Sunday, May 29, 2016

သာမဏေကုန်ကြမ်းမှသည် သာသနာပြုရဟန်းတော်များဆီသို့

သာမဏေကုန်ကြမ်းမှသည် သာသနာပြုရဟန်းတော်များဆီသို့
(ဇေတဝန်ပရိယတ္တိစင်တာ စီမံကိန်း)
--------------

မြန်မာနိုင်ငံသာသနာမှာ သာမဏေ(ကိုရင်)များ ရှားပါးလာကြောင်း သတိပြုမိလာကြပါတယ်။ သက်ဆိုင်ရာ စာသင်တိုက်ကြီးများ၊ ကျောင်းထိုင်ဆရာတော်များ၊ သာသနာအရေးတွေးမိသူများက အနာဂတ်သာသနာအတွက် စိတ်ပူနေကြပါပြီ။ ကိုရင် (သာမဏေ)များ မရှိတော့ရင် ရဟန်းသံဃာတော်များ၊ ဆရာတော်ကြီးများဆိုတာ ဘယ်လိုရှိလာနိုင်ပါတော့ မလဲ၊ စဉ်းစားရပါပြီ။
သာသနာတော်ရဲ့အခြေခံ သာသနာတော်ရဲ့အသက်သွေးကြောသဖွယ်ဖြစ်တဲ့ သံဃာတော်များ စဉ်ဆက်မပြတ် အမျိုးဘာသာ သာသနာတော်ကြီးကို လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက် ကာကွယ်နိုင်ဖို့ ရှင်သာမဏေများ ပျောက်ဆုံးသွားလို့ လျော့နည်းသွားလို့ မဖြစ်ဘူး။ ရှင်သာမဏေအများစုကို မွေးဖွားပေးနေတဲ့ ကျေးလက်တောရွာက မိသားစုများကလည်း ကိုရင်တစ်ပါးဖြစ်ထွန်းအောင် မထားနိုင်ကြ၊ ကျေးရွာဆရာတော်များကလည်း ကိုရင်တစ်ပါးမြဲအောင်  တစ်နည်းအားဖြင့်ပြောရရင် မျိုးဆက် သာသနာ့အမွေပေးနိုင်အောင် မစောင့်ရှောက်နိုင်ခဲ့ကြတာတွေလည်း မြင်တွေ့နေရပါတယ်။ ဒါကလည်း ဆရာတော်တွေရဲ့အားနည်းချက်တော့ အပြည့်အဝ ဟုတ်နိုင်မယ်မထင်ပါ။ ကိုရင်တွေကိုက သာသနာ့ဘောင်မှာ မနေချင် ကြတော့တာ ဖြစ်ပါတယ်။ မိဘတွေကလည်း မထားချင် သားကလည်း သာသနာဘောင်ထက် ပြင်ပ အပျော်အပါး အာရုံတွေက သိပ်ကောင်းလွန်းတော့ တင်းကျပ်လှတဲ့ သာသနာ့ဘောင်မှာ ဘယ်နေချင်ကြပါတော့မလဲ။ မိဘတွေကလည်း သားကိုရင် ပညာရေးမပြီးဆုံးဘဲ လူပြန်ထွက်လာရင် ဟိုမရောက် ဒီမရောက်နဲ့ ခက်ရချည်ရဲ့လို့ တွေးတောပူပန်ကြနဲ့ စုံလို့ပေါ့။
နွေရာသီမှာ ရှင်ပြု ရဟန်းခံပွဲ အကြီးအကျယ်လုပ်တတ်ကြပါတယ်။ ရှင် (၁ဝဝ)၊ ရှင် (၁ဝဝဝ) စီမံကိန်းနဲ့ ရာပြည့် ထောင်ပြည့် ရှင်ပြုပွဲတွေကို ဗုဒ္ဓဘာသာ လူချမ်းသာတွေက ပြုလုပ်နေကြတာလဲ အားရစရာပါ။ သို့သော်လည်း အဲဒီ ရှင်တစ်ရာ ရှင်တစ်ထောင်ဟာ တစ်ပတ် ဆယ်ရက်အတွင်းမှာပဲ တစ်ပါးမကျန် အကုန်ပြန်ထွက်ကုန်ကြတယ်။ တစ်ပါးမှ သာသနာ ဘောင်မှာ မြဲပြီး မကျန်ခဲ့ပါ။  ဒီအတိုင်းသာ ရှေးဆက်သွားရင် ဘယ်နှယ့်လုပ်ပါ့မလဲ။ အားလုံးဝိုင်းစဉ်းစားကြဖို့ အချိန်တန်ပါပြီ။
ဒီကြားထဲ ရှိပြီးသား ရှင်ငယ် ရဟန်းငယ်များက မပျော်လို့ထွက်တာက တစ်မျိုး၊ စာမေးပွဲကျလို့ လူထွက်တာက တစ်ဖုံ၊ စာမကျက်နိုင်လို့ မနေချင်တော့တာက တစ်နည်း ဤသို့အားဖြင့် သံဃာတော်တွေ လျော့လျော့လာခဲ့ကြတာဟာ မျက်မြင်ကိုယ်တွေ့တွေပဲဖြစ်ပါတယ်။ အပြင်က လူငယ်လေးတွေ ဖုန်းနဲ့ဂိမ်းနဲ့ အင်တာနက်နဲ့စတဲ့ဆိုရှယ်မီဒီယာတွေသုံးပြီး တလျားလျား တကြွာြး<ွကားဖြစ်နေချိန်မှာ ကျောင်းထဲမှာပဲ စာတွေသာကုန်းရုန်းကျက်ကာ ချောင်ပိတ်မိနေသလိုခံစားနေရတဲ့ သံဃာတွေဟာ မပျော်ပိုက်ကြတော့ပါဘူး။
သံဃာငါးရာခန့်ရှိတဲ့ စာသင်တိုက်ကြီးတွေဟာ သုံးရာနဲ့ လေးရာကြားမှာပဲ ရှိတော့တယ်၊ သံဃာတစ်ရာခန့်ရှိတဲ့ စာသင်တိုက်တွေဟာလည်း ခြောက်ဆယ်နဲ့ ခုနစ်ဆယ်ကြားမှာပဲ ရှိတော့တယ်။ သံဃာလေးဆယ် ငါးဆယ် ရှိတဲ့ကျောင်း ကတော့ ဆယ့်ငါးပါး အပါးနှစ်ဆယ်လောက်နဲ့စခန်းသွားနေရပါပြီ။ တစ်ချို့တောရွာတွေမှာဆိုရင် ကျောင်းသား ကိုရင်မရှိလို့ ကျောင်းထိုင်ဆရာတော် ရဲ့ ဆွမ်းကွမ်းဝေယျာဝစ္စအတွက် လစာပေးပြီး ကပ္ပိယငှားထားရတဲ့အခြေအနေသို့ပင် ရောက်ရှိနေကြောင်း လေ့လာတွေ့ရှိရပါတယ်။  ဒီအတိုင်း အဝင်မရှိ အထွက်တွေချည်းနဲ့သာ ဆက်သွားကြမယ်ဆိုရင် နောက်ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် မြန်မာနိုင်ငံရဲ့သံဃာ အရေအတွက်ဟာ အံ့သြစရာကောင်းလောက်အောင် လျော့ကြသွားနိုင်တယ်ဆိုတာ သတိပြုမိကြဖို့ပါ။ ဆက်လက် ဘယ်လိုဆောင်ရွက်သင့် သလဲဆိုတာကိုပါ စဉ်းစား လုပ်ဆောင် ကြဖို့ တိုက်တွန်းအပ်ပါတယ်။
ဒီအတွက် သာသနာစိတ်အပြည့်နဲ့ အနာဂတ်သာသနာတော်အတွက် သံဃာအဆက်မပြတ်သွားရအောင် သာမဏေ အသစ်များ မွေးထုတ်ခြင်း၊ စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်ဖို့ လိုနေပြီလို့ ခံယူပါတယ်။ ဒီကိုရင်တွေဟာ သာသနာ့ကုန်ကြမ်းများပဲ ဖြစ်ပါတယ်။
မိမိစာရေးသူကိုယ်တိုင်လည်း ဒီအခြေအနေကို တစ်ဖက်တစ်လမ်းကနေ ထိမ်းသိမ်းစောင့်ရှောက်ပေးနိုင်ဖို့နဲ့ အနာဂတ် သာသနာ တော်မှာ စွမ်းရည်ထက်မြက်တဲ့ သံဃာတော်များပေါ်ထွက်လာဖို့အတွက် ခေတ်စနစ်နဲ့ လျော်ညီတဲ့ သင်ကြားရေး စနစ်ကို အသုံးပြုကာ ပရိယတ္တိလုပ်ငန်းစဉ်အဖြစ် စာသင်တိုက်စတင်တည်ထောင်လိုက်ရတာပါ။ တစ်ချို့ကလည်း 'စာသင်တိုက် တည်ထောင်တဲ့သူဟာ လူမိုက် အလုပ်ပဲ' လို့ တင်စားပြောကြတယ်။  စာသင်တိုက်တည်ထောင်တာက ပင်ပန်းတယ်၊ ဆင်းရဲ တယ်၊ ရိပ်သာကတော့ အထိုက် အလျောက် အဆင်ပြေတယ်လေ။
ဒါပေမယ့် လူမိုက်ဖြစ်ရင်လည်း ဖြစ်ပါစေတော့၊ အမိုက်ခံပြီး ဒီနှစ်မှာ ကိုရင်တွေ  စတင်မွေးထုတ်ဖို့ စီမံကိန်းတစ်ခု စတင် လိုက်ပါတယ်။ အင်္ဂလိပ်စာ၊ သင်္ချာ၊ ကွန်ပျူတာဘာသာရပ်တွေပါ ပထမပြန်စာမေးပွဲနဲ့တွက်ဖက်ပြီး စွမ်းရည်မြင့် သံဃာတော်များ ပေါ်ပေါက်လာနိုင်ရေးအတွက် အွန်လိုင်းကနေ သာမဏေများ လက်ခံမယ်လို့ ကြေညာပေးလိုက်ရာ စိတ်ဝင် စားတဲ့ ဆရာသမားတွေဟာ သူတို့တပည့်ကိုရင်များအား လာရောက်အပ်နှံနေကြပါပြီ။
အစကတော့ ပထမငယ်တန်းကိုရင်တွေပဲ လက်ရွေးစင်ထားဖို့ စီစဉ်ခဲ့ပေမယ့် လာအပ်တာကျတော့ အငယ်တန်း အဆင့်မမီသူ တွေကလည်း ပါနေပြန်ပါတယ်။ အားလုံးကို လက်ခံပေးနေပါပြီ။ အတန်းခွဲပြီး သင်ပေးရတော့မှာဘဲလေ။ ပထမငယ်တန်းအဆင့်မီသူကိုသာ အင်္ဂလိပ်စာ၊ သင်္ချာ၊ ကွန်ပျူတာဘာသာရပ်တွေကို သင်ပေးမှာ ဖြစ်ပါတယ်။
ခက်နေတာက မြန်မာစကားတောင် မပြောတတ်သေးတဲ့ ရှမ်း၊ ကရင်စတဲ့တိုင်းရင်းသား ကိုရင်တွေလည်း ပါနေ ပြန်သေးတယ်။ စိတ်ရှည်ရှည်နဲ့ ချီတက်ရတော့မှာပေါ့။ စတင်လက်ခံရက်တောင် မရောက်သေးဘူး တစတစလာအပ်နေလို့ အပါး(၃ဝ)လောက် ရောက်ရှိနေပါပြီ။ သူတို့အတွက် ခုတော့ သင်္ကန်းဝတ်နည်း၊ သင်္ကန်းရုံနည်း၊ လက်ကတော့ထိုးနည်းစသည်များကို အချိုးညီညီ ကြည်ညိုဖွယ်အသွင်ဆောင်နိုင်ဖို့အတွက် လေ့ကျင့်ပေးနေပါပြီ။ ဘုရားရှိခိုးနဲကစည်းမျဉ်းစည်းကမ်းတွေလည်း မကြာခင် သင်ကြားပေးတော့မှာပါ။ အချိန်ကန့်သတ်မထားတော့ပါ၊ အချိန်မရွေးလာအပ်လို့ရပါပြီ။ ဒါပေမယ့် နယုန်လပြည့်ကျော်ရင်တော့ လက်မခံတော့ပါဘူး။ စည်းကမ်းမထုတ်လို့ကလည်း မဖြစ်ပြန်ဘူးလေ။
စာသင်တိုက်အများစုမှာက ယခုနှစ်အနည်းငယ်အတွင်းမှာ တင်းကြပ်စွာချမှတ်ထားရတဲ့ အခြေခံဥပဒေသစ်တစ်ခု ရှိလာ ပါတယ်။ အဲဒါကတော့ 'စာသင်သားများ ဖုန်းစတဲ့နည်းပညာမြင့်ပစ္စည်းများ လုံးဝမကိုင်ရ'ဆိုတဲ့ စည်းမျဉ်းအချက်ပါ။ အဲဒီ စည်းကမ်းချက်တွေ လုပ်လိုက်ချင်းကြောင့်လည်း သံဃာတွေ လျော့လာတာဖြစ်တယ်လို့ စာသင်တိုက်များတွင် အုပ်ချုပ် ရေးနဲ့စာချတာဝန်ကို ယူနေကြတဲ့ ဆရာတော်များ မိန့်တော်မူကြပါတယ်။
စာသင်သားသံဃာများကလည်း ဖုန်းမကိုင်ရတဲ့ကျောင်းကို မနေချင်ကြတော့ဘဲ၊ ကိုင်လို့ရတဲ့ကျောင်းတွေဘက်ကို ပြောင်းသွားတတ်ကြတယ်။ တစ်ချို့ကျောင်းတိုက်တာဝန်ရှိဆရာတော်တွေကတော့ အနည်းငယ်ဖြေလျော့ပေးထားတယ်။ ဥပုသ်နေ့ တစ်ရက် ဖုန်းပေးကိုင်တယ်၊ ပြီးရင် ပြန်သိမ်းတယ်၊ နောက်တစ်ပတ် ပြန်ထုတ်ပေးရတယ်။ ဖုန်းဆိုင်တစ်ဆိုင်ကဲ့သို့ အလုပ်ရှုပ် ခံပြီး လုပ်နေရတာတွေလည်း တွေ့ရပါတယ်။
စာရေးသူကျောင်းကတော့ ဖုန်းနဲ့ဆက်စပ်ပစ္စည်းအားလုံးကို လုံးဝကိုင်ဆောင်ခွင့်မပေးပါဘူး၊ စတင်ကြေညာကတည်းက ထည့်သွင်းရေးသားထားပါတယ်။ ဖုန်းမကိုင်လို့ မနေဘူးဆိုရင်လည်း မတတ်နိုင်ဘူး၊ ဒီလိုလျော့ပေးလိုက်ရင် အဲဒီပြင်ပ အာရုံတွေရဲ့ဖမ်းစားမှုကြောင့် ရှင်ငယ် ရဟန်းငယ်များမှာ စာကျက်စာအံပါ စိတ်ဝင်စားစွာ လုပ်နိုင်ကြတော့မှာမဟုတ်ပေ။ စာသင်သားများအတွက် အရမ်းအန္တရာယ်ကြီးလွန်းလို့ပါ။ မိမိကိုယ်တိုင်လည်း ဖုန်းသုံးလုံးနဲ့အလုပ်ရှုပ်အောင် လုပ်နေရပါတယ်၊ လိုအပ်လို့လေ။ သူတို့လေးတွေအတွက်ကတော့ တကယ်မလိုအပ်သေးလို့ပါ။ လိုအပ်တဲ့အချိန်ကျရင်တော့ မရှိရင်တောင် ဝယ်ပေးပြီး ကိုင်ခိုင်းမှာ ဖြစ်ပါတယ်။ စာပေသင်ကြားမှုမှာ အနှောက်အယှက်ဖြစ်မှာမျိုးတော့ ခွင့်ပြုမှာမဟုတ် အခြားနည်းလမ်းနဲ့ ပျော်အောင်မွေးကြည့်ရမှာပေါ့။
အခုသူတို့တွေနေဖို့ ကြိုတင် ပြင်ဆင်မှုတွေကလည်း အပြီးမသတ်သေးပါဘူး။ ယခင်ကြေညာစဉ်က ကိုရင်တွေ လာအပ်ရင် သပိတ်စတဲ့အသုံးအဆောင်အပြည့်အစုံယူလာဖို့ ကြေညာခဲ့ပါတယ်။ ယခုတော့ ကျောင်းတိုက်ကပဲ ဝတ်စုံတူ၊ ပုံစံတူ၊ အရောင်တူဖြစ်အောင် စီမံဖန်တီးလိုက်ပါပြီ။
ဒါ့ကြောင့် သံဃာလာအပ်မယ်ဆိုရင် ကိုရင်တွေရဲ့အိပ်ယာလိပ်၊ ဖျာ စောင် ခြင်ထောင် ခေါင်းအုံးနှင့် တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများသာ ယူလာခဲ့ရင်ရပါပြီ။ ကျန်တဲ့ သပိတ်၊ သပိတ်အိပ်၊ သင်္ကန်း၊ ထိုင်ခင်း၊ မတ်ခွက်၊ ဇွန်း၊ လက်သုပ်ပုဝါ စတာတွေကိုတော့ အပြည့်အစုံ လှူပေးပါတော့မယ်။ အပါး (၅ဝ)စာလောက် စီမံထားပါတယ်။ ကုန်ကျ စရိတ်တော့ ရှိတာပေါ့။ တွက်ကြည့်မယ်ဆိုရင် ကိုရင်တစ်ပါးအတွက် ကုန်ကျမှုဟာ-
၁။  ကုတင်တစ်လုံး  ၇ဝဝဝဝ
၂။ သင်္ကန်း (၂)စုံ  ၁၆ဝဝဝ
၃။ သပိတ်တစ်လုံး ၇ဝဝဝ
၎။ သပိတ်အိတ် ၄ဝဝဝ
၅။ သပိတ်ခြေ ၃ဝဝ
၆။ နေကထိုင် ၃ဝဝဝ
၇။ မတ်ခွက် ၆ဝဝ
၈။ စတီးဇွန်း ၁ဝဝ
၉။  လက်သုပ်ပုဝါ ၂ဝဝ
၁ဝ။ ထီး ၄ဝဝဝ
စုစုပေါင်း (၁)သိန်းကျော်ကျော်လောက် ကုန်ကျပါတယ်။ အပါး (၅ဝ)လောက်စီစဉ် ပြင်ဆင်နေပါပြီ မကြာမီ ပြီးစီးပါ တော့မယ်။
(လှူချင်သူများက မေးကြလို့ လှူချင်တယ်ဆိုရင်တော့ ကိုရင်တစ်ပါးစာအတွက် ငွေကျပ်တစ်သိန်းနှုန်းနဲ့ လှူဒါန်းနိုင် ကြောင်းလည်း တွက်ချက်ပြီး အသိပေးထားပါတယ်။ တစ်ချို့ကလည်း လာရောက် လှူကြပါတယ်၊ ကျေးဇူးတင်ပါတယ်။)
ဗိုက်ဘာနဲ့ယခင်ကစာရင်းပေးပြီး အပ်နှံထားသူများရော စာရင်းမပေးထားသူများပါ လာရောက်အပ်နှံလို့ ရပြီ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
ပရိယတ္တိ၊ ပဋိပတ္တိ၊ ပရဟိတဆိုတဲ့ခေါင်းစဉ်နဲ့လိုက်ဖက်အောင် အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်နေ ပါတယ်။ ပရိယတ္တိကုန်ကြမ်းများဖြစ်တဲ့ ရှင်သာမဏေ (ကိုရင်)များ မွေးထုတ်ပြီး အနာဂတ် သာသနာပြုရဟန်းတော်များ ပေါ်ထွက်လာအောင် စောင့်ရှောက် ထိန်းသိမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

မေတ္တာဖြင့်-
ဒေါက်တာအရှင်သောပါက
၂၆.၅.၂ဝ၁၆

No comments:

Post a Comment