Monday, May 23, 2016

“ပါဠိပထမပြန်စာမေးပွဲ ဖြစ်ပေါ်လာပုံနှင့် သမိုင်းအကျဉ်း”

“ပါဠိပထမပြန်စာမေးပွဲ ဖြစ်ပေါ်လာပုံနှင့် သမိုင်းအကျဉ်း”

ဗုဒ္ဓသာသနာတော်၏ အခြေအမြစ်ဖြစ်သော ပရိယတ္တိသာသနာတော်ကြီး ထွန်းကားရေးကို အဓိကထား၍ ပါဠိပထမပြန်စာမေးပွဲကို သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ်(၁၀၀၀)ပြည့်နှစ်၊ ခရစ်နှစ် ၁၆၃၈ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ စာမေးပွဲ ပြန်ဆိုမေးမြန်းပုံမှာ ပါဠိကို နှုတ်တက်အာဂုံ ပြန်ဆိုစေခြင်း၊ အနက်အဓိပ္ပါယ်ကို နှုတ်ဖြင့်မေး၍ နှုတ်ဖြင့်ဖြေဆိုစေခြင်း၊ နှစ်မျိုးဖြစ်သည်။ ပါဠိပထမပြန်စာမေးပွဲကို ခေတ်အဆက်ဆက် ကျင်းပခဲ့ရာ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ သီပေါမင်း ပါတော်မူချိန်မှစ၍ (၁၀)နှစ်တိုင်တိုင် မကျင်းပနိုင်ဘဲ ရပ်ဆိုင်းခဲ့ရပါသည်။

သာသနာတော်အတွက် စိုးရိမ်ကြောင့်ကျတော်မူကြသော တောင်တော်သာသနာပိုင် ဆရာတော်ကြီး၊ ပခန်းဆရာတော်ဘုရားကြီး၊ လှထွေဆရာတော်ဘုရားကြီးနှင့် လယ်ကိုင်းမြို့စား ကင်းဝန်မင်းကြီးတို့ ကိုယ်တိုင် ပါဠိပထမပြန်စာမေးပွဲကို ပြန်လည်ကျင်းပသင့်ကြောင်း အင်္ဂလိပ်အစိုးရအား တိုက်တွန်း အကြံပေးခဲ့ရလေသည်။ ယင်းအကြံပေးချက်အရ အင်္ဂလိပ်အစိုးရက ၁၈၉၅ ခုနှစ် (၁၂၅၇ ခုနှစ်) နယုန်လမှစ၍ နှစ်စဉ် ပထမပြန်ကော်မတီတစ်ခု စီမံအုပ်ချုပ်၍ ပြန်လည်ကျင်းပခဲ့သည်။

ပါဠိပထမပြန်စာမေးပွဲကို ၁၃၄၆ (၁၉၈၄) ခုနှစ်မှစ၍ အခြေပြုမူလတန်းကို တစ်တန်းတိုး၍ ကျင်းပခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် အခြေပြုမူလတန်းကို ဆက်လက်မကျင်းပတော့ဘဲ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတို့ကိုသာ ကျင်းပပါသည်။

၁၉၉၉ ခုနှစ်တွင် ပါဠိပထမပြန်စာမေးပွဲဝင် ပုဂ္ဂိုလ်များ တစ်နှစ်ထက်တစ်နှစ် များပြားလာသဖြင့် ပညာရေးဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ ကြီးမားကျယ်ပြန့်လာခြင်း၊ မေးခွန်းလုံခြုံအောင် ထိန်းသိမ်းရခြင်း၊ စာဖြေဌာနများသို့ မေးခွန်းအချိန်မီရောက်အောင် ပေးပို့ရခြင်း စသော တာဝန်များ ကြီးလေးလာသဖြင့် လုပ်ငန်းတာဝန် လျော့ပါးသွားစေရန်လည်းကောင်း၊ ပြည်နယ်/တိုင်းအလိုက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာသည့်အခါ ပြည်နယ်/တိုင်းအလိုက် စာမေးပွဲကျင်းပနိုင်ရေး အခက်အခဲမရှိ အလွယ်တကူ ဆောင်ရွက်နိုင်ရန်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဂိုဏ်းပေါင်းစုံ ပြည်နယ်/တိုင်း ဥက္ကဋ္ဌဆရာတော်ကြီးများနှင့် စာသင်တိုက်ကြီးများမှ ပဓာနနာယက ဆရာတော်ကြီးများထံ သြ၀ါဒခံယူ၍ ဆရာဒကာ တိုင်ပင်ညှိနှိုင်းပြီး ပြည်နယ်/တိုင်းအလိုက် အသီးသီး တာဝန်ယူ ကျင်းပခဲ့ပါသည်။

၂၀၁၃ ခုနှစ်မှစ၍ ဆဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌမအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ စာမေးပွဲ ဖြေဆိုချိန်နှင့် မေးခွန်းပုစ္ဆာ တူညီမှု တစ်ပြေးညီ ဖြစ်စေရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ခွင့်ပြုစာဖြေဌာန (၂၃၈)ခု အတွက် ပုစ္ဆာထုတ်ခြင်း၊ စာစစ်ခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို ဗဟိုမှ ယနေ့အထိ ပြန်လည်ဆောင်ရွက်လျက် ရှိပါသည်။

No comments:

Post a Comment