တပည့်ဆိုးများ မဖြစ်ပါစေနဲ့၊ တသအောက်မေ့ နေရတဲ့ တပည့်မျိုး ဖြစ်ပါစေ။
စာဝါ စာအံကျောင်း ဘုရားဝတ်တက် မပျက်စေပါနဲ့၊ ပျက်ရင် နှင်ဒဏ်ကလွဲလို့ ဘာဒဏ်မှ ချမထားဘူး။
တပါးနှင့်တပါး သီးခံပါ၊ ညီအကိုရင်းတွေလို တဆရားတည်းက မွေးထုတ်ပေးထားတဲ့ ညီအကိုရင်းတွေလို ပျော်ပျော်ပါးပါး နေပါ၊ စာသင်သားပီပီသသ နေပါ။ တဦးနဲ့တဦး မေတ္တာထားပြီးတော့ စောင့်ရှောက်ပါ။ နေထိုင်မကောင်း ဖြစ်ရင်လဲ ပြုစုပါ စောင့်ရှောက်ပါ။
ဆရာဝတ် တပည့်ဝတ် ရှိသည်အားလျှော်စွာ ဆရာကိုလဲ ပြုစုပါ။ ဆရာတို့ရဲ့ အဆုံးမကိုလဲ နာခံပါ။
ကျောင်းဆောင်တိုင်း ဝေယျာဝစ္စ ဆောင်ရွက်ပါ။ သန့်သန့်ရှင်းရှင်းလဲ နေပါ။ တကိုယ်ရေ သန့်ရှင်းအောင်လဲ နေပါ။ တကိုယ်ရေ သန့်ရှင်းမှုကနေ တကျောင်းတိုက်လုံး သန့်ရှင်းမှုဖြစ်အောင်လဲ လုပ်ပါ။
မဟိဒ္ဓိကွင်းပြင်ဘေးမှာ ကျမ်းမာရေးအတွက်လဲ ဆေးခန်းကျောင်းဆောင် ဆောက်ပြီးပြီ၊ လှူဖို့ပဲ ကျန်တော့တယ်၊ ကျမ်းမာရေးလဲပဲ အပြည့်အဝ စောင့်ရှောက်ပေးနိုင်ပါလိမ့်မယ်။ အခုအသုံးပြုနေတဲ့ မဟိဒ္ဓိအောက်ထပ်ကိုတော့ ရက်ရှည်ကုသပေးရမည့် ပုဂ္ဂိုလ်များ ထားပြီးတော့ ကုသပေးမှာပါ။ ရည်ရွယ်တာကတော့ ကျမ်းမာရေး မကောင်းတဲ့အခါ စားရေးသောက်တာက အစ ပူပင်ကြောင့်ကြမှုမရှိအောင် လုပ်ကိုင်ပေးဖို့အထိ ရည်ရွယ်ထားပါတယ်။ အဲဒါကတော့ အချိန်လေး နည်းနည်း ပေးရဦးမှာ။

အခု ပြောခဲ့တဲ့ သြဝါဒများကတော့ တတိုက်တာလုံးရဲ့ တနှစ်စာ မူဝါဒများ ဖြစ်ပါတယ်။
ဒါ့ကြောင့် မစိုးရိမ်တိုက်သစ် အဝန်းအဝိုင်းထဲ ရောက်ရှိလာပီဆိုရင် တဆရာတည်းက မွေးတဲ့ တပည့်တွေပီပီ စည်းကမ်းစနစ်နဲ့ ပျော်ပျော်ရွှင်ရွှင် စာသင်နိုင်ပါစေလို့ ဆရာဆုတောင်းရင်း ဒီကနေ့ သြဝါဒကို နိဂုံးချုပ်ပါတယ်။ (သာဓု သာဓု သာဓု)

၁၃၇၈-ခု၊ ကဆုန်လပြည့်နေ့ ည ၁၀:၂၈

Credit-----အရှင်မဟာကဝိန်

ဓမ္မဘက်တော်သား ဧရာဝတီ

No comments:

Post a Comment