Wednesday, May 25, 2016

ကိုရင်ရှားပါးလာခြင်းနှင့် အနာဂတ်သာသနာ´´

``ကိုရင်ရှားပါးလာခြင်းနှင့်
အနာဂတ်သာသနာ´´
===================

အလုပ်တစ်ခု အောင်မြင်ဖို့အတွက် ``အဖွဲ့အစည်း´´ ရှိရမည် ဖြစ်၏။ ``အဖွဲ့အစည်း´´ မရှိလျှင် ကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီးနောက် ``သံဃာ့အဖွဲ့အစည်းကြီး´´ကို တည်ထောင် ခဲ့ပါသည်။

ထို့ကြောင့် ဘုရားဖြစ်ပြီး ၅-လအတွင်းမှာ ရဟန်းသံဃာ အပါး ၆၀- ရရှိတော်မူခဲ့ပါသည်။ ထို့နောက် ရဟန်းတော်မြောက်များစွာ ပြုစုပျိုးထောင်ပြီး သာသနာတာ့ဝန်များကို ထမ်းဆောင်စေခဲ့ပါသည်။

``အဖွဲ့အစည်း´´ ရေရှည်တည်တံ့ဖို့အတွက် ``မျိုးဆက်သစ်´´ လည်း ရှိရဦးမည် ဖြစ်၏။ မျိုးဆက်သစ် မရှိလျှင် မည်သည့် အဖွဲ့အစည်းမျှ ရေရှည် မရပ်တည်နိုင်ပါ။

ထို့ကြောင့် ဘုရားမြတ်စွာသည် ဘုရားဖြစ်ပြီး တစ်နှစ်အကြာတွင် မွေးရပ်မြေ ကပိလ၀တ်နေပြည်တော်သို့ ကြွမြန်းတော်မူကာ မင်းညီမင်းသားများကို ရဟန်းပြုပေးပြီး သားတော်ရာဟုလာကိုလည်း ကိုရင်ဝတ် ပေးတော်မူခဲ့ပါသည်။

``သာသနာမျိုးဆက်သစ် ကိုရင်´´
-----------------------
သားတော်ရာဟုလာကို ကိုရင်ဝတ်ပေးခြင်းသည် သားတော်အတွက် ဓမ္မအမွေကို ပေးခြင်းဖြစ်သကဲ့သို့ ဗုဒ္ဓသာသနာအတွက် လည်း မျိုးဆက်သစ် မွေးထုတ်ပေးခြင်းပင် ဖြစ်ပေသည်။

ထို့နောက် သားတော်ရာဟုလာကို နေနည်းထိုင်နည်း၊ ပြောပုံ ဆိုနည်း၊ ကျင့်ပုံကျင့်နည်းတို့ကို လက်ထပ်သင်ကြားပေးလေတော့သည်။ သံဃာ့အဖွဲ့အစည်းအတွက် မျိုးဆက်သစ်သည် မရှိမဖြစ် အရေးကြီးသောကြောင့် ကိုရင်ရာဟုလာကို ဘုရားမြတ်စွာ ကိုယ်တော်တိုင် စနစ်တကျပြုစုပျိုးထောင်ပေးခြင်းပင် ဖြစ်ပါသည်။
ထို့နောက် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်စသော တပည့်ကြီးများက သာသနာမျိုးဆက်သစ် ရှင်သာမဏေ ကိုရင်များ ကို မြောက်များစွာ မွေးထုတ်ပေးခဲ့ကြပါသည်။

ဤသို့လျှင် ဘုရားလက်ထက်မှစ၍ ယနေ့ခေတ်တိုင်အောင် ဆရာအစဉ်အဆက်သည် ကိုရင်များကို မွေးထုတ်ပေးခဲ့ကြပါသည်။ မြန်မာနိုင်ငံ၌ ယနေ့ ထင်ရှားကျော်ကြားသည့် သာသနာ့အာဇာနည် ဆရာတော်များကို ကြည့်လျှင် များသောအားဖြင့် ကိုရင်ဘ၀မှ တက်လှမ်းလာကြခြင်း ဖြစ်ပါသည်။

ထို့ကြောင့် အနာဂတ်သာသနာတာဝန်ကို ထမ်းဆောင်ကြမည့် သာသနာ့ အာဇာနည် များ ပေါ်ထွန်းဖို့အတွက် ရှင်သာမဏေခေါ်သည့် ``ကိုရင်လေး´´ များကို မြောက်များစွာ မွေးထုတ်ရမည် ဖြစ်ပေသည်။

``သံဃာဦးရေ´´
-------------------
မိမိတို့နိုင်ငံမှာ လွပ်လပ်ရေးရပြီးသည့်အချိန်မှစ၍ သာသနာ့ဝန်ထမ်း သံဃာဦးရေမှာ တဖြေးဖြေးနှင့် တိုးလာသည်ကို တွေ့ရ ပါသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀၊ မိမိတို့ ကိုရင်ဘ၀က တနိုင်ငံလုံးရှိ သံဃာ ဦးရေမှာ သုံးသိန်းဝန်းကျင်သာ ရှိ၏။

သို့သော် သက္ကရာဇ် ၁၃၆၀-ခု (၁၉၉၈) ၀န်းကျင်မှာတော့ သံဃာဦးရေ ငါးသိန်းကျော်ထိ ရောက် ရှိလာပါသည်။ ယခု ၃-နှစ်အတွင်းမှာ သံဃာဦးရေ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရပါသည်။ သံဃာ တစ်ထောင်ကျော် ရှိသော စာသင်တိုက်ကြီးတချို့ သံဃာတစ်ထောင် မရှိတော့ပါ။ ရာဂဏန်းလောက် လျော့နည်းသွားသည်ကို တွေ့ရပေသည်။

သံဃာလေးငါးရာ ရှိသော စာသင်တိုက်ကြီးအချို့၌လည်း သံဃာဦးရေ ထက်ဝက်မျှ ကျဆင်းသွားသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ယခုနှစ် (၂၀၁၅) မှာ သံဃာဦးရေသည် ငါးသိန်းနီးပါး လောက်သာ ကျန်ရှိတော့၏။ ဤနှုန်းအတိုင်းသာ ပုံမှန် ကျဆင်းသွား မည်ဆိုပါက နောင် ၁၀-နှစ်၊ ၁၅ -နှစ်မှာ သံဃာဦးရေ သုံးသိန်းကျော်လောက်သာ ရှိတော့မည်ဟု ခန့်မှန်းရပေသည်။

မိမိတို့ငယ်စဉ်က ရွာဦးကျောင်းများ၌ အနည်းဆုံး ကိုရင်သုံးလေးပါး ရှိ၏။ တချို့ကျောင်းများမှာ ၁၅-ပါးမှ အပါး ၂၀-အထိ ရှိ၏။ ယခုတော့ ရွာဦးကျောင်းများ၌ ကိုရင်များသည် ရှားပါးပစ္စည်း ဖြစ်နေပါတော့သည်။

တချို့ရွာဦးကျောင်းများ၌ ကိုရင်များ တပါးမှ မရှိတော့ပေ။ ကိုရင်မြင်ချင်လျှင် ပြတိုက်ထဲသို့ သွားကြည့်ရမည့် အနေအထားသို့ ရောက်ရှိနေပေတော့သည်။

တနေ့က ရွာဦးကျောင်းမှ ဘုန်းကြီးတစ်ပါးနှင့်တွေ့၍ ``ဘုန်းကြီးကျောင်းမှာ ကိုရင်ဘယ်နှစ်ပါး ရှိသလဲဘုရား´´ဟု မေး ကြည့်၏။ ထိုဘုန်းကြီးက ``ဘုန်းကြီး ၁၊ ကြောင် ၁၊ ခွေး ၁ ၊ ဖြစ်နေတယ်ဘုရား´´ဟု ပြုံးပြုံးကြီး အမိန့်ရှိလေသည်။

လွန်ခဲ့သောနှစ်က (၂၀၁၄) မိမိသည် ပဲခူးတိုင်း မင်းလှမြို့နယ်ဘက်သို့ တရားဟောကြွရာ ဘုန်းကြီးကျောင်းမှာ ခဏတဖြုတ် အနားယူ၏။

ထိုကျောင်း၌ ကိုရင်တစ်ပါးမျှ မတွေ့သောကြောင့် ဒကာတစ်ယောက်ကို မေးကြည့်ရာ ကိုရင်ကျောင်းသား မရှိသော ကြောင့် ရွာထဲမှ လူတစ်ယောက်ကို ရွာကလစာပေး၍ ဘုန်းကြီးဝေယျာဝေစ္စအတွက် ကပ္ပိယအဖြစ် ငှားပေးထားရကြောင်း လျှောက် ထားလေသည်။

မိမိတို့ငယ်စဉ်က ရွာဦးကျောင်းများ၌ ဆွမ်းကွမ်းဝေယျာဝေစ္စလုပ်ဖို့အတွက် ``စေတနာ့ဝန်ထမ်း ကပ္ပိယ´´သာ ရှိပါ၏။ ``လခစား ကပ္ပိယ´´ ဟူသည်မှာ မရှိခဲ့ဖူးပါ။ အခုတော့ ရွာဦးကျောင်းများအတွက် ``လခစား ကပ္ပိယ´´ဟူသော ဝေါဟာရအသစ် ဖြစ်ပေါ်လာခဲ့ပေပြီ။ ထို့ကြောင့် ကိုရင်ရှားပါးခြင်းသည် ``သာသနာအတွက် အနှုတ်လက္ခဏာ´´ပင် ဖြစ်၏။

``ဘာ့ကြောင့် ကိုရင်နည်းပါးရသလဲ´´
-----------------------------------

ကိုရင်သည် သာသနာတော်၏မျိုးဆက်သစ်ဖြစ်သောကြောင့် ကိုရင်ရှားပါးလျှင် ရဟန်းတော်များလည်း ရှားပါးလာမည် ဖြစ်၏။ ရဟန်းတော်များ ရှားပါးလျှင် သာသနာတော်ကြီးလည်း ဆုတ်ယုတ်အားနည်းသွားပေတော့မည်။ ထို့ကြောင့် ကိုရင်များကို စနစ်တကျ မွေးထုတ်ပေးဖို့ လိုအပ်လှပေသည်။

ကိုရင်များ ဘာ့ကြောင့်နည်းပါးရသနည်းဟု အကြောင်းရင်းကို စဉ်းစားကြည့်သောအခါ အချက် ၂-ချက် တွေ့ရပေသည်။ ရုပ်ဝတ္ထုများ တိုးတက်လာခြင်းနှင့် ကလေးမွေးဖွားနှုန်းကျဆင်းလာခြင်းတို့ပင် ဖြစ်ပါသည်။

``ရုပ်ဝတ္ထုတိုးတက်လာခြင်း´´
------------------------

ယနေ့ခေတ်သည် ရုပ်ဝတ္ထုများ တဟုန်ထိုးတိုးတက်နေသည်မှာ အားလုံးအသိပင်ဖြစ်၏။ ထို့ကြောင့် လမ်းပန်း ဆက်သွယ် ရေး ကောင်းလာသကဲ့သို့ သယ်ယူပို့ဆောင်ရေးအတွက် ကားဆိုင်ကယ်စသည်တို့ကလည်း ချောင်းကြားမြောင်းကြားထိ ရောက်ရှိနေ တော့၏။

လူထုဆက်သွယ်ရေး ရုပ်ဝတ္ထု (မီဒီယာ) များကလည်း နိုင်ငံအနှံ့အပြား ရောက်ရှိနေ၏။ ပညာရေးအတွက်လည်း အလယ်တန်း အထက်တန်းကျောင်းများသည် တောရောမြို့ပါမကျန် ရှိနေပြီဖြစ်၏။

ထို့ကြောင့် ရွာနေမိဘများသည် ကိုယ့်သားကိုယ့်သမီးများကို ``ပညာရေး´´ဘက် ဇောင်းပေးလာကြသည်ကို တွေ့ရပေ သည်။ တိုင်းပြည်အတွက် ကောင်းသောလက္ခဏာပင် ဖြစ်၏။ ပညာတတ်မှလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်မည် မဟုတ်ပါလော။ ထို့ကြောင့် တိုင်းပြည်တိုးတက်ဖို့အတွက် ပညာရေးကို အားပေးရမည် ဖြစ်ပါသည်။

သို့သော် လောကီဘက်ကို ဇောင်းပေးလွန်းလျှင်လည်း သာသနာအတွက် အားနည်းသွားပြန်၏။ ထို့ကြောင့် သာသနာ အတွက်လည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပြန်ပါသည်။ တချို့မိဘများသည် မိမိတို့၏သားများကို ဘွဲ့ရပညာတတ် ဖြစ်စေချင်သော ကြောင့် ကိုရင်ဝတ်ပေးဖို့အတွက် လုံးဝ စိတ်မကူးတော့ပါ။

တချို့မိဘများကတော့ ``ကိုရင်ဝတ်လို့ ဘုန်းကြီးဘ၀မှာ မြဲရင် တော်ပါရဲ့၊ မမြဲလို့ လူထွက်လာရင် တောင်မရောက် မြောက် မရောက် ဖြစ်မှာ၊ ဒီတော့ စိတ်မချရဘူးဘုရား´´ဟု သားငယ်များ၏ အနာဂတ်ကို တွေးပူကြလေသည်။

ထို့ကြောင့် သားဖြစ်သူက ကိုရင်ဝတ်ချင်သည်ဆိုဦးတော ခွင့်မပြုတော့ဘဲ ပညာတတ်ဖြစ်စေဖို့ အတန်းကျောင်းကိုသာ ဇွတ် ထားကြလေတော့၏။ သို့အတွက် ကိုရင်ဝတ်မည့်ကလေးငယ်များ တဖြေးဖြေးနှင့် ရှားပါးလာခြင်း ဖြစ်သည်။

``လောကီအာရုံနှင့် သာသနာ´´
------------------

ထို့အပြင် တီဗီ စလောင်း တယ်လီဖုန်း ကွန်ပျူတာ အမ်ပီသရီး အမ်ပီဖိုး စသည့် ရုပ်ဝတ္ထုတို့ကြောင့် သီချင်းမျိုးစုံ၊ အားကစား မျိုးစုံ၊ ဇာတ်လမ်းမျိုးစုံ၊ သတင်းမျိုးစုံ၊ ဂိမ်းမျိုးစုံ အဖုံဖုံတို့သည် ကြောက်ခမန်းလိလိ အရှိန်ကောင်းလာ၏။ ယင်း အာရုံများသည် ခေတ်သစ်ကလေးငယ်များအတွက် ``စွဲမက်စရာ ဥပါဒါန်အာရုံကြီး´´ ဖြစ်နေ၏။

ဖန်ဝါသင်္ကန်းကို ဆင်မြန်းရသောဘ၀သည် ယင်းအာရုံများနှင့် ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်နေရကား ကလေးများသည် ``ကိုရင်ဘ၀´´ ကို အကျဉ်းထောင်တစ်ခုသဖွယ် မြင်သွားကြလေတော့၏။

နွေရာသီကျောင်းပိတ်ရက်များ၌ မိဘဖြစ်သူက တစ်ပတ်လောက် ကိုရင်ဝတ်ခိုင်းတာတောင် တချို့ကလေးများက ငြင်းဆိုကြ ၏။ ``တော်ပြီ၊ ကိုရင် မ၀တ်ချင်ဘူး၊ ကိုရင်ဝတ်လိုက်ရင် ဂိမ်း မဆော့ရတော့ဘူး၊ ကာတွန်းကား မကြည့်ရတော့ဘူး´´ဟု တငိုငို တရီရီ လုပ်ကြလေတော့သည်။

ဤကား ပြင်ပအာရုံတို့၏ ဖမ်းစားမှုပင်တည်း။ ယင်းကဲ့သို့ ဖမ်းစားမှုကြေင့် ယနေ့ခေတ် ကလေးငယ်များမှာ ကိုရင်ဝတ်ဖို့ ဆန္ဒ နည်းပါးသွားလေတော့သည်။

ထိုရုပ်ဝတ္ထုအာရုံ (မီဒီယာ) များသည်ကား လောကီနယ်ပယ်မှသာ မွှေနှောက်သည် မဟုတ်၊ သာသနာတွင်းသို့ပင် ၀င်ရောက် မွှေနှောက်လျက် ရှိပါသည်။ ယင်းပြင်ပအာရုံများသည် မသုံးတတ်လျှင် သာသနာအတွက် ``ချောက်ကမ်းပါး´´ပင် ဖြစ်၏။ အပျော် တမ်း ဖျော်ဖြေရေးဘက် ဇောင်းပေးထားသော ရုပ်ဝတ္ထုများသည်ကား ``ခေတ်သစ်မာရ်နတ်´´ဟု ပြောရတော့မလိုပင်။

ယင်းပြင်ပအာရုံများကြောင့် ရှင်ငယ်ရဟန်းငယ်များ စာပေစိတ်ဝင်စားမှု လျော့ပါးလာသည်ကို တွေ့ရပေသည်။ စာသင် တိုက်ကြီးများရှိသည့် စာချဆရာတော်များ အသိဆုံးပင် ဖြစ်သည်။

``ပြင်ပအာရုံတွေကြောင့် ကိုရင်တွေ စာဘက်ကို စိတ်ဝင်စားမှု အားနည်းသွားပြီ၊ ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး´´ဟု စာသင်တိုက်အုပ်ချုပ်ရေးဆရာတော်ကြီးများ ငြီးငြူနေကြပါ၏။

``စာသင်စာချအလုပ်´´သည် သမာဓိအားကောင်းဖို့ လို၏။ သမာဓိမရှိပါက မည်သို့မျှ မစွမ်းဆောင်နိုင်တော့ပါ။ အထူးသဖြင့် ပါဠိစာပေသည် အလွတ်ကျက်မှတ်ရသည့် စနစ်ကို အခြေခံထားသောကြောင့် သမာဓိအား ပို၍ လိုပေသည်။ ရုပ်ဝတ္ထုအာရုံများ (သည် သမာဓိ၏ ဆန့်ကျင်ဘက်ဖြစ်ရကား ယင်းအာရုံများကို တွန်းလှန် နိုင်မှ တော်ကာကျပေမည်။

``ကျောက်ခေတ်လူသားသဖွယ်´´
----------------------

မိမိတို့ငယ်ငယ်က ဘယ်ဘုန်းကြီးကျောင်းမှ တီဗီမရှိပါ။ စလောင်းဆိုသည်မှာလည်း ဟင်းအိုး ထမင်းအိုးကို ဖုံးသည့် စလောင်း ဖုံး လောက်သာ သိပါ၏။ ကွန်ပျူတာ၊ အင်တာနက်ဆိုသည်မှာလည်း ``သက်ရှိလား၊ သက်မဲ့လား´´ဟု တွေးတောယူရသည့် အခြေ အနေပင် ရှိပါ၏။

ဘောလုံးပွဲဆိုသည်မှာလည်း ရွာထဲရပ်ထဲမှ ကလေးများ ဆော့ကစားနေသည့် ဘောလုံးပွဲလောက်သာ ကြည့်ဖူး၏။ ``အာရှ ဖလား´´ဆိုတာ မသိ၊ ``ကမ္ဘာ့ဖလား´´ဆိုတာ နားမလည်။ ``ဖလား´´ဆိုလို့ ``ရေချိုးဖလား´´လောက်သာ ကောင်းကောင်း သိ၏။

ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲအကြောင်း သိချင်လျှင် ၁-ပေခွဲလောက် ရှည်လျားသော ရေဒီယိုမှ လွှင့်ထုတ်သော အသံကိုသာ စုပြုံတိုးဝှေ့၍ နားထောင်ကြရလေသည်။

အကြောင်းကိစ္စရှိ၍ ရပ်ရွာကို စကားပြောချင်လျှင်လည်း ဖုန်းဆက်စရာ မရှိ၊ ရွာရိုးကိုးပေါက်လျှောက်ပြီး ပြောပြရ၏။ ဇာတ်လမ်းကြည့်ချင်လို့မှ ဗီဒီယိုမရှိပါ။ ဘုရားပွဲရှိမှ ဇာတ်ပွဲကို သွားကြည့်ရ၏။

ထိုဇာတ်ပွဲကလည်း တစ်နှစ်မှ သုံးလေးခါ လောက်သာ ကြည့်ရ၏။ ယင်းအကြောင်းများကိုသာ ယခုခေတ် လူငယ်များကို ပြောပြလျှင် မိမိတို့ကို ``ကျောက်ခေတ်လူသား´´ဟု ထင်ကောင်းထင်သွားပေလိမ့်မည်။

``ငါးရာ့ငါးဆယ်ဇာတ်လမ်းနှင့် ကိုးရီယားဇာတ်လမ်း´´
--------------------------

မိမိတို့ ကိုရင်ဘ၀က ပြင်ပအာရုံနည်းပါးသည့်အတွက် ရှင်ငယ်ရဟန်းငယ်များသည် စာသင်စာချအလုပ်ကို တစိုက်မတ်မတ် လုပ်နိုင်၏။ ``စာကျက်ကြ´´ဆိုလျှင် ကျက်ကြ၏။ ``ဘုရားရှိခိုးကြ´´ဆိုလျှင် ဘုရားရှိခိုးကြ ၏။

ဘုရားရှိခိုးပြီး ညမအိပ်ခင်မှာ မိမိတို့ ကိုရင်ကျောင်းသားများကို ရွာဦးဘုန်းကြီးက ငါးရာ့ငါးဆယ်လာ ဇာတ်နိပါတ်များ၊ ပုံပြင်များ ပြောပြ၏။

ယနေ့ခေတ်အနေဖြင့် ပြောရလျှင် ထိုပုံပြင်တို့သည်ကား မိမိတို့ ကိုရင်ကျောင်းသားများအတွက် ``ကိုးရီးယား ဇာတ်လမ်း´´ ပင်တည်း။ တခါတရံ စာတိုပေစများ၊ ကဗျာများကိုလည်း ဆိုခိုင်း၏။

ထိုစာသံပေသံတို့သည်ကား အလွန်ကြည်နူးဖွယ် ကောင်းသည့် ``ဂီတသံ´´တို့ပေတည်း။ ယနေ့ခေတ်၌ကား ယင်းဓမ္မဂီတများသည် ဂျွတ်ဆတ်ဆတ် သီဆိုရသည့် ``ဟစ်ဟော့´´ ၏ ဒဏ်ကို မရှုမလှ ခံနေရရှာပေတော့သည်တကား။

ဤသို့လျှင် ယနေ့ခေတ် ကိုရင်များအတွက် အာရုံမျိုးစုံရင်ဆိုင်နေရသောကြောင့် ``ဆူးကြားသီသည့် ဗူးသီး´´ကဲ့သို့ ဖြစ်နေ ပေတော့သည်။ ထို့ကြောင့် တချို့ စာသင်တိုက်ကြီးများ၌ ``တယ်လီဖုန်း မကိုင်ရ၊ အမ်ပီသရီး မကိုင်ရ၊ ဂိမ်းမကစားရ´´ဟု မိမိတို့ငယ်စဉ်က မကြားဖူးသော ``စည်းကမ်းသစ်၊ ဥပဒေသစ်´´များ ထုတ်ရပေတော့သည်။

တချို့ စာသင်သားများကလည်း ကျောင်းတွင်းမှာ ဖုန်းမကိုင်ခွင့် မရှိသောကြောင့် စည်းကမ်းတင်းကျပ်သော စာသင်တိုက်ကြီး များကို စွန့်ခွာသွားကြလေတော့၏။ ထိုနောက် စာပေနှင့် အလှမ်းဝေးပြီး ``ရဟန်းလူထွက်၊ ကိုရင်လူထွက်ဘ၀´´သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိသွားကြလေတော့သည်။

တချို့စာသင်သားများကတော့ ကျောင်းတိုက်မှာ မလွပ်လပ်သောကြောင့် အားလပ်ချိန်တွင် ရပ်ကွက်ထဲရှိ လဘက်ရည်ဆိုင် အအေးဆိုင်တို့မှာ သွားပြီး အင်တာနက်အရသာကို နှစ်နှစ်ခြိုက်ခြိုက် ခံစားစံစား၍ နေလေတော့၏။ ထိုမှတဆင့် စာသင်စာချအလုပ်ကို စိတ်ကုန်ကာ ဖန်ဝါရောင် မြတ်သင်္ကန်းကို စွန့်ခွာပြီး ဈာန်လျှောတော်မူကြလေတော့သတည်း။

``သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး´´
------------------------

မိမိသည် ရုပ်ဝတ္ထုတိုးတက်ခြင်းကို အပြစ်ပြောနေခြင်း မဟုတ်ပါ။ ထိုရုပ်ဝတ္ထုတို့၏ ဘေးထွက်ဆိုးကျိုးကိုသာ ပြောနေခြင်း ဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းများကတော့ ခေတ်အားလျော်စွာ တိုးတက်နေမည်သာ ဖြစ်ရကား မိမိတို့က ကြိုဆိုလက်ခံ၍ အသုံးချ တတ်အောင် ကြိုးစားရမည် ဖြစ်ပေသည်။

ကွန်ပျူတာ၏ကျေးဇူးကြောင့် ပိဋကတ်သုံးပုံကို အလွယ်တကူ ရှာနိုင်ဖွေနိုင် ကြည့်နိုင်ခြင်း၊ တီဗီ စလောင်း အင်တာနက်တို့၏ ကျေးဇူးကြောင့် မြတ်ဗုဒ္ဓ၏ တရားများကို အလွယ်တကူဖြန့်ချိနိုင်ခြင်း၊ တရားတော်များကိုလည်း အလွယ်တကူ နာယူနိုင်ခြင်းစသော ကောင်းကျိုးအထွေထွေကလည်း အနန္တပင် ဖြစ်၏။

ထို့ကြောင့် ထိုရုပ်ဝတ္ထုတို့၏ ဘေးထွက်ဆိုးကျိုးကို ထည့်သွင်းစဉ်းစားပြီး မည်ကဲ့သို့ ကာကွယ်ရမည်ဆိုသည်ကိုသာ နည်းလမ်းရှာကြံရမည် ဖြစ်ပါသည်။

မိမိနှင့်ရင်းနှီးးသော နာယကဆရာတော်တစ်ပါးဆိုလျှင် ရှင်ငယ်ရဟန်းငယ်များ ဖုန်းတကိုင်ကိုင် လုပ်နေသောကြောင့် စာအံကျောင်း၌ စီစီတီဗီ ကင်မရာဖြင့် စောင့်ကြည့်ပြီး ခေတ်သစ်နည်းစနစ်ဖြင့် ကာကွယ်လိုက်လေတော့သည်။ ငါးကြင်းဆီနှင့် ငါးကြင်းကြော်လိုက်ခြင်းပင်တည်း။

ယခုခေတ်သည် ယခင်နှင့်မတူတော့။ ထို့ကြောင့် ယခင်က မရှိခဲ့ဖူးသော စည်းကမ်းအသစ်များကို ထုတ်ပြန်ဖို့ လိုသကဲ့သို့ ခေတ်နှင့်လျော်ညီသော အထောက်အကူပြုပစ္စည်းများကိုလည်း စနစ်တကျ သုံးစွဲပြီး ကာကွယ်တတ်ဖို့ လိုအပ်လှပေသည်။

ထိုသို့ မလုပ်ပါက ရုပ်ဝတ္ထုတိုးတက်ခြင်း၏ ဘေးထွက်ဆိုးကျိုးကြောင့် အရည်အချင်းပြည့်ဝသော ကိုရင်လေးများ ရှားပါးသထက် ရှားပါး သွားမည် ဖြစ်ပေသည်။

အနှစ်ချုပ်ပြီး ပြောရမည်ဆိုလျှင် လောကီလူမှုဘ၀ တိုးတက်မှုနောက်သို့ မဟားဒရား လိုက်ခြင်း၊ အပျော်တမ်း ဖျော်ဖြေရေး ကို ဇောင်းပေးထားသော ရုပ်ဝတ္ထုများ အလွန်အကျွံ တိုးတက်လာခြင်းတို့ကြောင့် ကိုရင်ရှားပါးရခြင်းဖြစ်သည် သုံးသပ်မိပါသည်။

``ကိုရင်ရှားပါးခြင်း၏ ဒုတိယအကြောင်း´
--------------------

ကိုရင်ရှားပါးရခြင်း၏ အခြားအကြောင်းတစ်ခုမှာ ကလေးမွေးဖွားနှုန်းကျဆင်းခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အကျယ် အ၀န်း၊ ပထ၀ီအနေအထားအရ လူဦးရေ သန်း ၁၀၀-ထိ စားနပ်ရိက္ခာလုံလောက်ကြောင်း သုတေသီ ပညာရှင်များက ဟောကိန်း ထုတ်ထားပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် လူဦးရေထူထပ်သော တရုတ်နှင့် အိန္ဒိယ၊ လူဦးရေပေါက်ကွဲနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ကပ်လျက် ရှိသောကြောင့် အနည်းဆုံး လူဦးရေ သန်း ၇၀- အထိ ရှိသင့်ပါ၏။

သို့မှသာ ကိုယ့်နိုင်ငံကို ကာကွယ်နိုင်မည်ဖြစ်၏။ ထိုသန်း ၇၀-ထဲမှာလည်း ဗုဒ္ဓဘာသာဝင် ဦးရေက ယခင်နှုန်းအတိုင်း ရာခိုင်နှုန်း ၈၀- ရှိုဖို့ လိုအပ်ပြန်၏။ သို့မှသာ ကိုယ့်ဘာသာ ကိုယ့် သာသနာကို ကာကွယ် စောင့်ရှောက်နိုင်မည် ဖြစ်သည်။

လူဦးရေသန်း ၇၀-တော့ရှိပါ၏။ သို့သော် သန်း ၃၀-လောက်က မွတ်စလင်ဖြစ်နေလျှင်လည်း စေတီပုထိုးများ မျက်ခုံး လှုပ်တော်မူကြပေလိမ့်မည်။ ``ဒါကတော့ လုံးဝ မဖြစ်နိုင်ဘူး၊ စိတ်ကူးယဉ်ဆန်လွန်းပါတယ်´´ဟု အပြစ်မြင်ကောင်း မြင်နိုင်ပါ၏။

လက်တွေ့ဖြစ်စဉ်ကို ကြည့်ပြီး တင်ပြခြင်း ဖြစ်ပါသည်။ မျက်မှောက်ခေတ်ကမ္ဘာကြီး၌ မွတ်စလင် လူဦးရေ သည် ကြောက်ခမန်းလိလိ တိုးပွားနေသည်မှာ အထင်အရှားပင် ဖြစ်ပါ၏။ ထိုနည်းတူစွာ မြန်မာနိုင်ငံ၌လည်း တိုးပွားနေပါ၏။

သံတော်ဆင့်ဂျာနယ်၌ “၁၉၈၀-ခုနှစ်က ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလူဦးရေ ၂ သိန်းခွဲရှိသော်လည်း ၁၀၁၂-ခုနှစ်မှာ ၁၀-သိန်းဖြစ်လာတယ်”ဟု မွတ်စလင်ဦးရေတိုးတက်ပုံကို အတိအကျ ရေးထားပါသည်။ (သံတော်ဆင့် ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၅၊ ဇန်န၀ါရီ ၁၉၊ ၂၀၁၃)။

ဤဖြစ်ရပ်ကို ကြည့်ပါက နှစ်ပေါင်း ၃၀-၀န်းကျင်အတွင်း၌ ရခိုင်ပြည်နယ်တစ်ခုထဲမှာပင် မွတ်စလင် ဘင်္ဂါလီဦးရေဟာ ၃-ဆ တက်သွားကြောင်း တွေ့ရပါသည်။ အခြားဒေသသို့ ခိုးဝင်သွားသည့် ဘင်္ဂါလီများ မပါဝင်သေးပါ။ ဤကား ဒဏ္ဍာရီမဟုတ်။ လက်တွေ့ အမှန်တရားပင် ဖြစ်၏။

ယင်းနှုန်းထားအတိုင်းသာ ဘင်္ဂါလီလူဦးရေ တိုးပွားသွားမည်ဆိုလျှင် နောင်နှစ်ပေါင်း ၃၀-လာက်မှာ ရခိုင် ပြည်နယ်တစ်ခုထဲမှာပင် ဘင်္ဂါလီလူဦးရေသည် ၄- သန်းဖြစ်သွားပေလိမ့်မည်။

``နိုင်ငံလူဦးရေ ကျဆင်း´´
----------------------

မြန်မာနိုင်ငံ၏လူဦးရေသည် လွပ်လပ်ရေး ရပြီးခါစက သန်း ၂၀- ၀န်းကျင်သာ ရှိ၏။ ထိုအချိန်မှစ၍ လူဦးရေ တဖြေးဖြေး တိုးပွားလာရာ ယနေ့အချိန်မှာ ၅၁-သန်း ဖြစ်လာလေတော့သည်။ ပုံမှန်အတိုင်းသာ လူဦးရေ တိုးပွားလာလျှင် ယနေ့အချိန်မှာ သန်း ၆၀- ရှိရမည် ဖြစ်ပေသည်။

သို့သော် ၉-သန်းလောက် လျော့နည်းသွားသည်ကို တွေ့ရပေသည်။ ဤကား ကလေးမွေးဖွားနှုန်းကျဆင်း ခြင်း၏ လက္ခဏာပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀-ကျော်က မြန်မာနိုင်ငံ၏ ကလေးမွေးဖွားနှုန်းမှာ ပျမ်းမျှ တစ်မိသားစု ကလေး ၆-ယောက် ရှိခဲ့၏။ ထို့နောက် တဖြေးဖြေး ကလေးမွေးဖွားနှုန်း ကျဆင်းလာရာ ယနေ့အချိန်မှာတော့ တစ်မိသားစုမှာ ကလေး ၃-ယောက်သာ ရှိပါတော့၏။

မြို့နေလူတန်းစားတို့သည်ကား တစ်မိသားစုမှာ ကလေး ၂-ယောက်သာ ရှိလေ၏။ ထိုအချက်ကို ကြည့်ပါက ယနေ့ မျက်မှောက် ခေတ်မှာ ယခင်ကထက် ကလေးမွေးဖွားနှုန်း ထက်ဝက်ကျော်ကျော် ကျဆင်းသွားသည်ကို တွေ့ရပါသည်။

ကလေးမွေးဖွားနှုံးကို အပေါ်ယံကြည့်လျှင် ဆင်းရဲကျပ်တည်းမှုဒဏ် လျော့နည်းသွားမည်ဟု ထင်စရာရှိ၏။ ဟုတ်သလောက် လည်း ဟုတ်ပါ၏။ ကလေး ၅-ယောက် ရှိသော မိသားစုနှင့် ကလေး ၂-ယောက် ရှိသော မိသားစု ယှဉ်ကြည့်လျှင် ကလေး ၅-ယောက် ရှိသော မိသားစုမှာ ပို၍ ရုန်းကန်ရပါ၏။ ပို၍လည်း ကျပ်တည်းပါ၏။

သို့သော် နိုင်ငံအတွက် ဘေးထွက်ဆိုးကျိုးကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါသည်။ ကလေးမွေးဖွားနှုန်း ကျဆင်း နေသည့် အတွက် ကာယလုပ်သား ဥာဏလုပ်သားများလည်း ကျဆင်းသွားသည်ကိုလည်း မမေ့သင့်ပါ။

``မိသားစု ၁-သန်းမှာ ကလေး ၃-သန်း လျော့နည်း´´
----------------------
ရှေးခေတ်က မိသားစု ၁-သန်းမှာဆိုလျှင် ပျမ်းမျှ သားသမီး ၆-သန်း ထွန်းကား၏။ ယနေ့ခေတ်မှာတော့ မိသားစု ၁-သန်းမှ ပျမ်းမျှ သားသမီး ၃-သန်းသာ ထွန်းကားလေတော့သည်။

ထိုကြောင့် နိုင်ငံအတွက် ကာယလုပ်သား ဥာဏ်လုပ်သား ၃-သန်း လျော့နည်းသွားလေတော့သည်။ လုပ်သားအင်အား ၃-သန်းလျော့နည်းသွားလျှင် ထိုသူတို့၏ လုပ်အားခ၀င်ငွေလည်း လျော့နည်း သွားမည် ဖြစ်ပေသည်။

လူတစ်ယောက်၏ တစ်ရက်ဝင်ငွေ အနည်းဆုံး ၃၀၀၀-ကျပ်နှင့်တွက်ဦးတော့ လူ ၃-သန်းဆိုလျှင် တစ်ရက်လျှင် ကျပ် သန်းပေါင်း ၉-ထောင် (၉-ဘီလျံ) ရရှိမည် ဖြစ်၏။ လုပ်သားအင်အား ၃-သန်း လျော့နည်းသွားလျှင် နိုင်ငံအတွက် တစ်ရက် တစ်ရက်လျှင် ကျပ်သန်းပေါင်း ၉-ထောင် လျော့နည်းသွားမည် ဖြစ်ပေသည်။

အထူးအားဖြင့် မိမိတို့ ဗုဒ္ဓဘာသာဝင်ဦးရေ မကျဆင်းဖို့ လိုအပ်ပါသည်။ သို့မှသာ ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက် နိုင်မည် ဖြစ်ပါသည်။ ``လူသားအရင်းအမြစ်´´ ဆိုသည်မှာ အရေးကြီးဆုံး ဖြစ်သည် မဟုတ်ပါလော။ ထို့ကြောင့် ဘက်ပေါင်းစုံ ကြည့်ပြီး စဉ်းစားဆုံးဖြတ်ရမည် ဖြစ်ပါသည်။

တိုင်းပြည်၏အနာဂတ်သည် လူငယ်များ၏လက်ထဲတွင် ရှိရကား မျိုးဆက်သစ်လူငယ်များ အင်အားနည်းလျှင် တိုင်းပြည် အတွက် လုပ်သားအင်အားလည်း လျော့နည်းသွားမည် ဖြစ်ပေသည်။

လုပ်သားအင်အား လျော့နည်းသွားလျှင် တိုင်းပြည်ကို မည်ကဲ့သို့ ကာကွယ်စောင့်ရှောက်မည်နည်း၊ မည်ကဲ့သို့ တိုးတက်အောင် လုပ်မည်နည်း။ ဝေဘန်သုံးသပ်ရမည် ဖြစ်၏။ ဗုဒ္ဓဘာသာဝင်ဦးရေ ကျဆင်းခြင်းကား ပို၍ ထိတ်လန့်ဖွယ်ဖြစ်ပါသည်။

မည်သည့်အရာမဆို ``တန်ဆေးလွန်ဘေး´´ပင်။ ထို့ကြောင့် ကလေးမွေးဖွားနှုန်းကျဆင်းခြင်းသည် မကောင်းသကဲ့သို့ ကလေးမွေးဖွားနှုန်း များပြားခြင်းသည်လည်း မကောင်းပါ။ ကလေးမွေးဖွားနှုန်း လွန်ကဲလျှင်လည်း တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်သွားလေသည်။

``ရခိုင်ပြည်နှင့် ဘင်္ဂါလီ´´
-------------------
ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောမြို့နယ်များမှာတော့ ဘင်္ဂါလီလူမျိုးများသည် တစ်မိသားစု ကလေး ၁၀- ယောက်၊ ၁၅- ယောက်ထိ ယူနေ၏။ တချို့မိသားစုဝင်ဆိုလျှင် အိမ်ထောင်ရှင် ယောက်ျားက ဇနီးအများကြီး ယူထားသည့်အတွက် မိသားစုဝင်ဦးရေ ၇၀- ၈၀-ထိ ဖြစ်နေပါ၏။ မဖြစ်နိုင်ဟု ထင်စရာရှိ၏။ သို့သော် တကယ်ဖြစ်နေ၏။

မိမိ ထိုသတင်းကြားခါစက ``ဘုရားဘုရား´´ဟု ဖြစ်သွားပါတော့သည်။ ထို့ကြောင့် ထိုဒေသများမှာ ဆင်းရဲကျပ်တည်းမှုဒဏ် အလူးအလဲ ခံနေရပါသည်။ ဆင်းရဲကျပ်တည်းမှုကို လျှော့ချဖို့အတွက် လူဦးရေထိန်းချုပ်ဖို့ လိုအပ်လှပေသည်။

ထို့ကြောင့် ထိုကဲ့သို့သော ဒေသများအတွက် ``လူဦးရေ ထိန်းချုပ်မှုဆိုရာ ဥပဒေ´´ ဖြစ်ပေါ်လာရခြင်းပင်။ သို့သော် အမျိုးသားလုံခြုံရေးကို နားမလည်ကြသည့် နိုင်ငံရေးသမားများက အမျိုးစောင့်ဥပဒေလေးခုတွင် တစ်ခုအပါအ၀င် ဖြစ်သော ``လူဦးရေ ထိန်းချုပ်မှုဆိုင်ရာ ဥပဒေ´´ ကန့်ကွက်ကြလေသည်။

အမှန်ကတယ်ဖြစ်သင့်သည်ကား မဇ္ဈိမပဋိပဒါ ဆိုသည့်အတိုင်း ကလေးမွေးဖွား နှုန်းသည် မများလွန်း မနည်းလွန်းဘဲ လိုအပ်သလောက် ရှိနေခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါသည်။

ရခိုင်ပြည်နယ်ရှိ တချို့ဒေသများ၌ ရခိုင်ရွာများ ပျောက်ပြီး ဘင်္ဂါလီမွတ်စလင်ရွာကြီးများ အလျှိုအလျှို ဖြစ်ထွန်းလာသည်မှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူဦးရေ ကျဆင်းမှုကြောင့်ပင်တည်း။

ရန်ကုန်မြို့ကြီးများ၌ပင် တချို့ရပ်ကွက်များသည် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာမှ မွတ်စလင်အများစုနေထိုင်ရာအဖြစ်သို့ ပြောင်းလဲသွားပါတော့သည်။ သုတေသနလုပ်ပြီး သေချာစိစစ်ဖို့ ကောင်းလှ၏။ ထိုဖြစ်ရပ်များကား ဗုဒ္ဓဘာသာဝင်ဦးရေ ကျဆင်းခြင်း၏ လက္ခဏာကို ဖေါ်ပြလျက် ရှိနေပါ၏။

လူတစ်ယောက် ရောဂါလက္ခဏာပြပါက ထိုရောဂါကို ကြိုတင်ကာကွယ်ရမည် ဖြစ်၏။ ကြိုတင်မကာကွယ်ပါက နေမြင့်လေ အရူးရင့်လေဆိုသကဲ့သို့ ရောဂါရင့်ပြီး အသက်ပါဆုံးရှုံးနိုင်ပါသည်။ ယခုလည်း မိမိတို့နိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များအတွက် ရောဂါ လက္ခဏာ ပြနေပါသည်။

ထိုရောဂါကား အခြားမဟုတ်၊ မိစ္ဆာဒိဋ္ဌိကာကိဏ္ဏ- မွတ်စလင်ဘင်္ဂါလီလူဦးရေ များပြားလာခြင်းရောဂါ ဖြစ်ပါ၏။ သတိမူလျှင် မြူကိုပင် မြင်နိုင်ရကား အမျိုးသားအကျိုးစီးပွားအတွက် ကာကွယ်ရမည့်အချက် ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက ဒေသမျိုးစုံသည် ဘူးသီးတောင် မောင်တောကဲ့သို့ ဖြစ်သွားနိုင်ပါသည်။

တချိန်က ဘူးသီးတောင် မောင်တောသည် ရခိုင်လူမျိုးများ နေထိုင်ရာ ဒေသဖြစ်၏။ ဘင်္ဂါလီကုလားလူမျိုးများမှာ မရှိ သလောက်ပင် ဖြစ်၏။ အင်္ဂလိပ်အုပ်စိုးသည့်ခေတ်ရောက်မှသာ တစတစ ရောက်လာခြင်း ဖြစ်သည်။

ယခုအချိန်မှာတော့ ဘင်္ဂါလီ လူမျိုးများမှာ လူတစ်ရာမှာ ၉၅-ယောက်နှုန်း ဖြစ်နေပါတော့သည်။ ဒေသခံ ရခိုင်လူမျိုးများမှာ လူနည်းစုဖြစ်သွားသောကြောင့် လူများစု ဘင်္ဂါလီအောက် အလိုလိုရောက်သွားလေတော့သည်။ ဤကား ဗုဒ္ဓဘာသာဝင် ဦးရေ ကျဆင်းခြင်း၏ အကျိုး ဆက်ပင်တည်း။

``တိပိဋကဆရာတော်တစ်ပါးရဲ့ အမြင်´´
------------------------

အနာဂတ်တိုင်းပြည်နှင့် လူမျိုးကို စောင့်ရှောက်မည့်သူများမှာလည်း မျိုးဆက်သစ် ကလေးငယ်များပင် ဖြစ်၏။ ထို့ကြောင့် ရေရှည်အကျိုးကို မျှော်ကိုး ပြီး ကလေးမွေးဖွားနှုန်း ကျဆင်းခြင်း၏ အန္တရာယ်ကို မီးမောင်းထိုးပြဖို့ လိုအပ်လှပေသည်။

လွန်ခဲ့သော နှစ်က (၂၀၁၅)   မိမိသည် တိပိဋကဆရာတော်တစ်ပါးနှင့် ကလေးမွေးဖွားနှုန်းကျဆင်းခြင်း၏ အန္တရာယ်ကို ပြောဖြစ်ခဲ့၏။ ထိုအခါ တိပိဋကဆရာတော်က ``ဦးဇင်းရေ တပည့်တော်ကတော့ ရင်းနှီးမှုလည်း ရှိတယ်၊ ယောက်ျားလေးလည်း ဖြစ်တယ်ဆိုရင် သားသမီး များများယူဖို့ တိုက်တွန်းလိုက်တာပဲ´´ဟု မိမိကို ရယ်ရယ်မောမော ပြောပြပါ၏။

``တိပိဋကဆရာတော်က ဘာ့ကြောင့် ဒီလိုပြောရတာလဲ၊ ဒါက လောကီ ကိစ္စပါ´´ဟု မတွေးစေချင်ပါ။ အနာဂတ်တိုင်းပြည် အတွက် မျိုးဆက်သစ်ကလေးငယ်များ ရှားပါးသွားမည်ကို စိုးရိမ်သောကြောင့် ထိုကဲ့သို့ ပြောခြင်း ဖြစ်ပါသည်။

``အချိန်မီချုပ် အစုတ်သက်သာ´´
-------------------
ကလေးမွေးဖွားနှုန်းကျဆင်းခြင်းသည် မိမိတို့နိုင်ငံမှာသာ မဟုတ်ပါ။ ဖွံ့ဖြိုးပြီးစ နိုင်ငံတိုင်းလိုလိုမှာ ကလေးမွေးဖွားနှုန်း ကျဆင်းလျက် ရှိပါသည်။

ဂျပန် ထိုင်ဝမ် ကိုးရီးယား ဟောင်ကောင် စသော စီးပွားရေးအဆင်ပြေသော နိုင်ငံများတွင် အိမ်ထောင်ပြုမှု လျော့ကျလာခြင်း၊ အသက်ကြီးမှ အိမ်ထောင်ပြုခြင်းတို့ကြောင့် ကလေးဦးရေမှာ သိသိသာသာ ကျဆင်းလျက် ရှိပါသည်။ ကလေးဦးရေကျဆင်းခြင်းသည် တိုင်းပြည်၏လုပ်အား ကျဆင်းခြင်းပင် ဖြစ်ရကား တိုင်းပြည်အတွက် အရေးကြီးလှပေသည်။

ထိုသို့ဖြစ်လျှင် ``တိုင်းပြည်လုပ်အား တိုးတက်ဖို့အတွက် တစ်မိသားစု ကလေး ၉-ယောက် ၁၀-ယောက် ယူရမှာလား´´ဟု မေးစရာ ရှိပါ၏။ မည်သည့်အရာမဆို သူ့အိုးနှင့်သူဆန် တန်ရုံသာ အကောင်းဆုံး ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံအတွက် လိုအပ်ချက် အတိုင်းအတာ တစ်ခုထိ ရှိဖို့သာ အဓိက ဖြစ်ပါသည်။

ဖွံ့ဖြိုးပြီး အာရှနိုင်ငံတို့၌ တစ်မိသားစုမှာ ပျမ်းမျှ ကလေး ၁ ဒသမ ၆ ယောက်သာ ရှိတော့သတဲ့။ ရှင်းအောင် ပြောရမည်ဆိုလျှင် မိသားစု ၁၀၀-မှာ ပျမ်းမျှ ကလေး ၁၆၀-သာ ရှိတော့၏။ ထို့ကြောင့် လုပ်သားအင်အား ရှားပါးမှုဒဏ် အကြီးအကျယ် ခံနေရပါ၏။

မိမိတို့နိုင်ငံမှာကား မိသားစု ၁၀၀-ရာမှာ ကလေး ၃၀၀- ရှိသည်ဆိုတော့ သူတို့နှင့်စာလျှင် တော်ပါသေး၏ဟု ပြောရမည်ပင်။ သို့သော် ပညာရှင်များ သတ်မှတ်သည့် နိုင်ငံလူဦးရေ သန်း ၇၀-ခန့် မရောက်သေးပါ။ ထို့ကြောင့် လုပ်သားအင်အား နည်းပါးသေး၏ဟု ပြောရမည်ပင် ဖြစ်ပါသည်။

ဂျပန်နိုင်ငံမှာဆိုလျှင် ကလေးမွေးဖွားနှုန်း လွန်လွန်ကဲကဲ ကျဆင်းလျက် ရှိသောကြောင့် တက္ကသိုလ်တစ်ခုမှ ပါမောက္ခကြီး တစ်ယောက်က ``ကျွန်ုပ်တို့နိုင်ငံမှာ အခုလို ကလေးမွေးဖွားနှုန်း ကျဆင်းသွားလျှင် နောင် နှစ်ပေါင်းတစ်ထောင်မှာ ဂျပန်လူမျိုး ကွယ်ပျောက်သွားနိုင်ပါတယ်´´ဟု သတင်းစာ စာစောင်တို့မှ တဆင့် နှိုးဆော်လိုက်လေသည်။

ထိုအခါကျမှ တနိုင်ငံလုံး ထိတ်ထိတ်ပြာပြာ ဖြစ်ပြီး လူကြီးမိဘများသည် မိမိတို့၏ အိမ်ထောင်သည် သားသမီးများကို ကလေးများများယူဖို့ တိုက်တွန်းကြသော ဟူ၏။

ထိုကဲ့သို့ အမျှော်အမြင်ရှိသော ပါမောက္ခကြီးကြောင့် ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း ကျဆင်းမှု လျော့နည်းသွားသတတ်။ တခြားနိုင်ငံများ၏ဖြစ်ရပ်ကို ကြည့်၍ မိမိတို့နိုင်ငံကို ပြုပြင်နိုင်မှသာ အချိန်မီချုပ် အစုတ် သက်သာမည် ဖြစ်ပါသည်။

``သားသမီးဆိုတာ ရတနာ´´
-----------------

မိမိနှင့်ရင်းနှီးသော စာရေးဆရာတစ်ယောက် ရှိ၏။ သူသည် အရွယ်ရောက်ပြီး ဖြစ်ပါလျက် အိမ်ထောင်မပြုသူများကို သဘောမကျ။ ထို့ကြောင့် ``အပျိုကြီး လူပျိုကြီးများသည် အိမ်ထောင်မပြုသည့်အတွက် မာတာပိတုဂုဏော အနန္တောဆိုသည့်အတိုင်း အနန္တဂိုဏ်းဝင် မိဘ မဖြစ်နိုင်တော့ပါ´´ဟု ပညာသားပါပါ အသိပေးလျက် ရှိပါသည်။

အဆိုအမိန့်တစ်ခု ရှိ၏။ ``ပုခက်လွှဲသော လက်သည် ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်၏´´။ ထိုအဆိုအမိန့်သည် မိခင် တစ်ယောက်၏ တန်ဖိုးကို ဖော်ကျူးထားခြင်းပင် ဖြစ်သည်။

မှန်၏။ ကားပေါ်ရထားပေါ်များ၌ ရင်ခွင်ပိုက်ကလေးပါသော မိခင်များကို နေရာပေးကြသည်မှာလည်း မိခင်တစ်ယောက်ကို တန်ဖိုးထားခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် ပုခက်လွှဲသော လက်များကို ဂုဏ်ပြုကြဖို့ လိုအပ်လှပေသည်။

ထိုအချက်ကို ကောင်းကောင်းသိသည့် ကျေင်းဆရာကြီးတစ်ယောက်ဆိုလျှင် သူကိုယ်တိုင်လည်း သားသမီး ၇-ယောက် ယူထား၏။ သူနှင့်ရင်းနှီးသော တပည့်များကိုလည်း ``သားသမီးဆိုတာ ရတနာ၊ ဒါကြောင့် သားသမီး များများယူရမယ်´´ဟု မကြာမကြာ ပြော၏။

ဆရာကြီး၏ တပည့်ဖြစ်သော အမျိုးသမီးတစ်ယောက်က ထိုစကားကို မနှစ်မြို့ခဲ့။ သို့သော် ကလေးမွေးဖွားနှုန်း ကျဆင်း ခြင်း၏ အန္တရာယ်ကို စဉ်းစားကြည့်သောအခါ ခေါင်းနားပန်းကြီးသွားလေတော့၏။ ထိုအခါကျမှ ကျောင်းဆရာ ကြီး၏ ``သားသမီး များများ ယူကြပါ´´ဟူသော စကား၏ အရေးကြီးပုံကို နားလည်သွားသတတ်။

``အရေအတွက်နှင့် နှုန်းထား´´
------------------

ကလေးမွေးဖွားနှုန်းကျဆင်းခြင်းနှင့် ကိုရင်နည်းပါးခြင်းသည် မည်သို့ ပတ်သက်သနည်းဟု ဆိုငြားအံ့။ ကလေးမွေးဖွား နှုန်းကျဆင်းလျှင် ကျွဲကူးရေပါဆိုသကဲ့သို့ ကာယလုပ်သား ဥာဏလုပ်သားများမှာလည်း လျော့ကျသွားလေသည်။ ရှင်ရဟန်းဆို သည်မှာ ဥာဏလုပ်သားထဲမှာ ပါဝင်ရကား ကလေးနည်းသွားလို့ ကိုရင်နည်းသွားခြင်းဖြစ်သည်ဟု ပြောနိုင်ပါ၏။

ရှင်းဦးအံ့။ ရွာတစ်ရွာမှာ မိသားစုဦးရေ ၂၀၀- ရှိလျှင် ယခင်က ကလေး ၆၀၀- ထွန်းကား၏။ ယခုအချိန်မှာတော့ ကလေး ၃၀၀- သာ ထွန်းကားတော့၏။

ကလေး ၁၀၀-မှာ ကိုရင် ၁-ပါး ဖြစ်ထွန်းလျှင် ကလေး ၆၀၀-မှာ ကိုရင် ၆-ပါး ပေါ်ထွက်မည် ဖြစ်၏။ ကလေး ၃၀၀- ဆိုလျှင်တော့ ကိုရင် ၃-ပါးသာ ပေါ်ထွက်တော့ မည် ဖြစ်သည်။

မှန်လှပေ၏။ ကလေး ၁၀၀- မှာ ကိုရင် ၁၀-ပါး ထွက်ပေါ်နိုင်သော်လည်း ကလေး ၁၀-ယောက်ပဲဆိုရင်တော့ ဘယ်နည်းနှင့်မျှ ကိုရင် ၁၀-ပါး မထွက်ပေါ်နိုင်ပေ။ ကလေးများတိုင်း ကိုရင်များမည်ဟု မပြောလိုပါ။

သို့သော် ကလေးနည်းလျှင်တော့ ကိုရင်နည်း မည်မှာ သေချာလှပေ၏။ ထို့ကြောင့် ကလေးမွေးဖွားနှုန်းကျဆင်းသည်လည်း ကိုရင် နည်းပါးရခြင်း၏ အကြောင်းတစ်ခု ဖြစ်ပါသည်။

``မရှိမဖြစ် မျိုးဆက်သစ်´´
----------------------
သာသနာရေရှည်တည်တံ့ဖို့အတွက် မျိုးဆက်သစ် ကိုရင်သည် မရှိလို့ မဖြစ်ပါ။ ကိုရင်မရှိလျှင် သာသနာ့မျိုးဆက် ပြတ်သွားမည်ပင် ဖြစ်၏။ ထို့ကြောင့် တတ်နိုင်သည့် ဘက်မှနေ၍ ``ကိုရင်လေး´´များကို အရေအတွက်ရော၊ အရည်အချင်းပါ ပြည့်စုံ လုံလောက်အောင် ပြုစုပျိုးထောင်ရမည် ဖြစ်ပါသည်။

ကိုရင်လေးများ အရည်အချင်းပြည့်ဝဖို့အတွက် နေနည်းထိုင်နည်း၊ စားနည်းသောက်နည်း၊ ပြောနည်းဆိုနည်း၊ ကျင့်နည်း ကြံနည်း စသည်တို့ကို သင်ပေးရမည် ဖြစ်သကဲ့သို့ အခြေခံ သဒ္ဒါ၊ အဘိဓမ္မာတို့ကို သင်ပေးရပေမည်။ ထိုနောက် ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း (သို့မဟုတ်) သာမဏေကျော်စာမေးပွဲကို ဖြေဆိုခိုင်းရမည်။
ယင်းစာမေးပွဲတို့ ပြီးဆုံးလျှင် ဓမ္မာစရိယတန်း သက်သက်ကိုသော်လည်းကောင်း၊ ဓမ္မာစရိယတန်းနှင့် ဘာသန္တရစာပေကို တွဲဘက်၍သော်လည်းကောင်း သင်ပေးရမည်။ ဘာသန္တရစာပေနှင့်တွဲဘက်၍ သင်ရာ၌ကား ပိဋကတ်စာပေကို အဓိကထား သင်ပေးသင့်၏။

``ပိဋကတ်စာပေနှင့် ဘာသန္တရ´´
--------------------

ဘာသန္တရစာပေသင်ကြားခြင်းသည် ကောင်းသည်မှန်သော်လည်း ပိဋကတ်စာပေထက် ဦးစားမပေးသင့်ပါ။ ပိဋကတ်စာပေကို ကျောရိုးအဖြစ် သင်ကြားပေးပြီး ဘာသန္တရစာပေကို အရံအဖြစ်သာ သင်ကြားပေးရမည် ဖြစ်သည်။

မြတ်စွာဘုရားကိုဟောကြားသည့် တရားတော်များကို ပါဠိဘာသာဖြင့်ပင် မှတ်တမ်းတင်ထားသောကြောင့် ပါဠိ (ပိဋကတ်) စာပေဆိုသည်မှာ ဗုဒ္ဓသာသနာ၏ အသက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ရှင်ရဟန်းများသည် ပါဠိဘာသာကို အခြေခံကြည့်နိုင်ဖတ်နိုင် အဆင့်ထိ သင်ကြားပေးရမည် ဖြစ်ပါသည်။

မိမိကျောင်းတိုက်မှာ ရှိသည့် ကိုရင်များကို ``အင်္ဂလိပ်စာသင်ရတာနဲ့ ပါဠိစာ (ရှင်ကျင့်ဝတ်၊ သဒ္ဒါစသည်) သင်ရတာ ဘယ်ဟာကို သဘောကျသလဲ´´ဟု မေးကြည့်၏။ ကိုရင်အားလုံးက ``အင်္ဂလိပ်စာသင်ရတာ သဘောကျတယ်ဘုရား´´ဟူ၏။

မိမိသည် သူတို့သဘောထားကို သိရသည့်အခါ ရင်တမမ ဖြစ်သွားတော့၏။ ထို့ကြောင့် နွေရာသီ စာဝါနားချိန်ရောက်မှသာ အင်္ဂလိပ်စာကို အမြည်းသဘောလောက် သင်ပေးဖို့ ဆုံးဖြတ်လိုက်လေတော့သည်။ ဂဏန်းသင်္ချာကိုကား ဆရာမနှစ်ယောက်ကို အကူအညီတောင်းပြီး တစ်ပတ်တစ်ခါ သင်ပေးပါသည်။

မည်သို့ဆိုစေ၊ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများသည် လောကအမြင်လည်း ရှိရမည်ဖြစ်သကဲ့သို့ ဓမ္မအမြင်လည်း ရှိရမည် ဖြစ်၏။ ထိုအမြင်နှစ်မျိုးနှင့် ပြည့်စုံဖို့အတွက် ကိုရင်ဘ၀မှစ၍ သင်ကြားပေးရမည့်တာဝန်မှာ မိမိတို့ဆရာများပင် ဖြစ်ပါသည်။

ရှေးဆရာတော်များ၏ ပြုစုပျိုးထောင်ပေးမှုကြောင့် ယနေ့မျက်မှောက်ခေတ်တွင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ သာသနာ့ တာဝန်များကို ထမ်းဆောင်နိုင်ခြင်း ဖြစ်ပါသည်။

ယနေ့ မျက်မှောက်ခေတ် ဆရာတော်များကလည်း အနာဂတ်သာသနာ ပခုံး ပြောင်းတာဝန် လွှဲအပ်နိုင်ဖို့အတွက် ရှင်ငယ်ရဟန်းငယ်များကို ပြုစုပျိုးထောင်ပေးရမည် ဖြစ်သည်။ ထို့ကြောင့် သာသနာ တည်တံ့ ရေးကို အားပေးလိုလျှင်ကား ကိုရင်လေးများကို မဖြစ်မနေ ပြုစုပျိုးထောင် ပေးသင့်ပါကြောင်း တင်ပြလိုက်ရပေသည်။
---------------------
သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ
(စစ်ကိုင်းတောင်ရိုး)

No comments:

Post a Comment