Monday, May 30, 2016

အဘိဓမ္မာဆိုတာအဘိဓမ္မာဆိုတာ

အဘိဓမ္မာဆိုတာအဘိဓမ္မာဆိုတာကတော့ ထူးကဲတဲ့တရားလို့ ဆိုရပါတယ်။ အဘိဓမ္မာမှာ အဘိရယ် ဓမ္မရယ် ၂ ပုဒ်တွဲထားတယ်။ အဘိ-ဆိုတာ လွန်ကဲတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ (သို့မဟုတ်) ထူးမြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ ဓမ္မဆိုတာက တရား၊ လွန်ကဲထူးမြတ်တဲ့တရားဆိုတာက ဘာကိုဆိုလိုတာလဲ?အဘိဓမ္မာက သုတ္တန်ထက်ပိုပြီး မြင့်မြတ်တယ်၊ အဘိဓမ္မာမှာ ဟောထားတဲ့ တရားတွေက သုတ္တန်မှာ ဟောထားတဲ့ တရားတွေထက် သာတယ် ဒီလိုဆိုတာတော့ မဟုတ်ပါဘူး။ (method of treatment) မှာ သူက ပိုပြီးတော့ ကျယ်ဝန်းများပြားတယ်၊ ဒါကြောင့်မို့ အဘိဓမ္မာလို့ခေါ်တာပါ။သုတ္တန်နဲ့ အဘိဓမ္မာ ဘာထူးလဲဆိုတော့ သုတ္တန်မှာကတော့ ခေတ်သုံး လောကသုံးလိုက်ပြီးတော့ မြတ်စွာဘုရားက ဟောတော်မူတယ်။ အဘိဓမ္မာကျတော့ ပရမတ်သဘောတရားလို့ခေါ်တဲ့ တကယ်အစစ်အမှန်ရှိတဲ့ သဘောတရားတွေကို ဆိုလိုတဲ့ စကားလုံးတွေကို သုံးပြီးတော့ ဟောတော်မူတယ်။ အဲဒီလို ကွာသွားပါတယ်။အဘိဓမ္မာပိဋကတ်မှာ တကယ် အရှိတရားဖြစ်တဲ့ ရုပ်တို့နာမ်တို့ကို အကျယ်ဟောတော်မူတာ (သို့) ခန္ဓာငါးပါး၊ အာယတန ၁၂ ပါး၊ ဓာတ် ၁၈ ပါး ဒါတွေကို အကျယ်ဟောတော်မူတာ ဖြစ်ပါတယ်။စိတ်ကို ဘယ်လောက် အသေးစိပ် ဟောထားသလဲဆိုယင် အဘိဓမ္မာမှာ နေ့စဉ်သုံးစကားနဲ့ ပြောတဲ့အခါမှာ စိတ်လို့ပြောလိုက်တာပဲ။တကယ့်တကယ် ပြောမယ်ဆိုရင် နေ့စဉ်ပြောစကားမှာသုံးတဲ့ စိတ်ဟာ အဘိဓမ္မာအလိုဆိုယင် စိတ်နဲ့စေတသိက် ၂ မျိုးကို ဆိုလိုတာပါ။စိတ်နဲ့စေတသိက်က အမြဲတမ်း ပေါင်းပြီးတော့ ဖြစ်တာပါ၊ ဉာဏ်နဲ့သာ ဒါက စိတ်ပဲ။ ဒါက စေတသိက်ပဲလို့ ခွဲခြားသိနေရတာ ဖြစ်ပါတယ်။တစ်ခါ အဲဒီ စိတ်ကလည်းပဲ အမျိုးမျိုးရှိပါသေးတယ်။ စိတ်ပေါင်း ၈၉ မျိုး (သို့) ၁၂၁ မျိုး ရှိတယ်။ တစ်ခါ စေတသိက်ကလည်း ၅၂ မျိုး ရှိတယ်။ အဲဒီလို မြတ်စွာဘုရားက mind ပေါ့၊ အင်္ဂလိပ်လို mind ကို အလွန် အသေးစိပ် ဝေဖန်ပြီးတော့ ဟောတော် မူပါတယ်။ဒါဖြင့် အဘိဓမ္မာတတ်ဖို့ တကယ်လိုသလား မလိုဘူးလား။မြတ်စွာဘုရား ဟောထားတာရှိတယ်၊ သဗ္ဗပါပဿ အကရဏံ အကုသိုလ်မလုပ်ကြနှင့်၊ ကုသိုလ်ကို မင်းတို့ ပြည့်စုံအောင်လုပ်ကြ၊ ကိုယ့်စိတ်ကို ဖြူစင်အောင်ထား၊ ဒါ မြတ်စွာဘုရားရဲ့ ဆုံးမ ဟောကြားချက် အကျဉ်းချုပ်ပဲ။သဗ္ဗပါပဿ အကရဏံ ကုသလဿ ဥပသမ္ဗဒါသစိတ္တ ပရိယောဒနံ ဧတံ ဗုဒ္ဓါန သာသနံ။လို့ ဓမ္မပဒမှာ ရှိပါတယ်။ဘုရားဟောသြ၀ါဒကို မိမိက လိုက်နာချင်တယ်၊ အကုသိုလ်မှန်သမျှ မပြုနှင့်လို့ မြတ်စွာဘုရားကဟောတော်မူတယ်။ အဲဒီတောာ့ အကုသိုလ်ဆိုတာဘာလဲ၊ ကုသိုလ်ဆိုတာ ဘာလဲ၊ တိတိကျကျ မပြောတတ်ဘူး။အဲဒီလို မသိတော့ ဘုရားက အကုသိုလ်ကို ပယ်ရမယ် ပြောတယ်။ ကိုယ်က ကုသိုလ်မှန်း အကုသိုလ်မှန်း မသိရင်လိုက်နာလို့ မရနိုင်ဘူး။ကုသိုလ်ဆိုတာ ဘာလဲ၊ အပြစ်မရှိဘူး၊ ကောင်းသောအကျိုးကို ပေးတတ်တဲ့သဘော တရားတွေကို ကုသိုလ်လို့ ခေါ်တယ်၊ ကုသိုလ်ကို ပြည့်စုံအောင်လုပ်ကြ၊ စိတ်ကို ဖြူစင်အောင်ထားဆိုတော့ စိတ်အညစ်အကြေးတွေက ဘာတွေလဲ ဆိုတာသိဖို့ မလိုဘူးလား၊ စိတ်အညစ်အကြေးမသိပဲနှင့် စိတ်ကို ဘယ်လို ဖြူစင်အောင် ထားတတ်မလဲနော်။မြတ်စွာဘုရားက ဟောထားတယ်၊ စိတ်အညစ်အကြေးက ဘာလဲ?လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ၀ိစိကိစ္ဆာ၊ ထိန၊ မိဒ္ဓ၊ ဒါတွေ ဟောထားတယ်။ အဲဒါကို ကိလေသာလို့ခေါ်တယ်။အကုသိုလ်ဆိုတာ လောဘ ဒေါသ မောဟနှင့် တွဲဖြစ်တာ မှန်ရင် အကုသိုလ်ပဲ။အဲဒီ လောဘ ဒေါသ မောဟရဲ့ ပြောင်းပြန်ဖြစ်တဲ့ အလောဘ-မလိုချင်တာ၊ အဒေါသ-မေတ္တာ စိတ်မဆိုးတာ၊ အမောဟ-မတွေဝေတာ၊ မတွေဝေတာဆိုတာ အမှန်အကန်အတိုင်း သိတာ၊ အဲဒါတွေနဲ့ တွဲဖြစ်ရင် ကုသိုလ်လို့ခေါ်ရတယ်ပေါ့။လောဘကြောင့် ကုသိုလ်ဖြစ်နိုင်တယ်၊ ဆိုလိုတာက လောဘနဲ့တွဲဖြစ်တာ (accompanied by) ကို ပြောချင်တာပါ။နောက်ဘ၀ နတ်ပြည် ဖြစ်ချင်တယ်။ နတ်ပြည်ကို တွယ်တာတဲ့စိတ် နတ်ပြည်ရောက်ချင်တော့ ကုသိုလ်လုပ်တာပေါ့။ အဲဒီ ကုသိုလ်ဟာ ခုန လောဘကနေပြီးတော့ ကျေးဇူးပြုပေးတာ၊ အတူတူဖြစ်တာကို ဆိုလိုတာပါ၊ တစ်ပြိုင်နက် တွဲဖြစ်တာပါ။တစ်ပြိုင်နက် တွဲဖြစ်တာ လောဘပါရင် အကုသိုလ်ဖြစ်တယ်၊ အလောဘ မလိုချင်တဲ့သဘောတရားပါရင် ကုသိုလ်ဖြစ်တာပဲပေါ့။ဓမ္မပဒမှာ ရှိတယ်။ မနောပုဗ္ဗင်္ဂမာဓမ္မာ၊ သာမညအားဖြင့် ဘာသာပြန်မယ်ဆိုရင် ဓမ္မတို့သည် စိတ်လျင်ရှေ့သွားရှိကြသည်။ဆိုလိုတာကတော့ စိတ်ဟာ ဓမ္မတွေရဲ့ ရှေ့သွားရှိတယ်လို့ပြောချင်တာပါ။ ဒီဂါထာမှာ ဆိုလိုတာက ဓမ္မဆိုတာဟာ ဘာကို ဆိုလိုတာလည်းဆိုရင် တစ်ခြားနာမ်တရားတွေကို ဆိုလိုတာပါ။စိတ်ရယ် စေတသိက်ရယ် ရှိတဲ့အခါမှာ စေတသိက်တွေကို နာမ်တရား၊ စိတ်ကိုလည်း နာမ်တရား၊ အဲဒီ စေတသိက်တရားတွေကို ဆိုလိုတာပါ၊ အဲဒီ စေတသိက်တရားတွေဟာ စိတ်တည်းဟူသော ခေါင်းဆောင်ရှိကြတယ်၊ စိတ်တည်းဟူသော ရှေ့သွားရှိကြတယ်၊ စိတ်ဟာ နာမ်ခန္ဓာသုံးပါးရဲ့ ရှေ့သွား ဖြစ်တယ်၊ ခေါင်းဆောင်ဖြစ်တယ်လို့ ဒီလို ဆိုလိုတာပါ။ရှေ့သွားဖြစ်တယ်ဆိုတော့ သာမညအားဖြင့် ပြောမယ်ဆိုရင် စိတ်က ရှေ့ကသွား၊ စေတသိက်တွေက နောက်ကလိုက် ဒါမျိုး မဟုတ်ပါဘူး၊ တစ်ပြိုင်နက်သောခဏမှာဖြစ်တာပါ။ စိတ်ကဖြစ်ပြီး စေတသိက်က နောက်မှ ဖြစ်တာ မဟုတ်ပါဘူး။ တစ်ပြိုင်နက်သော ခဏမှာ အတူတကွဖြစ်ကြတာ၊ ဖြစ်ပေမယ့်လို့ စိတ်ကနည်းနည်းခေါင်းဆောင်လိုဖြစ်တော့ သူ့ကို ရှေ့သွားလို့ ခေါ်ရတာ၊ တကယ်ကတော့ တစ်ပြိုင်နက်သောခဏမှာ ဖြစ်ကြတာလို့ပြောရမှာပါ။အဲဒီလို လေးနက်တာလေးတွေ နားလည်ဖို့ကျတော့ အဘိဓမ္မာပါမှ နားလည်တာပါ၊ အဘိဓမ္မာမပါရင် သာမန်အပေါ်ယံပဲ နားလည်သလိုလို မလည်သလိုလိုပါပဲ။ လုံးဝနားမလည်တာလည်း မဟုတ်ဘူး။ တကယ် တိတိကျကျလည်း နားမလည်ဘူး။ အဲဒီလို ဖြစ်တတ်ပါတယ်။ဒါကြောင့်မို့ အဘိဓမ္မာဟာ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ သုတ္တန်တရားတော်တွေပဲ နားလည်ဖို့အရေးမှာ မရှိရင် မဖြစ်ဘူး လို့ဆိုရမှာပါ။ ဒါတွေ အဘိဓမ္မာ (Refenence) လုပ်မှသာ ဒါကို နားလည်မယ်၊ မဟုတ်ရင် နားမလည်နိုင်ပါဘူး။ဒါကြောင့် အဘိဓမ္မာဟာ ဗုဒ္ဓ၀ါဒကို နားလည်ဖို့အရေးမှာ မရှိရင်မဖြစ်တဲ့ ပညာတစ်ရပ်ပဲလို့ ဆိုရမှာဖြစ်ပါတယ်။အဘိဓမ္မာလို့ ပြောလိုက်တဲ့ခါကျတော့ အဘိဓမ္မာ ၇ ကျမ်း ရှိတယ်။ နာမည်တွေလျှောက်ပြောရင်တော့ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း ဆိုပြီးတော့ အဘိဓမ္မာ ၇ကျမ်း ရှိတယ်။ အဲဒီ အဘိဓမ္မာ ၇ ကျမ်းကို မြတ်စွာဘုရား နတ်ပြည်မှာ ဟောတာ။မြတ်စွာဘုရား (၇) ၀ါမြောက်မှာ တာဝတိံသာ ကြွပြီးတော့ မယ်တော် မိနတ်သား အမှုးပြုတဲ့ နတ်တွေကို အဘိဓမ္မာတရားကို ၀ါတွင်းသုံးလပတ်လုံး ဟောတော်မူတယ်။(A Manual of Abhidhamma) ရဲ့ မူရင်းက ဘာလဲဆိုရင် အဘိဓမ္မတ္ထ သင်္ဂဟခေါ်တဲ့ သင်္ဂြိုဟ်ကျမ်း လို့လည်းခေါ်ပါတယ်။ အဲဒါက ပါဠိလို အလွတ်ကျက်ရတာပါ၊ ပြီးတော့ အထူးသဖြင့် တရားထိုင်တာ (အလေ့အထများတဲ့သူ) တရားထိုင်တဲ့လူဟာ ၀ိသုဒ္ဓိမဂ် ကို ဖတ်ရပါတယ်။အဘိဓမ္မာဆိုတာ စာအုပ်ထဲသွားရှာရတာ မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်မှာရှိတာ မသိကြလို့သာပါ။ တရားထိုင်တာနဲ့ အဘိဓမ္မာနဲ့ တွဲသွားတယ်လို့ဆိုရမှာပါ။ တရားထိုင်ထားရင် အဘိဓမ္မာပိုသဘော ပေါက်ပါတယ်၊ အဘိဓမ္မာ နားလည်ထားရင် တရားထိုင်တော့လည်း ပိုကောင်းတယ်။ အဲဒီလို အပြန်အလှန်ကျေးဇူးပြုသွားပါတယ်။အဘိဓမ္မာလေ့လာရင် တရားလည်းပဲထိုင်ပေးပါ၊ တရားထိုင်တဲ့ အတွက်ကြောင့်မို့ အဘိဓမ္မာမှာ ကျေးဇူးများပါတယ်။ အဘိဓမ္မာနားလည်တဲ့ အတွက်ကြောင့်မို့ တရားထိုင်ရင် ကျေးဇူးများပါတယ်။မေတ္တာဖြင့်tnoမှတ်ချက်။ ။ဒေါက်တာသီလာနန္ဒဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက် မှ ပြန်လည်မှတ်စုထုတ်ယူပါသည်။

No comments:

Post a Comment