ဘုန်းကြီးနှင့်နိုင်ငံရေး
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
တချို့ပုဂ္ဂိုလ်များက "ဘုန်းကြီးများဟာ ဘာသာရေးပဲ လုပ်သင့်ပါတယ်၊ နိုင်ငံရေး မလုပ်သင့်ပါဘူး"ဟု ဝေဖန်ကြ၏။ ထိုသို့ဝေဘန်ခြင်းသည် နိုင်ငံရေးဟူသောစကားလုံး၏ အနက်အဓိပ္ပါယ်ကိုနားမလည်သောကြောင့်တည်း။ အစွန်းရောက် ဝေဖန်ချက်ဟုပင် ပြောချင်ပါ၏။
ထိုသို့ဆိုလျှင် နိုင်ငံရေးဟူသော စကားလုံး၏ အနက်အဓိပ္ပါယ်ကားအဘယ်ပါနည်း။ "နိုင်ငံရေး"ဟူသည် နိုင်ငံ၏အရေးပင်ဖြစ်၏။ ထို့ကြောင့် အမျိုးသားရေး၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ပညာရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊တရားစီရင်ရေး စသော နိုင်ငံ၏အရေးကိစ္စ မှန်သမျှသည် "နိုင်ငံရေး"ပင် ဖြစ်ပေသည်။
သို့သော် လူအများစုက အုပ်ချုပ်သူလူတန်းစားများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့် တော်လှန်ရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီအရေးစသော အရေးကိစ္စများကိုသာ "နိုင်ငံရေး"ဟု ယူဆကြပေသည်။
"နိုင်ငံရေး"ဟူသောစကားလုံးကို မည်သို့ပင် အဓိပ္ပါယ်ဖွင့်ဖွင့်၊ မည်သို့ပင် ယူဆယူဆ၊ "နိုင်ငံရေး"သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် သက်ဆိုင်သည်သာဖြစ်၏။ ရှင်းဦးအံ့။ ရောဟိဏီမြစ်ရေကို အကြောင်းပြု၍ ကောလိယနှင့် သာကီဝင်နှစ်ပြည်ထောင် မင်းတို့သည် မသင့်မမြတ်ဖြစ်ပြီး စစ်တိုက်ဖို့ တာစူနေကြ၏။ ထိုအချိန်မှာ မြတ်စွာဘုရားသည် ကိုယ်တော်တိုင် ကြွရောက်ပြီး ကောလိယမင်းနှင့် သာကီဝင်မင်းတို့အား စစ်ပြေငြိမ်းဖို့အတွက် တရားဟောပေးရ၏။ ထို့ကြောင့်နှစ်နိုင်ငံလုံး ပြေလည်မှု ငြိမ်းချမ်းရေးရရှိသွားကြပါသည်။ ဤကား သုံးလောကထွဋ်ထားမြတ်ဘုရား၏ အမျိုးသားနိုင်ငံရေးဆောင်ရွက်ချက်ပင် မဟုတ်ပါလော။
ဘုန်းတော်ကြီးများသည် တိုင်းပြည်၏ဆွမ်းကို ဘုဉ်းပေးသုံးဆောင်နေကြရကား တိုင်းပြည်နှင့်လူမျိုး ဒုက္ခရောက်နေလျှင် လက်ပိုက်ကြည့်နေလို့ မဖြစ်ပေ။ ပြောသင့်ကပြောရမည်။ ဆုံးမသင့်က ဆုံးမရမည်။ ဘုရားသားတော်ပီပီ အမျိုးသားရေးနှင့် ပတ်သက်လာလျှင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်၏။
ထို့ကြောင့် အင်္ဂလိပ်အုပ်စိုးသည့်ခေတ်တွင် အမျိုးသားရေးဝါဒီ ဆရာတော်ဦးဥတ္တမက ဘာသာခြား လူမျိုးခြားဖြစ်သည့် အင်္ဂလိပ်ဘုရင်ခံ ကရက်ဒေါက်ကို "မြန်မာနိုင်ငံသည် ဒို့နိုင်ငံ၊ ဒါကြောင့် မင်းဒီနိုင်ငံက ထွက်သွား"ဟု မောင်းထုတ်ခဲ့ဖူးပါသည်။ မြန်မာ့တိုင်းရင်းသားများကို အုပ်စိုးနေသည့် အင်္ဂလိပ်ကို မလိုလားသောကြောင့် ထိုကဲ့သို့ မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ ဤကား အမျိုးသားရေးစကား၊ အမျိုးသားရေးတရားပင်တည်း။
ဆက်၍ ဆိုဦးအံ့။ ရှေးခေတ်က နိုင်ငံတော်၏ ပညာရေးသည် ဘုန်းတော်ကြီးများ၏ လက်ထက်မှာရှိ၏။ ဘုရင်လည်း ဘုန်းကြီးကျောင်းထွက်ဖြစ်၏။ ဝန်ကြီးလည်း ဘုန်းကြီးကျောင်းထွက်ဖြစ်၏။ စစ်သူကြီးလည်း ဘုန်းကြီးကျောင်းထွက်ဖြစ်၏။ ရှင်ဘုရင်များ၏ ဆရာများ (သို့မဟုတ်) အကြံပေးပညာရှင်များမှာ ဘုန်းတော်ကြီးများပင် ဖြစ်သောကြောင့် ဘုန်းတော်ကြီးများက ရှင်ဘုရင်အစထား တိုင်းသူပြည်သားလူအများကို လမ်းညွန်ခဲ့ကြပါသည်။ ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ဖန်ဆင်းခဲ့သော ဘုရင်အနော်ရထာသည် အရှင်အရဟံကို ဆရာတင်၍ နိုင်ငံကို အုပ်ချုပ်ခဲ့ပါသည်။ မိစ္ဆာဒိဋ္ဌိအယူဝါဒများကို သုတ်သင်ဖယ်ရှားပြီး ထေရဝါဒဗုဒ္ဓသာသနာ အုတ်မြစ်ကိုလည်း ခိုင်ခိုင်ခံ့ခံ့ ချခဲ့ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာနှင့် မြန်မာဆိုသည်မှာ ခွဲခြားလို့ မရလောက်အောင် အမြစ်တွယ်ခဲ့ပါသည်။ ဤကား အရှင်အရဟံ၏ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်များပင် ဖြစ်ပေသည်။
မြန်မာသက္ကရာဇ် ၁၁၁၅-ခုနှစ်တွင် နန်းတက်သော အလောင်းမင်းတရားကြီး လက်ထက်က အတုလဆရာတော်ကြီးက "လောက ဓမ္မထုံးတမ်း" အမည်ရှိ နိုင်ငံရေးလမ်းညွန်ကျမ်းကို ရေးသားခဲ့ပါသည်။ ထိုကျမ်း၌ နိုင်ငံ့ခေါင်းဆောင်များသည် သားသမီးထက် နိုင်ငံကို ပိုချစ်သင့်ကြောင်း၊ သားရေးသမီးရေးထက် ပြည်ထဲရေးကို ဦးစားပေး သင့်ကြောင်းစသဖြင့် "နိုင်ငံရေးအယူအဆ"များကို တင်ပြခဲ့ပါသည်။ ထိုကျမ်းသည် အလောင်းမင်းတရားကြီးနှင့် တိုင်းသူပြည်သားများအတွက် "အခြေခံဥပဒေ" ကဲ့သို့ဖြစ်ခဲ့ပါသည်။
မုံရွေးဇေတဝန်ဆရာတော်သည် မြန်မာသက္ကရာဇ် ၁၁၈၉-ခုနှစ်တွင်ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်စစ်ကိုင်းမင်းအတွက် "ရာဇောဝါဒ"အမည်ရှိ နိုင်ငံရေးလမ်းညွန်ကျမ်းကိုလည်းရေးသားခဲ့ပါသည်။ ထိုကျမ်း၌ မြန်မာ့ရာဇဝင်၊ အိန္ဒိယဂန္ထဝင်တို့မှ အကြောင်းအရာများကို ကိုးကား၍ လည်းကောင်း၊ ငါးရာ့ငါးဆယ်ဇာတ်တော်များကို ကိုးကား၍ လည်းကောင်း "နိုင်ငံရေး အယူအဆ"ကို တင်ပြခဲ့ပါသည်။ ထိုကျမ်းသည် စစ်ကိုင်းမင်းနှင့် တိုင်းသူပြည်သားများအတွက် "အခြေခံဥပဒေ"ကဲ့သို့ ဖြစ်ခဲ့ပါသည်။
ဤကား ရှေးခေတ် သံဃရာဇာဆရာတော်ကြီးများ၏ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်ပင် ဖြစ်သည်မဟုတ်ပါလော။ ထို့ကြောင့် ဘုန်းတော်ကြီးများသည် နိုင်ငံရေးကို ငါတို့နှင့် မသက်ဆိုင်ဟု သဘောမထားသင့်ပေ။ တတ်စွမ်းသမျှ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပေသည်။ ထိုနိုင်ငံရေးကား..."ပါတီနိုင်ငံရေး" မဟုတ်၊ "အမျိုးသားနိုင်ငံရေး" တည်း။ "ပေါ်ပြူလာနိုင်ငံရေး" မဟုတ်၊"ပါရမီမြောက်နိုင်ငံရေး"တည်း။
"အာဏာနိုင်ငံရေး"မဟုတ်၊ "ပညာနိုင်ငံရေး"တည်း။ "ဟန်ပြနိုင်ငံရေး"မဟုတ်၊ "စံပြနိုင်ငံရေး"တည်း။ "အတ္တနိုင်ငံရေး"မဟုတ်၊ "ပရနိုင်ငံရေး"တည်း။ "ငါ့အတွက်နိုင်ငံရေး"မဟုတ်၊ "အများအတွက်နိုင်ငံရေး"တည်း။
မျက်မှောက်ခေတ် သံဃာတော်များသည်လည်း လက်ရှိဒီမိုကရေစီအစိုးရနှင့်နိုင်ငံရေးပါတီများကို အမျိုးဘာသာ သာသနာရေးနှင့် ပတ်သက်၍ ထိန်းကျောင်းပေးသင့်သည်ဟု ယူဆကြ၏။ ထို့ကြောင့် ပို၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အလို့ငှါ "သာသနဝံသပါလ"ခေါ် အမျိုးဘာသာ သာသနာစောင့်ရှောင့်ရေးကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါသည်။ ယင်းအဖွဲ့တွင် လူပုဂ္ဂိုလ်များလည်း ပါဝင်၏။ ထို့ကြောင့် "သံဃာ့အဖွဲ့အစည်း" မဟုတ်၊ "သာသနာပြုအဖွဲ့အစည်း" ဖြစ်ပါသည်။
ထိုအဖွဲ့ကြီးသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို "ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး" အဖြစ် တည်ဆောက်ရာ၌ မတိမ်းစောင်းအောင် ထိန်းကျောင်းပေးသွားမည် ဖြစ်ပေသည်။ ထိုသို့ ထိန်းကျောင်းပေးနိုင်ဖို့အတွက် သံဃာတော်များအနေဖြင့် ပိဋကတ်စာပေကို တတ်မြောက်ဖို့ လိုအပ်သလို မျက်မှောက်ကမ္ဘာ့အခြေအနေ အရပ်ရပ်ကို သုံးသပ်တတ်ဖို့ လိုအပ်ပါ၏။
မှန်၏။ ပိဋကတ်စာပေတတ်မြောက်မှ ဓမ္မလမ်းကြောင်းကို ညွှန်ပြနိုင်မည်ဖြစ်၏။ ကမ္ဘာ့အခြေအနေကို သုံးသပ်တတ်မှလည်း မိမိတို့နိုင်ငံနှင့် လိုက်ဖက်သည့် "နိုင်ငံရေးစနစ်"ကို ညွှန်ပြနိုင်မည်ဖြစ်၏။ထို့ကြောင့်ဘုန်းတော်ကြီးများသည် လောကအမြင်၊ ဓမ္မအမြင် (၂)မျိုးလုံးနှင့် ပြည့်စုံရမည် ဖြစ်ပေသည်။ ထိုသို့ပြည့်စုံမှလည်း အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နိုင်ပါလိမ့်မည်။
သီတဂူ အရှင်ဒေဝိန္ဒာဝံသ(စစ်ကိုင်းတောင်ရိုး)
No comments:
Post a Comment