ဓမ္မတာဝန်အပိုင်း (၁)
တချို့ ကပြောလေ့ရှိကြတယ်၊မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓသာသနာက လည်းပဲမသန့် စင်ဘူးလို့ ဒီလိုပြောတယ်၊မြတ်စွာဘုရားရဲ့ အဆုံးအမတွေဟာမသန့် စင်ဘူး၊ ထေရဝါဒမပီပြင်ဘူးလို့ တချို့ သမိုင်း ဆရာတွေက ဒီလိုဆိုချင်ကြတယ်၊ ဘာကြည့်ပြောတာလဲဆိုရင် ရွှေတိဂုံဘုရားပေါ်မှာရှိတဲ့ နတ်ရုပ်တွေ ဓာတ်ခန်းတွေတို့ ဘိုးတော်တွေတို့ ဆိုတာတွေ ကိုကြည့်ပြီးတော့ ထေရဝါဒမှာလည်းပဲ အယူအဆတွေရောနေတယ်လို့ ဒီလိုသတ်မှတ်ပြီးပြောဆိုတယ်၊
ဒါဟာ သေသေချာချာ မစဉ်းစားကြည့်လို့ ပြောမိတာသာ ဖြစ်တယ်၊ ကိုးကွယ်တဲ့ပုဂ္ဂိုလ် တွေအနေနဲ့ ရောတာကသဘာဝပဲ၊ ဓမ္မ အနေနဲ့ အဲဒီလို ရောထွေးနေတာတော့ လုံးဝမရှိဘူး၊ ထေရဝါဒ စစ်စစ် လုံးဝသန့် ရှင်းစင်ကြယ်တယ်၊
ထေရဝါဒ ကို ကိုးကွယ် တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ ရောကောင်း ရောလိမ့်မယ်၊ ဒါက ဓမ္မ မှာရောတာ မဟုတ်ဘူး၊ ပုဂ္ဂိုလ်ကရောတာ၊ ပုဂ္ဂိုလ်ဆိုတာ tradition ကို စွန့် ခဲတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာမရောက်ခင်က နတ်ကိုးကွယ်တဲ့ ဝါဒမျိုး လက်ခံပြီး နေခဲ့တဲ့အစဉ်အလာ ကနေ ဗုဒ္ဓသာသနာတော် ရောက်လာတဲ့အခါမှာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ရင်ထဲနှလုံးထဲရောက်လာလို့ အမှန်သိလာပြီး ဗုဒ္ဓသာသနာတော်ကိုမြတ်မြတ်နိုးနိုးနဲ့ ကိုးကွယ်လာခဲ့ကြတယ်၊အဲဒီကိုးကွယ်လာတဲ့ပုဂ္ဂိုလ်တွေမှာ အချို့ က ရှေးရိုးစွဲ အတွေးတွေ ခေါင်းထဲမှာ မပျောက်သေးသည့်အတွက်ကြောင့် မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေအပြင် တခြားဟာတွေကို မှန်တယ်ထင်ပြီး လက်ခံနေကြတယ်၊ အယူစွဲတွေ ရှိနေတတ်တာကတော့ဒါ လောကရဲ့ သဘာဝပဲ။
သို့ သော် မြန်မာနိုင်ငံရောက်လာတဲ့ပိဋ္ဋကသုံးသွယ် နိကာယ် ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ဆိုတာ ဒီထဲမှာ မည်သည့်ဝါဒမှ ရောနှော နေတာ မရှိဘူး၊ ဒါတောင်မှ တချို့ က ပိဋ္ဋက ထဲမှာ ဟိန္ဒူဝါဒ တွေရောနေတယ် လို့ ရေးတယ်၊ ဘယ်မှာရောတာတုန်းလို့ မေးတော့ သူတို့ ထောက်ပြတဲ့အရာတွေက လုံးဝရယ်စရာတွေသာဖြစ်တယ်။
ဆိုပါစို့ - ရယ်စရာ တစ်ခုက ဘာလဲဆိုတာ သူတို့ ပြောမယ်ဆိုရင် ဗုဒ္ဓဝါဒထဲမှာ မိစ္ဆာဝါဒတွေ ရောနေတယ်ဆိုတာက ဒိဋ္ဌိသံယုတ်တို့ ၊ ဗြဟ္မဇာလ သုတ်တို့ ၊ ဒါက ဒိဋ္ဌိ အကြောင်း တွေကို ဟောပြောတဲ့ဟာသာဖြစ်တယ်၊ အဲတာတွေပါရှိလို့ ရောတယ်လို့ ပြောနေတာကတော့ ရယ်စရာသက်သက်ပဲလို့ ပြောရမယ်၊ မမှန်တာကို မမှန်ဘူးလို့ တင်ပြခြင်းအားဖြင့် ဒီတရာဟာ မမှန်မကန်ဖြစ်သွားတာမဟုတ်ဘူး၊ မှန်ကန်မှုကို အလေးထားပြီး အမှားကို လည်း အမှားလို့ မြင်တတ် ရှင်းပြတတ်တာသာ ဖြစ်တယ်။
နန္ဒကပေတဝတ္ထု ဆိုတာကို ထောက်ထားပြီး ၃၁-ဘုံ ကို ဗုဒ္ဓလက်မခံဘူးဆိုပြီးတော့မြန်မာနိုင်ငံမှာ ထုတ်တဲ့စာအုပ်တစ်အုပ်မှာ ရေးတယ်၊ မမှန်ကန်တဲ့သာဓကတွေကိုးကားတယ်၊ တစ်ကယ်ကျမ်းဂန်ကို လေလာကြည့်မယ်ဆိုရင် နန္ဒက ဆိုတဲ့ပြိတ္တာကြီးဟာ သူကိုယ်တိုင် မှားယွင်းတဲ့အယူအဆတွေကို ယူခဲ့သည့်အတွက်ကြောင့်ဒီလို မှားယွင်းတဲ့ ဝါဒ လက်ခံ ကျင့်သုံးသည့်အတွက်ကြောင့် ပြိတ္တာဘဝ ရောက်ရပါတယ်လို့ ပြောတာ၊အဲဒါစာပေထဲ မှတ်တမ်းတင်ထားတာတွေကို ကြည့်ပြီး ဗုဒ္ဓဝါဒ ထဲမှာ ဟိန္ဒူဝါဒ တွေ ရော နေတယ်လို့ ဆိုတာက အလွန်ရယ်စရာ ကောင်းတဲ့အရာတစ်ခုသာဖြစ်တယ်။
ပါမောက္ခချုပ် ဆရာတော်ကြီး ဟောကြားတော်မူသော "ဓမ္မတာဝန် "တရားဒေသနာမှ
#AshinNandamalabhivamsaDhammaDuty
www.drnandamalabhivamsa.com.mm
No comments:
Post a Comment