Monday, May 30, 2016

မဟာသာရောပမ သုတ္တန်ဘုရား

မဟာသာရောပမ သုတ္တန်ဘုရား ကိုယ်တိုင်လည်း ဟောပြီးသား။အနှစ်သာရ က ဘာလဲဆိုရင်အချိန်မရွေး လွတ်မြောက်မှုပဲ။သီလပိုင်းကလည်းဘာအတွက်လည်း ဆိုရင်လွတ်မြောက်ဖို့ အတွက်ပဲ။သမာဓိကလည်းဘာအတွက်လည်းဆိုရင် လွတ်မြောက်ဖို့ အတွက်ပဲ။အဲဒီအတွက်သာ ဘုရားဟောတာ။ ဒါမှသာ တဏှာအစပ် ပြတ်မှဇာတိ မလာမှာကိုး.. နားလည်ပြီနော်..။မဟာသာရောပမ သုတ္တန်မှာ ဟောထားပြီးသား။ဒါလည်းပဲ ဘုန်းကြီးတို့ လူကော၊ ရဟန်းကော သတိထားရမယ့် အချက်ပဲနော။တစ်နေ့ ဘုရားက ရဟန်းတွေကို အမိန့်ရှိတယ်၊တရားကို မှတ်ကြတဲ့.. ငါဘုရား ရှိတုန်းမှာ ကြိုးစားမှတ်ကြ၊ငါဘုရား မရှိမှ နောင်တတဖန် မဖြစ်ကြနဲ့လို့ အမိန့်ရှိတယ်။ဒေ၀ဒတ်ကြီး အကြောင်းပြုပြီးတော့ကာဘုရားဟောတဲ့ တရား.. မဟာသာရောပမ သုတ္တန် ဆိုတာရှိတယ်။တစ်နေ့တဲ့ သစ်ပင်ရဲ့ အနှစ် ကိုရှာတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနှစ်ကို မသိဘဲနဲ့ကာ တောထဲသွားတယ်။သစ်ပင်တွေ့တဲ့ အခါမှာသူက အခက်အရွက် ကလေးတွေကိုအနှစ်ထင်ပြီး ပြန်လာတယ်တဲ့။ဒါ တစ်ယောက်ပေါ့နော်။ချစ်သားတို့..အနှစ်နဲ့မှပြီးမယ့် ကိစ္စမှာပြီးပါ့မလားလို့ မေးတော့.. ပြီးပါ့မလား.. မပြီးဘူးနော်။တစ်ခါ နောက်တစ်ယောက်လည်း သွားပြန်တယ်.။သူလည်း အနှစ် မသိဘူးတဲ့။သူကျတော့ အပွေးလေးတွေ ကို အနှစ်ထင်ပြီး ခွါလာတယ်။ဒီတစ်ယောက်က ဘာတုန်း.. အပွေး..နောက်တစ်ယောက်ကလည်း အနှစ်မသိဘူး.။တစ်ခါ အခေါက် ကလေးကိုအနှစ်ထင်ပြီး ခွါလာတယ်။မှတ်ထားနော်။နောက်တစ်ယောက် ကျတော့ကာ အကာ ရောက်သွားပြီ..တော်တော် ကောင်းပြီ.. အကာကိုလည်း အနှစ်ထင်ပြီး ခွါလာတယ်..အနှစ် မရောက်သေးဘူးနော်..နောက်ဆုံး တစ်ယောက်ကျမှအနှစ်ကို သိလို့ အနှစ် ကို ယူလာတယ်တဲ့။ဘယ်နှစ်ဦးလဲ.. ငါးဦး.. ပထမက အခက်အရွက်၊ပြီးတော့ အပွေး၊ အခေါက်၊ အကာ၊အနှစ် မရောက်သေးဘူးနော်..အနှစ် က နောက်ဆုံးမှ ရောက်တာ။အဲဒီလိုပဲ.. ဘုရား သာသနာမှာကွယ်..ပထမ အခက်အရွက် ကိုခူးတဲ့ သာသနာတွင်း ပုဂ္ဂိုလ် ရှိတယ်တဲ့။ဘုရားရှင် မိန့်တာက အခက်အရွက် ကို ခူးကြတယ်တဲ့။ဘာလဲ ဆိုတော့.. လာဘ်လာဘ အပူဇော် အကျော်စော တဲ့..စပြီ ဆိုကတည်းကိုက လာဘ်လာဘ ဗဟိဒ္ဒအခြွေရံ အကျော်စောကို အနှစ်ထင်တာတဲ့။ငါက ထင်ပေါ် ကျော်စောတယ်၊ငါက ကျောင်းကြီး အကြီးကြီး၊ဖုန်း ဘယ်လောက်.. မျိုးစုံ ကြွားတာ။အဲဒါတွေကို အနှစ်သာရ ထင်ပြီးတော့ကာ၊ပန်းတိုင် ထင်ပြီးတော့ကာ အားထုတ်ကြတာ။ကျောင်းကြီး ဆောက်ပြီးပြီ၊ကားတွေ ပိုင်မယ်၊ ဖုန်းတွေ ပိုင်မယ်။ဘုန်းကြီးတဲ့ သံဃာတစ်ပါး..ဘုန်းကြီးတဲ့ ရဟန်း..ဘုန်းကြီးတဲ့ ယောဂီ.. အမျိုးမျိုးပေါ့နော..လာဘ်ပသက္ကာ အပူဇော် အကျော်စောကိုပဲအဆုံး ထင်ပြီးတော့ကာ ပန်းတိုင် ထင်ပြီးတော့ ကျင့်ပြီးတော့“ငါသာလျှင် ပြည့်စုံတယ်.. သူများက မပြည့်စုံဘူး ဆိုပြီး နှိမ့်ချတာ”ကိုယ့်ကိုယ်ကို မာန်ရစ်ပြီးတော့ တင်နေတယ်တဲ့..အဲဒါဟာ အခက်အရွက် ခူးတဲ့ ပုဂ္ဂိုလ်..ဘာမှ အနှစ် မရောက်ဘူးတဲ့။နောက် ဒုတိယ တစ်ဆင့်.. သီလ ကို စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်။သီလကို ဩော်.. လာဘ်လာဘတွေ အရေးမကြီးဘူး။သီလမြဲဖို့ အဓိကပဲ ဆိုပြီးသီလကို အားစိုက်တာ။စိုက်တော့ သီလမှာ လုံနေတဲ့ အခါကျတော့။မာန တက်သွားတယ်.. သီလမာန..“ငါသာ သီလလုံတာ.. ဒင့်ဖြင့် ပုဂ္ဂိုလ်တွေက ငါ့လို မဟုတ်ဘူး။ ဖိုးသူတော်လောက်ပဲ အောက်မေ့တာ”တစ်ဖက်သားကို သီလ မလုံဘူးဆိုပြီး နှိမ့်ချတာ။ကိုယ့်ကိုယ်ကို မြှင့်တင်တာ။အဲမှာ သောင်တင်ပြန်ရော.. သဘောပေါက်လား..ပြောရရင် မျက်မှောင်ကုတ် ကြည့်တာပေါ့။သီလ မလုံတဲ့သူတွေကို မျက်မှောင်ကုတ် ကြည့်တာ။သင်္ကန်းရုံတာလေး စောင်းရင်တောင် မှပဲ..ကိုယ်က တည့်ထားတော့ မျက်မှောင်ကုတ် ကြည့်တယ်ဆိုတာ မာန တက်တာ။ သဘောပေါက်လား.. နားလည် ခွင့်လွှတ်စိတ် မရှိတော့ဘူး။သီလ သဘောတရားကလည်း ဘာအတွက် ဆိုတာ သိမထားတာ..၀ိမုတ္တိ ရောက်ဖို့ အတွက်ဘုရားက လမ်းခင်းထားတာပဲ ရှိသေးတယ်။သာသနာမှာ ဆိုရင် အပွေးလေး ခွါတာ.. တဲ့..ဘာခွါတာတုန်း.. အပွေး ခွါတာနော်။တစ်ခါ တစ်ဆင့်တက်.. ဒါက ဘာလဲ ဆိုရင်ပညာ ၀ိမုတ္တိ သွားဖို့အတွက် ဘုရားက ဟောတဲ့ တရားနော်။သာသနာတော်ကြီး ခိုင်မြဲဖို့ အတွက်ကတော့သီလက အဓိကပေါ့..၀ိနည်းက အဓိကပေါ့..သဘောပေါက်လား..ရေရှည်ခိုင်ဖို့ ထားနော်။သို့သော် လုပ်ငန်းခွင် ကျတော့ကာ.. ကြည့်လိုက်တော့အပွေး လောက်ပဲ ရှိတယ်လို့ ဘုရားက ပြတာ.. ။ဝိမုတ္တိ လုပ်ငန်းစဉ်မှာကျတော့ ဘာခေါ်လဲ။အပွေး အဆင့်ပဲထား..သာသနာ အရှည်တည်ဖို့ကျတော့ စည်းကမ်း မို့လို့..စည်းကမ်းဘောင် ရှိမှ သာသနာက နှစ်ပေါင်းများစွာ ခိုင်မှာ..ဒါက တစ်ပိုင်း.. သဘောပေါက်လား.. ။ဒါလည်း မြဲအောင် ကြိုးစားရ မှာပဲနော်..။အဲ ဒါပေမယ့်လို့ လုပ်ငန်းခွင် ကျတော့ဝိမုတ္တိ လမ်းကြောင်းကျတော့.. ဘုရားက ဘယ်လို ပြတုန်း.. ။သာသနာမှာဆို အပွေးပဲ ရှိသေးတယ်..အကာတောင် မရောက်သေးဘူး။အခေါက်တောင် မရောက်သေးဘူး။တစ်ချို့ကျတော့ သီလကလည်းပဲ ဘာမှ မဟုတ်သေးဘူး။ထပ်တိုးပြီး တစ်ဆင့် တက်ရဦးမယ်။ကမ္မဋ္ဌာန်းတွေ ပွားရဦးမယ်.. ဆိုပြီးကမ္မဋ္ဌာန်းကို အားစိုက်တော့ကာသမာဓိတွေ မြဲပြီး.. အားကောင်းလာတော့ ကြည်လင်တော့ကာ..ဘေးလူတွေကို ကြည့်ပြီး “ငါ့လို ကမ္မဋ္ဌာန်း မပွားကြဘူး” သူများနှိမ့်ချ..။ ကိုယ့်ကိုယ်ကို မြှင့်တင်.. သောင်တင်နေပြန်ရော..နားလည်မလား.. အဲဒီမှာလည်းတစ်ခါ အဲဒါ အခေါက် ခွါတာ.. နားလည်ပြီနော်..မျက်စိ မလည်နဲ့နော်.. ရှိတယ်နော်..ဒါ သတိထားပါ။တစ်ခါ တစ်ဆင့်တက်လိုက်တော့ကာသမာဓိ ဈာန် ပါ ရပြီတဲ့ အဘိဉာဉ် တန်ခိုးပါ ရပြီတဲ့။ဒေ၀ဒတ်ကြီးလို.. သဘောပေါက်လား..။လောကီ အဘိဉာဉ် ဈာဉ်တွေ ရပြီး အကြားအမြင်တွေ ရတယ်။ဖောက်မြင်တယ်.. အားအင်တွေ ကောင်းပြီး ကောင်းကင် ပျံနိုင်တယ်။အားရှိသွားတာ.။အဲဒီတော့ကာ မာန တက်ပြီးတက်ပြီးတော့“ဒင့်ဖြင့် ပုဂ္ဂိုလ်တွေက တကယ်မှ မကျင့်ဘဲ..ငါ့လိုဘယ်ရမလဲ. ငါသာ ပျံနိုင်တာ” ဆိုပြီးတော့ တစ်ဖက်သား နှိမ့်ချ။ကိုယ့်ကို မြှင့်တင်ပြီးတော့ မာန တက်ပြီးတော့အဲမှာ သောင်တင်နေ ပြန်ရော.. ။အဲဒါ ကပ်နေပြီနော်.. အကာ ရောက်နေပြီ..အနှစ်နား ကပ်နေပြီ.. ။အလှည့် လိုတော့တာနော်..အဲဒီမှာ တစ်ခါ သွားပြန်တာပဲ..တစ်ချို့ရှိတယ်.. ။နာရီပေါင်းများစွာ ထိုင်နိုင်တယ်..သမာဓိ ကောင်းတာကိုး.. ။အကြာကြီး ထိုင်ပြီး.. ငြိမ်ပြီး အေးချမ်းနေပြန်တယ် ဆိုရင်ပဲအထိုင်ကျနေတာပဲ.. “ငါက အထိုင်နိုင်ဆုံး..ဒင့်ဖြင့်လူက ငါ့လို မထိုင်နိုင်ဘူး” ဆိုပြီး.. မာန်တက်တာ.. ။အဲဒီမှာ သောင်တင်တာ အများကြီးပဲ..။သဘောပေါက်လား.. လူများရင် ထိုင်ကြပြီ.. လေးငါး ဆယ်ရက်.. တစ်ချို့ လေးငါးရက်.. လေးငါးနာရီ ထိုင်ကြပြန်ပြီ..မသိမသာ မာန်တက်တာ မသိဘူး။အမှန် ဒီအကျင့်က သူများသိအောင် ကျင့်တာမှ မဟုတ်ဘဲနဲ့ကိုယ့်ကိုယ့်ကို စောင့်ရှောက်တဲ့ အလုပ်..ဘုရားဟောမှာ မထေရ်တစ်ပါး.. ရဟန်းတာနေပြီ..ရှင်ဘုရင် ပင့်တာ မလိုက်ချင်တော့ရှင်ဘုရင် ကြွတဲ့ အချိန် ကုတင်ပေါ်မှာ ၀မ်းလျားမှောက်ပြီး..တုတ်နဲ့ မြေကြီး ခြစ်ပြနေတာ။ဘုရင်က တွေ့တော့ “ဟင်” ဆိုပြီး ပြန်သွားရော..အဲတော့ ဘေးက သံဃာတွေက အရှင်ဘုရား ဘယ်လိုလုပ်လိုက် တာတုန်း..သာသနာ ကြည်ညိုရာ မဖြစ်တော့ဘူးပေါ့.. ဆိုပြီး ၀ိုင်းပြောကြတာ..အေးကွယ်.. သာသနာ ကြည်ညိုဖို့က ငါ့တာဝန်ထား ဆိုပြီးအဓိဋ္ဌာန်ပြီးတော့က ပရိနိဗ္ဗာန် ပြုသွားကော။နောက်ပြီး ရဟန်းတစ်ပါး..စာချရင်းနဲ့ ရဟန်းတာနေတာ..ဒါပေမယ့် ရဟန္တာ ဖြစ်နေတာ လူမသိကြဘူး..အရှင်ဘုရား ကျောင်း ခေါင်မိုးထက်မှာ အခေါင်းနှစ်ခေါင်း ဆန်းဆန်း ကြယ်ကြယ် ရောက်နေပါတယ်ဆိုတော့.. အော် အော် အော်..ဘုန်းရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ရောပြီး အပူဇော် ခံရမှာပေါ့ဆိုပြီးသင်္ကန်းလေး ရုံပြီး ကောင်းကင် ပျံသွားရော.. နောက်ပြီး အခေါင်းထဲ ၀င်လိုက်တာ ပရိနိဗ္ဗာန် ပြုသွားရော.. ။အခေါင်း တစ်ခေါင်းက ခုန ပျံလွန်တော်မူ သွားတဲ့..မြေကြီး တုတ်နဲ့ခြစ်တဲ့ ရဟန္တာရဲ့ အခေါင်း..အခေါင်း နှစ်ခေါင်းက အပေါ်မှာ တံ့နေတာနော်.. ။ဘယ်သူမှ ချလို့ မရဘူး.. ။ဘုရင်ကိုယ်တိုင် ကန်တော့မှ ကျတယ်.. သဘောပေါက်လား..သာသနာကို ကြည်ညိုအောင်လည်း လုပ်တော့ လုပ်ပစ်ခဲ့တာပဲ။အဲတော့ သတိထားရမှာ ဘာလဲ ဆိုတော့..သူများ အထင်ကြီးအောင် ဟန်ဆောင်ပြီးတော့ ထိုင်တာမျိုး မလုပ်ရဘူးနော်။သိမ်မွေ့တဲ့ မာန.. မာန.. ငါအကြာကြီး ထိုင်နိုင်တာပဲ.. ဆိုပြီး မာနနဲ့ ထိုင်တော့ ကောင်းပါ့မလား.. မလုပ်နဲ့.. သဘောပေါက်လား..သူများသိအောင်.. သိမ်မွေ့တဲ့ မာနနော်.. .ငါထိုင်တာ သူများသိအောင်၊ငါကျင့်တာ သူများ သိအောင်..ညဘက်က ငါ ဘယ်နှစ်နာရီ ကြာအောင် ပွားမိတာ.. မကြွားနဲ့..သဘောပေါက်လား..တစ်ချို့က ညက ငါ ဓုတင် ဆောက်တည်တာ..သူများကို သိအောင် ကြွားတယ်.. ကြွားစရာ အလုပ်မှ မဟုတ်ဘဲနဲ့နော်..သဘောပေါက်လား.. အဲဒါကိုက သိမ်မွေ့တဲ့ မာန.. ။ငါဘယ်လောက် ထိုင်နိုင်တယ် ဆိုတာလည်း ကောင်းပါ့မလား.. ။လုပ်မပြရဘူးနော်.. ဆုံးမပြီးသား.ဆရာတော်တွေ ၀ိသုဒ္ဓိမဂ်မှာ.. ဆုံးမပြီးသားနော်..ဓုတင် ဆောက်တည်တာ တောင်မှ သူများ အသိမခံရဘူး။ရဟန်းနှစ်ပါး ရှိရာမှာ.. တစ်ပါးက ကျောမချ ဓုတင်ကိုတစ်သက်လုံး အဓိဋ္ဌာန် ထားတာ..အဲဒါ ညကျရင် ထိုင်နေပြီ.. ညကျရင် တုံးလုံး မလှဲဘူး.. ထိုင်နေပြီနော်..အဲဒါ တစ်ပါးက အိပ်တာ.. မိုးရွာတော့ လျှပ်လက်တဲ့ အခါနိုးတော့ ကြည့်လိုက်တဲ့အခါ.. ထိုင်လျက် သွားတွေ့တာ..အရှင်ဘုရား.. ဓုတင် ဆောက်တည်တာလား ဆိုတော့ လှဲလိုက်တယ်.. မပြောဘူး.. ဆောက်တည်တယ် မပြောဘူး.. တုံးလုံးလှဲလိုက်တယ်..သူများ အသိမခံဘူး.. ဘာမှ မပြောဘဲ လှဲအိပ်လိုက်တယ်..နောက်မှ သူ့အလုပ်သူ ပြန်လုပ်တာ..ဓုတင် ဆောက်တည်တာ တောင်မှ အသိမခံဘူး..အဲလို ဖြစ်ရမယ်တဲ့.. နားလည်တယ်နော်..ကိုယ်ကျင့်တာကို သူများ သိစေချင်တဲ့စေတနာလေး ပါတာကိုက သိမ်မွေ့တယ်နော်။သူများနှိမ့်ချ ကိုယ့်ကို မြှင့်တင်တဲ့ မာန..သိမ်မွေ့တယ်နော်.. ပါမနေဘူးလား..အဲမှာ သောင်တင်တတ်တယ်..နားလည်ကြရဲ့လား.. သဘောပေါက် တယ်နော်..အရေးကြီး တယ်နော်.. အဲတော့ကာ..အထိုင်ပြိုင်တာလည်း ဘုန်းကြီးက သတိပေးပါတယ်။မပြိုင်ကြပါနဲ့.. တစ်ချို့ နာရီတောင် ပြိုင်တယ်..နာရီပေါင်း ဘယ်လောက် ထိုင်ထားတာ။အဲလို မဟုတ်ဘူးနော်.. ဘုရား ဟောတာက..ဘယ်လို ပုံစံဖြစ်ဖြစ်.. အမူအယာ တိုင်းမှာတဏှာအစပ် ပြတ် မပြတ် သိအောင် ကြိုးစားရမယ်.. ဖြတ်တတ်ရမယ်..တုံးလုံးလှဲရင်းလည်း မသေနိုင် ဘူးလား.. မေးပါဦးမယ်။ကဲ.. တစ်နိုင်ငံလုံးမှာ သေတဲ့ မသာကို တွက်လိုက်။တစ်ရာမှာ တစ်ယောက် ဆိုသလိုနော်။ ရှာကြည့်လိုက်..ထိုင်သေတဲ့ မသာက နည်းမနေဘူးလား..လဲသေတဲ့ မသာက များပါတယ်နော်..တုံးလုံးလှဲရင်း တရားကျင့်လို့ မရနိုင်ဘူးလား..တုံးလုံး လှဲရင်ပဲ တစ်ချို့က တရားကျင့်တယ် မထင်ဘူးလေ။တုံးလုံးလှဲရင်းလည်း တရားကျင့်လို့ ရပါတယ်.. သဘောပေါက်လား..ဒါ သက်သာသော ဣရိယာပုတ် ခေါ်တယ်..ညာတော့ မညာနဲ့ပေါ့.. တရားကျင့်တယ် ဆိုပြီး အိပ်တော့ မအိပ်နဲ့ပေါ့..အဲဒါတော့ ညာလို့ မရဘူးပေါ့နော်.. ရှိဘူးတယ်..ဘုန်းဘုန်းတို့ တောသွားတော့..ဘုန်းဘုန်းနဲ့အတူ တစ်ပါးပါတယ်..အဲဒီ ကိုယ်တော်ကြီးက သူက ခပ်ပျော်ပျော် နေတာကိုး..အဲဒါ နေ့ခင်းဘက် အိပ်ချင်တော့.. ကျောင်းသားကို မှာတယ်..ဘုန်းကြီး မေးလို့ရှိရင် တရားထိုင်နေတယ် ပြောလိုက်တဲ့..အဲဒါ ကျောင်းသားက တင်ပါ့ဘုရား ဆိုတော့သူက ၀င်အိပ်တာ.. ဧည့်သည်လာတော့ ကလေးက ချောင်းကြည့်တယ်..ကလေးက မညာတတ်ဘူး.. အဲဒါ ချောင်းကြည့်တော့ အိပ်နေတာ တွေ့တော့..ဘုန်းဘုန်း ဘာလုပ်နေလဲ ဆိုတော့.. တရား ကျိန်းနေတယ်တဲ့..ထိုင်တယ် မပြောဘဲ တရားကျိန်းနေတယ်တဲ့..အခုလည်းပဲ တရား မကျိန်းကြနဲ့ ပေါ့နော်..အဲတော့ ညာတော့ မညာကြနဲ့ ပေါ့နော်..တုံးလုံးလှဲလည်းပဲ.. အိပ်တော့ တကယ် မအိပ်နဲ့ပေါ့နော်..တရား ကြိုးစားပေါ့.. နားလည်ပြီလား..ဒီတော့ကာ ဘုရားဟောတာက အင်မတန် ဖြောင့်စင်းဖို့..။ဒါဖြင့်ရင် သာသနာရဲ့ အနှစ်သာရ ကို ရှာတဲ့ နေရာမှာ..လာဘ်လာဘ ပူဇော်တာတွေ နာမည် ကြီးတာက..သာသနာမှာ ဘာခေါ်လဲ.. အခက်အရွက်၊ နားလည်မလား..သီလမှာ သောင်တင်တာ ကျတော့.. အပွေး၊ကမ္မဋ္ဌာန်းတွေမှာ မြဲတာက.. အခေါက်၊အဘိဉာဉ် တန်ခိုးပါ ရတဲ့ ပုဂ္ဂိုလ်ကျတော့.. အကာ ပဲ ရှိသေးတယ်တဲ့..ဒါဖြင့်ရင် အဓိက အနှစ်က ဘာလဲ ဆိုတော့..အချိန်မရွေးနော်.. လွတ်မြောက်နေဖို့ ပါ။လွတ်မြောက်မှုကို ဘုရားက လိုချင်တာ.. နားလည်ပြီလား..အချိန်မရွေး၊ ကာလ မရွေးမှာ.. ဉာဏ်တည့် လွတ်မြောက်မှု သဘောတရား ရဖို့သာ အနှစ်သာရ.. ကျန်တာတွေက ရှေ့ကနေ လမ်းခင်းထားတာ ခေါ်တယ်။(ကျေးဇူးတော်ရှင် ပိုင်းလော့ ဆရာတော်ဘုရား ဟောကြားတော်မူသောကိလေသာ သံယောဇဉ်ဆယ်ပါး ပယ်ပုံ တရားတော်မှထုတ်နုတ်ရေးသား ပူဇော်ပါသည်။)

No comments:

Post a Comment