Wednesday, May 25, 2016

ပထမဆုကို ဆွတ်ခူးရရှိပါ၍ ဗုဒ္ဓ၀ံသဗဟုသုတဓရဘွဲ့ကို ပိုင်ဆိုင်သူက မရွှေရည်ပြည့်ဖြိုး (အောင်စဉ်အမှတ် ၅၊ ခုံအမှတ် ၃/၂၀၁၆/၀၀၀၉)

ယခုနှစ် ပဉ္စမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်ပြိုင်ပွဲကြီးတွင် ပထမဆုကို ဆွတ်ခူးရရှိပါ၍ ဗုဒ္ဓ၀ံသဗဟုသုတဓရဘွဲ့ကို ပိုင်ဆိုင်သူက မရွှေရည်ပြည့်ဖြိုး (အောင်စဉ်အမှတ် ၅၊ ခုံအမှတ် ၃/၂၀၁၆/၀၀၀၉) ဖြစ်ပါသည်။
ပထမဆု ရရှိဆွတ်ခူးနိုင်ပုံကို အနည်းငယ် တင်ပြလိုပါသည်။
အဆိုပါပြိုင်ပွဲဝင်သည် ရေးဖြေ၀င်ခွင့် စာမေးပွဲဖြေဆိုခဲ့စဉ်တုံးက အောင်စဉ်အမှတ်(၅)ဖြင့် ဖြတ်သန်းနိုင်ခဲ့ပါသည်။
အောင်စဉ်အမှတ်၅ ဆိုတော့ သူမရဲ့ အထက်မှာ အောင်စဉ် (၄)ခု ရှိပါသည်။ သူမထက် ရမှတ်သာသူ (၄)ဦးဟု ဆိုလိုရင်းဖြစ်သည်။ ရမှတ်မှာ အနည်းဆုံး (၉၀)ကျော် ဖြစ်သည်။ လေ့လာဖြေဆိုကြရသည့်ပြဋ္ဌာန်းစာအုပ်မှာ စာမျက်နှာ ၆၀၀ကျော် ပါဝင်သော သုတစုံလင်ဗုဒ္ဓ၀င် ပြဋ္ဌာန်းစာအုပ်ဖြစ်သည်။
ဒါက ရေးဖြေဆင့်ကို ကျော်ဖြတ်ခဲ့ပုံဖြစ်သည်။
ပြိုင်ပွဲကြီးယှဉ်ပြိုင်ပုံ ပထမဆင့်တွင်လည်း ပွဲစဉ်(က) ရေးဖြေယှဉ်ပြိုင်သည့်ပုံစံတွင် နောက်တဆင့် ထပ်မံဖြေဆိုရန်မလိုဘဲ ပြိုင်ပွဲဒုတိယဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါသည်။  ဖြေဆိုယှဉ်ပြိုင်ရာတွင် လေ့လာဖတ်ရှုရသည့်စာအုပ်မှာ သုတစုံလင်ဗုဒ္ဓ၀င်စာအုပ်နှင့် စာမျက်နှာ ၁၀၀၀ နီးပါးရှိသော မဟာဗုဒ္ဓ၀င် ပထမတွဲ (ပထမအုပ်+ဒုတိယအုပ်) တို့ပင်ဖြစ်သည်။
ယှဉ်ပြိုင်ဖြေဆိုပုံမှာ မေးခွန်း (၆)ခု ကို စက္ကန့်(၉၀)အတွင်း ကြည့်ရှု၍ အဖြေလွှာတွင် ချက်ခြင်း ရေးဖြေ ဖြေဆိုရခြင်းဖြစ်သည်။
အဆိုပါပုံစံအတိုင်း (၆)ခု နှစ်ကြိမ် ဖြေဆိုခဲ့ရခြင်းဖြစ်သည်။
ပြိုင်ပွဲကြီးယှဉ်ပြိုင်ပုံဒုတိယဆင့်တွင်လည်း ပြိုင်ပွဲပထမဆင့်မှ တက်ရောက်လာသော ၂၆ ဦးကို မဲစံနစ်ဖြင့် ခွဲ၍ ယှဉ်ပြိုင်စေပါသည်။ အုပ်စု (အေ) အုပ်စု(ဘီ)ဟူ၍ ဖြစ်သည်။ အုပ်စုစံနစ်ဖြစ်၍ မိမိကျရာအုပ်စုမှ မိမိတို့ကျရာ မေးခွန်းနံပါတ် (၂)ခုကို ပြိုင်ပွဲအဆင့်(၁)ပုံစံအတိုင်း စက္ကန့်(၆၀)အတွင်း ရေးဖြေ ဖြေဆိုကြရခြင်းဖြစ်သည်။ ယခုအဆင့်တွင် လေ့လာကြည့်ရှုရသည့်စာအုပ်မှာ မဟာဗုဒ္ဓ၀င် ပထမတွဲ(ပအုပ်+ဒုအုပ်)ဒုတိယတွဲ၊ တတိယတွဲ ဟူ၍ စာမျက်နှာ (၂၅၀၀)ခန့် ဖြစ်သည်။
အဆိုပါအဆင့်မှ တက်ရောက်ရန်မှာ မိမိအုပ်စုတွင်း ၁၃ ဦးရဲ့ ရမှတ်အများဆုံး ၅ ဦးစာရင်းဝင်မှသာ ဖြတ်သန်းနိုင်မှာပါ။ (ခြွင်းချက်အားဖြင့် ပြိုင်ပွဲအဆင့်(၁)မှ ရမှတ်အများဆုံး ရွေးချယ်ရာတွင် ရမှတ်တူထွက်ပေါ်လာ၍ ၂ ဦးတွဲတင်ပါ၍ ၂၈ ဦးဖြစ်သွားပါသည်။)
အဆိုပါ အုပ်စုတွင်း ၁၄ ဦးမှ ရမှတ်အများဆုံး (၅)ဦးစာရင်းတွင်လည်း ထပ်မံ ပါဝင်လာပါသည်။ အားပေးကြည့်ရှုသူ ပရိသတ်များအနေဖြင့်လည်း လူငယ်များ ဖြေဆိုနေကြသည့် မေးခွန်းများကို အံ့သြဘနန်း ဖြစ်ကြရမည်မှာ အမှန်ပင် ဖြစ်ပါလိမ့်မည်။
ရွှေရည်ပြည့်ဖြိုးသည် မိမိအုပ်စုတွင်းမှ ရမှတ်အများဆုံး ၅ ဦးဖြင့် ပြိုင်ပွဲတတိယဆင့်သို့ ရောက်ရှိလာသောအခါ ထပ်မံ ဖြေဆိုရမည့်ပုံစံမှာ
၁၀ ဦးစုစုပေါင်း ယှဉ်ပြိုင်ဖြေဆိုရမည့်ပုံစံဖြစ်သည်။ နှုတ်မေး/နှုတ်ဖြေပုံစံသို့ ပြောင်းလဲကျင်းပပါသည်။
ဖြေဆိုရမည့်မေးခွန်းများ မဟာဗုဒ္ဓ၀င်မေးခွန်းသီးသန့် ၄ ခုတွဲ နှစ်ကြိမ် ၈ ပုဒ် ဖြေဆိုရမည်ဖြစ်သည်။
မေးခွန်းများသည် ဤအဆင့်အတွက် မဟာဗုဒ္ဓ၀င် ပ ဒု တ စ စာမျက်နှာ ၃၀၀၀ ကျော် အကြုံးဝင်ပြီးဖြစ်သည်။
မေးခွန်း ၄ ပုဒ်တွဲတစ်ခုကို ဖြေဆိုချိန် စက္ကန့် (၆၀)သာ ရရှိပါသည်။
သို့ပေမယ့်လည်း ဖြေဆိုသူ ပြိုင်ပွဲဝင်ဟာ စက္ကန့်ပြည့်အောင်ပင် ဖြေစရာမလိုခဲ့ပါ။ အတွေ့အကြုံရင့်ကြတ်သည့်ပုဂ္ဂိုလ်တစ်ဦးပမာ လွယ်ကူစွာ ဖြတ်သန်းနိုင်ခဲ့ပါသည်။
ပြိုင်ပွဲဝင်များ၏ အဆင့်ဆင့် ဖြတ်သန်းဖြေဆိုခဲ့ကြပုံ မေးခွန်းများကို တင်ပေးသည့်အခါ မိမိတို့အနေနဲ့ လိုက်လံ ဖြေဆိုကြည့်စေချင်သည်။
ကုသိုလ်ပွါးရင်း လူငယ်များ၏ ဘာသာတရားအပေါ် လေ့လာမှုစွမ်းအားကို မုဒိတာ ထပ်ဆင့်ပွါးနိုငပါလိမ့်မည်။
ရွှေရည်ပြည့်ဖြိုးသည် ယခုဆင့်ကို ရမှတ်အများဆုံး ၅ ဦးဖြင့် ထပ်မံဖြတ်သန်းနိုင်ခဲ့ပြီး နောက်ဆုံးဆင့်ပြိုင်ပွဲသို့ ရောက်ခဲ့ပါသည်။
နောက်ဆုံးဆင့်ပြိုင်ပွဲတွင် ပထမယှဉ်ပြိုင်ပုံမှာ မဟာဗုဒ္ဓ၀င် ၆ တွဲ ၈ အုပ်စလုံးမှ မေးခွန်း (၄)ခုသာ ဖြေဆိုရပါသည်။
စာမျက်နှာပေါင်း ၄၀၀၀ ကျော်မှ မေးခွန်း(၄)ခုသာ ဖြေဆိုရခြင်းသည် ညက်ညက်ကြေအောင် လေ့လာမှုမရှိလျှင် ပွဲခင်းထဲ အပ်ပျောက်သလိုဖြစ်ပါလိမ့်မည်။
ယခုဖြင့် ရွှေရည်ပြည့်ဖြိုးသည် မေးခွန်း (၄)ခုစလုံးကို ရာနှုန်းပြည့် ဖြေဆိုနိုင်ခဲ့သည်။
ပရိသတ်များရဲ့ အားပေးမှုသည်လည်း အမျိုးသားဇာတ်ရုံ ကွဲအပ်မက ခြိမ့်ခြိမ့်ညံခဲ့သည်။
ဒုတိယပြိုင်ပွဲပုံစံကဖြင့် စကားပြောစွမ်းရည်ဖြစ်သည်။ မိမိကိုးကွယ်သည့်ဘာသာတရားရဲ့ စစ်မှန်တဲ့ တရားတော်တွေကို လေ့လာပြီးသူဟာ ကိုယ်တိုင်လည်း သိသလို သူတပါးကိုလည်း ဟောနိုင်စွမ်း ရှိရပါမည်။ အဲသလိုမှမဟုတ်ရင် ပစ္စေကဗုဒ္ဓါများကဲ့သို့ ဖြစ်ပါလိမ့်မည်။
ထိုကဲ့သို့မဖြစ်ပေါ်ရန် စကားပြောစွမ်းရည် ယှဉ်ပြိုင်မှုပုံစံကို ထည့်သွင်းရခြင်းဖြစ်သည်။
စကားပြောစွမ်းရည်ယှဉ်ပြိုင်မှုမှာတော့ ရမှတ်အပြည့် တော်ရုံဖြင့် မဖြစ်နိုင်ပါ။
ကိုးကားမှုခိုင်မာရင် ၂ မှတ်အပြည့်ရနိုင်သည်။
နိဂုံးချုပ် ခိုင်မာသေသပ်အောင်လည်း ကြိုတင်လေ့ကျင့်ထားလျှင် လွယ်ကူနိုင်၍ ၂ မှတ်အပြည့်လည်း ထပ်မံရရှိနိုင်သည်။
အချိန်တိကျစွာ ပြောဆိုနိုင်ရန်အတွက်ကိုမူ ဓမ္မကထိကဆရာတော်များပင်လျင် အတော်လေ့ကျင့်ထားမှ တန်ကာကျမည်ဟု ထင်သည်။
နောက်ဆုံးအမှတ်ပေးစံနစ်သည် စကားပြောစွမ်းရည်နှင့် ပြည့်စုံမှု ပင်ဖြစ်သည်။ ၄ မှတ်ပေးပါသည်။
နောက်ဆုံးတင်ပြသည့် အချိန်တိကျမှုနှင့် စကားပြောစွမ်းရည်ပြည့်စုံမှုတို့သည် ဤပြိုင်ပွဲပုံစံ၏ အဓိကအချက်ပင်ဖြစ်သည်။
ဤ နေရာတွင် အားနည်းမှုရှိခဲ့သော် ရွေရည်ပြည့်ဖြိုးအနေဖြင့် ၃ မှတ်ကျော်ခန့် လျှော့နည်းမှုရှိတန်ရာ၏။
နောက်ဆုံးပြိုင်ပွဲပုံစံမှာ အမြန်ဖြေနည်းဖြစ်သည်။
အလွယ်ကူဆုံးမေးခွန်းကို အလျင်မြန်ဆုံးဖြေဆိုကြရသည့်စံနစ်ဖြစ်သည်။
သမာဓိမခိုင်မာလျှင် ဖြတ်ထိုးဉာဏ်မရှိလျှင် လုံးဝ အမှတ်ပြည့် ရနိုင်စရာမရှိပါ။
ထိုကဲ့သို့ အဆင့်ဆင့်ဖြတ်သန်းခဲ့ရပြီး ယှဉ်ပြိုင်မှုမျိုးစုံကို ကျော်လွှားနိုငခဲ့ကာ ရမှတ်တူလုံးဝ မရှိပါဘဲ (သင်တန်းတစ်ခုတည်းမှ နောက်ဆုံးဆင့်တွင် ၃ ဦးပါဝင်နေခြင်း၊ အဆိုပါ ၃ ဦးစလုံးသည် သင်ပေးသည့် ဆရာတူ၊ သင်တန်းဌာနတူ၊ မြို့တူ ဖြစ်နေသော်ငြား) တကယ့်ပါရမီရှင်၊ ဉာဏ်ကြီးရှင် ဖြစ်နေ၍သာလျှင်) ဗုဒ္ဓ၀ံသဗဟုသုတဓရ-ဗုဒ္ဓ၀င်/မဟာဗုဒ္ဓ၀င်/ဗုဒ္ဓဘာသာအခြေခံသင်ခန်းစာ/အဘိဓမ္မာ/ဇာတ်နိပါတ်တော် အစရှိသည်တို့ကို နှံ့စပ် ကျွမ်းကျင်အောင် လေ့လာသိရှိသူ ဟု တိပိဋကဆရာတော် ဘဒ္ဒန္တသုန္ဒရ ၊ ဓမ္မဘဏ္ဍာဂါရိကဆရာတော်ကြီး လက်မှတ်ဖြင့် ဂုဏ်ယူစွာ ချီးမြှင့်ပေးခြင်းဖြစ်ပါကြောင်း၊
(ပိုမိုထူးခြားသည်က ပြိုင်ပွဲအမြင့်ဆုံးဖြစ်သော ပထမဆုကို ပြိုင်ပွဲမေးခွန်းများအားလုံးနီးပါး ဖြေဆိုနိုင်ပြီး ရမှတ်စံချိန်တင်၍ ရရှိခဲ့သည့်နှစ်ဖြစ်ပါကြောင်း)
ယခုကဲ့သို့ ဗုဒ္ဓဘာသာတို့ရဲ့ဂုဏ်ကို ဆောင်နိုင်ခဲ့သော
မိမိတို့ မိသားစု၊ မိမိတို့သင်တန်းဌာန၊ မိမိတို့မြို့ရဲ့၊ မိမိတို့ ဗုဒ္ဓဘာသာမြန်မာနိုငငံရဲ့ ဂုဏ်ကို စွမ်းဆောင်နိုင်ခဲ့သော မရွေရည်ပြည့်ဖြိုး၊ အဖအမည် ဦးထက်မြတ်အောင် အား စွမ်းနိုင်သရွေ့ ဗြဟ္မစိုရ်တရား (၄)ပါးဖြင့်သော်လည်းကောင်း၊ အာမိသာပူဇာ(ပစ္စည်းလေးပါးတို့ဖြင့်) ဂုဏ်ပြုပူဇော်ပွဲတို့ဖြင့် အဆင့်ဆင့် ဆက်လက်ချီးမြှောက်ဂုဏ်ပြုကြစေလိုကြောင်း၊
နောင်နှစ်တွေများတွင်လည်း ယခု မရွှေရည်ပြည့်ဖြိုးကဲ့သို့ ထူးချွန်သော ဗုဒ္ဓဘာသာ မျိုးဆက်များကို တောင်ငူမြို့အနေဖြင့် မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း
တောင်ငူရဲ့ အောင်မြင်မှုကိုလည်း အခြားသော သင်တန်းဌာနအသီးသီး မြို့နယ်အသီးသိးတို့မှ ဗြဟ္မစိုရ်တရားလေးပါးဖြင့် ဂုဏ်ပြုပူဇော်နေကြမည်ဟု ယုံကြည်မိပါကြောင်း (ရင်တွင်းဆန္ဒ ပြင်းပြစွာဖြင့်) ဂုဏ်ပြုစကား ဂုဏ်ယူဝင်ကြွားစွာ ပြောကြားလိုက်ရပါသတည်း။
(နတ် လူ အပေါင်း သူတော်ကောင်းမှန်သမျှ သာဓုခေါ်ဆိုကြမည် မလွဲဧကန်ပါတည်းးး) ဦးပဏ် (ပြိုင်ပွဲတာဝန်ခံဆရာတော် သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့-ဗဟို)

No comments:

Post a Comment