Sunday, May 15, 2016

ဗိုလ်ချုပ်အောင်ဆန်း၏ သာသနာရေးအမြင်´´

``ဗိုလ်ချုပ်အောင်ဆန်း၏

သာသနာရေးအမြင်´´

------------

``သံဃာတော် အရှင်မြတ်များသည်
ရာဇ၀င်တလျှောက်လုံး ကျွန်ုပ်တို့
လူမျိုးရှေ့က မားမားမတ်မတ်
ရပ်လျက် မြင့်မြတ်သော အမှုမျိုးကိုသာ ပြုခဲ့ကြပေ၏´´။

ဤကား ဗိုလ်ချုပ်အောင်ဆန်း၏ သံဃာတော်များနှင့် ပတ်သက်၍
သဘောထားမှတ်ချက် ဖြစ်သည်။

ယင်းသဘောထား မှတ်ချက်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ``သာသနာရေးအမြင်´´ (သို့မဟုတ်) ``သံဃံ သရဏံ ဂစ္ဆာမိ စိတ်ဓာတ်´´ဟု ပြောရမည်ပင် ဖြစ်ပေသည်။

``ဗိုလ်ချုပ်အောင်ဆန်း (သို့မဟုတ်)
အမျိုးသားနိုင်ငံရေးသမား´´
-----------------

ဤသဘောထားမှတ်ချက်ကို ကြည့်လျှင် ဗိုလ်ချုပ်သည် တော်လှန်ရေးသမားပင် ဖြစ်လင့်ကစား သံဃာတော်များကို အထူးကြည်ညိုသူဖြစ်ကြောင်း တွေ့မြင်ရလေသည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကား  ``အမျိုးသားနိုင်ငံရေးသမားတစ်ယောက်´´ပင် ဖြစ်ပေသည်။

``အမျိုးသား နိုင်ငံရေး´´ ဟူသည် မြန်မာနှင့် ဗုဒ္ဓဘာသာကို တစ်ခုတည်းအဖြစ် ရှုမြင်ပြီး ဗုဒ္ဓအဆုံးအမဖြင့် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သော စနစ် တစ်ခုပင် ဖြစ်သည်။

``မျက်ကန်းနိုင်ငံရေးသမား´´
---------------

မြတ်ဗုဒ္ဓမိန့်ကြားခဲ့သည့် မင်းကျင့်တရား ၁၀-ပါးကို လိုက်နာပြီး ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချလျှင် တိုင်းပြည် မတိုးတက်နိုင်စရာ အကြောင်း မရှိပေ။

မင်းကျင့်တရား ၁၀-ပါးထဲ၌ နောက်ဆုံးကျင့်စဉ်မှာ “အ၀ိရောဓန” ဖြစ်၏။ “အ၀ိရောဓန”ဟူသည် “တိုင်းပြည်၏ အလိုဆန္ဒကို မဆန့်ကျင်ရ၊ တိုင်းပြည်၏ ဆန္ဒနှင့် အညီ အုပ်ချုပ်ရမည်” ဟုဆိုလို၏။

ယနေ့ခေတ်စကားနှင့် ပြောရလျှင် “တိုင်းပြည်ကို ဒီမိုကရေစီစနစ်နှင့် အုပ်ချုပ်ရမည်”ဟု ဆိုလိုခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့် ``ဘာသာရေးနှင့် နိုင်ငံရေး မရောရ´´ဟု ပြောသော သူသည်လည်းကောင်း၊ ``ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးမချရ´´ဟု ပြောသောသူသည်လည်းကောင်း ``မျက်ကန်းနိုင်ငံရေးသမား´´သာ ဖြစ်ပေသည်။

``ရာဇ၀င်တလျှောက်
ရဲရဲ တောက်ခဲ့သည့် သံဃာ´´
---------------------

ခရစ်နှစ် ၁၉၄၄-ခု သြဂုတ်လတွင် ကျင်းပခဲ့သော အလယ်ပစ္စယံ ညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းက

``ကျွန်ုပ်တို့ တိုင်းပြည်တွင် သံဃာတော် အရှင်မြတ်များသည် ရာဇ၀င်တလျှောက်လုံး ကျွန်ုပ်တို့ လူမျိုးရှေ့က မားမားမတ်မတ် ရပ်လျက် မြင့်မြတ်သော အမှုမျိုးကိုသာ ပြုခဲ့ကြပေ၏´´ဟု ပြောကြားခဲ့လေသည်။

မှန်လှပေ၏။ မိမိတို့မြန်မာနိုင်ငံ၌ အမျိုးသားရေးအလုပ်များကို ဦးဆောင် ဦးရွက်ပြုခဲ့ကြသည့်ပုဂ္ဂိုလ်များမှာ သံဃာများပင် ဖြစ်သည်။ သံဃာတော် အရှင်မြတ်များသည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာ မဖောက်ခဲ့ပေ။

``သေသော်မှတည့် သြော် ကောင်း၏´´
----------------

ခရစ်နှစ် ၁၈၈၅-ခုနှစ်တွင် မြန်မာတို့ ကံကြမ္မာညှိုးပြီး အင်္ဂလိပ်လူမျိုးတို့၏ ကျွန်သပေါက်ဘ၀သို့ ရောက်ရှိသွား လေတော့၏။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေခဲ့ကြသော မြန်မာ့တိုင်းရင်းသားများသည် အင်္ဂလိပ်လူမျိုးတို့ထံမှာ ဒူးထောက်၍ ခစားရလေတော့၏။

ထိုအခါ ဆီးဘန်းနီဆရာတော်ကြီးက သူ့ကျွန်မခံလိုသော စိတ်ဓာတ်ဖြင့် ``ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်း သုည၊ သုဉ်း သုံးဝဖြင့်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့် သြော်ကောင်း၏´´ဟု ပြည်သူလူထုအား မျိုးချစ်စိတ်ရှိကြဖို့ ဆော်သြခဲ့လေသည်။

``ကရက်ဒေါက် မင်း အခုထွက်´´
-----------------

မြန်မာသမိုင်းကို ကြည့်ပါက မည်သည့်ခေတ်မှာမဆို သံဃာမပါသော တော်လှန်ရေး မရှိခဲ့ဘူးပါ။ ထို့ကြောင့် ``သံဃာ မပါလျှင် ပွဲမပြီး´´ဟု ဆိုရမည် ဖြစ်ပါသည်။

အင်္ဂလိပ် အုပ်စိုးသည့်ခေတ်တွင် အမျိုးသားရေးဝါဒီဆရာတော် ဆရာတော်ဦးဥတ္တမသည် နိုင်ငံအနှံ့အပြား၌ လှည့်လည်ပြီး တော်လှန်ရေးတရားများ ဟောခဲ့၏။

ဆရာတော်သည် တိုင်းပြည်နှင့် သာသနာအတွက်ဆိုလျှင် ဘာမဆို လုပ်ရဲ၏။ အသက်ကိုပင် စွန့်လွှတ်ထား၏။

ထို့ကြောင့် အင်္ဂလိပ်ဘုရင်ခံ ကရက်ဒေါက်ကို “ ဟေ့ ကရက်ဒေါက်. . . မြန်မာ နိုင်ငံသည် ဒို့နိုင်ငံ၊  ဒါကြောင့် မင်း ဒီနိုင်ငံက အခုချက်ချင်း ထွက်’’ ခွေးမောင်းသးလို  မောင်း ထုတ်ခဲ့ဖူးလေသည်။ ထို့ကြောင့် ဗိုလ်ချုပ်က အထက်ပါအတိုင်း လျှောက်ထားခဲ့ခြင်း ဖြစ်ပါသည်။

``သံဃာဆိုတာ
ပညာရေးဋ္ဌာန အဓိပတိချုပ်´´
------------------

ဗိုလ်ချုပ်သည် သံဃာတော်များ၏ကျေးဇူးကြောင့် ပညာတတ်များ ပေါ်ထွက်လာကြောင်းကိုလည်း ဆက်၍ ပြော၏။

``ရှေးခေတ်များ၌ သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့ တမျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်၊ ယခုခေတ်၌ပင် တောရွာများတွင် သံဃာတော် အရှင်မြတ်များက ပညာသင်ကြားပေးလျက် ရှိသောကြောင့် မြောက်များစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏´´။

``ဘုန်းကြီးကျောင်းသားမှ ရှင်ဘုရင်´´
--------------

ရှေးခေတ်ပညာရေးသည် သံဃာတော်အရှင်မြတ်များ၏ လက်ထဲမှာ ရှိ၏။ ရှင်ဘုရင်လည်း ဘုန်းကြီးကျောင်းထွက် ဖြစ်၏။ မင်းညီမင်းသားလည်း ဘုန်းကြီးကျောင်းထွက် ဖြစ်၏။ ၀န်ကြီး အမတ်ကြီးများလည်း ဘုန်းကြီးကျောင်းထွက်ပင် ဖြစ်၏။

စစ်သူကြီးလည်း ဘုန်းကြီးကျောင်းထွက်၊ သူဋ္ဌေးသူကြွယ် ကုန်သည်ပွဲစား အလုပ်သမား လူတန်းစားအသီးသီးသည် ဘုန်းကြီးကျောင်းထွက်များပင် ဖြစ်ကြပေသည်။

နိုင်ငံတော်၏ပညာရေးကဏ္ဍကို သံဃာတော်များက အခမဲ့ တာဝန်ယူထားရကား ရှင်ဘုရင်များအတွက် ပညာရေးနှင့်ပတ်သက်၍ ကြောင့်ကြစိုက်စရာ မလိုတော့ပေ။

အနော်ရထာသည်ပင် အရှင်အရဟံ၏ တပည့်ဖြစ်သည် မဟုတ်ပါလော။ ထို့ကြောင့် ဗိုလ်ချုပ်က အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်ပေသည်။

``သံဃာတော်များကြောင့် ယဉ်ကျေးမှုမြင့်မား´´
-----------------

ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့ယဉ်ကျေးမှု မြင့်မားလာခြင်းသည် သံဃာတော်များကြောင့် ဖြစ်ကြောင်းကိုလည်း
ဆက်၍ ပြော၏။

``အချုပ်မှာ သံဃာတော် အရှင်မြတ်များ၏ စေတနာ၊ လုံ့လကြောင့် ကျွန်ုပ်တို့ စိတ်ဓာတ် ယဉ်ကျေးမှုတို့သည် တိုးတက်ခဲ့လေသည်၊ ထိုအကြောင်းများကြောင့် သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူးဥပကာရများကို ခံယူတော်မူထိုက်ကြကုန်၏။

``ဘုန်းကြီးကျောင်းဆိုတာ
ယဉ်ကျေးမှု၏ မြစ်ဖျားခံရာ´´
---------------

ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၇-နှစ်အရွယ်တွင် ဆရာတော် ဦးသောဘိတကျောင်းမှာ အခြေခံပညာ သင်ယူခဲ့၏။

ထို့ကြောင့်  မင်္ဂလသုတ်၊ လောကနီတိတို့သည် ဗိုလ်ချုပ်အတွက် ``မီးပြတိုက်´´များပင် ဖြစ်၏။

``ရတနာသုံးပါး ဦးထိပ်ထား၊ မိဘကျေးဇူး မြင့်မိုရ်ဦး၊ တစ်လုပ်စားဖူး သူ့ကျေးဇူး´´စသည့် အဆိုအမိန့်တို့သည် ဘုန်းကြီးကျောင်းမှ စီးဆင်းလာသည့် ``ယဉ်ကျေးမှုအမွေအနှစ်´´များပင်တည်း။

ထိုယဉ်ကျေးမှုတို့ဖြင့် ဘ၀ကို ထုဆစ်ခဲ့သော ဗိုလ်ချုပ်သည် မည်သည့်အကြောင်းကြောင့်မျှ ဗုဒ္ဓသာသနာကို မျက်နှာ လွှဲတော့မည် မဟုတ်တော့ပေ။

``ယှဉ်ကြည့်မှ ပို၍လှ´´
---------------

မြန်မာယဉ်ကျေးမှုသည် အနောက်တိုင်းယဉ်ကျေးမှုနှင့် ယှဉ်ကြည့်မှ တန်ဖိုးရှိမှန်း သိ၏။

မြန်မာပြည်မှ မြန်မာကလေးများ မိဘကို နှုတ်ဆက်သောအခါ လက်အုပ်ချီကန်တော့၍ နှုတ်ဆက်၏။

သို့သော် အမေရိကန်ရောက်သွားသော မြန်မာကလေးများကတော့ မိဘကို နှုတ်ဆက်သောအခါ ``တာ့တာ´´ဟု လက်ပြ၍ နှုတ်ဆက်တော့၏။

ထိုအခါကျမှ မြန်မာမိဘများ ``ငါတို့တော့ အမေရိကန်ရောက်တာ မှားပြီ´´ဟု ၀မ်းနည်းပက်လက် ဖြစ်ကြလေတော့သည်။

ဗိုလ်ချုပ်သည်ကား နတ်မောက်မြို့မှာ မွေး၏။ ဘုန်းကြီးကျောင်းမှာ စာသင်၏။ မြန်မာယဉ်ကျေးမှု နယ်မြေမှာ နေထိုင်ခဲ့၏။
ထို့ကြောင့် ``သံဃာဆိုတာ တိုင်းပြည်၏ ကျေးဇူးရှင်´´ဟု ပြောခဲ့ခြင်း ဖြစ်ပါသည်။

``သံဃာဆိုတာ တိုင်းပြည်၏
ဆရာ´´တဲ့။
-------------

ဗိုလ်ချုပ်သည် သူ၏နောက်ဆုံးနိဂုံးချုပ်ကို သံဃာတော်အရှင်မြတ်တို့အား ပွင့်ပွင့်လင်းလင်း လျှောက်ထားခဲ့လေသည်။

``အရှင်သူမြတ်တို့သည် သုံးလူထွဋ်ထား မြတ်စွာဘုရားက `အပ္ပမာဒေန သမ္ပာဒေထ´ဟု သြ၀ါဒပေးတော်မူခဲ့သည့်အတိုင်း မမေ့လျော့ဘဲ  အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ ဗမာလူမျိုးတစ်မျိုးလုံးကို ဆိုဆုံးမတော်မူပါဘုရား´´ဟု လျှောက်ထား ခဲ့လေသည်။

``သံဃာဆိုတာ
အမှန်တရားဘက်တော်သား´´
--------------

အင်းဝခေတ် စာဆိုတော် ရှင်ဥတ္တမကျော်သည်  ရှင်ဘုရင်ကို ဂရုမစိုက်ဘဲ တော်လှန်ရေး ရတုများ ရေး၍ တိုင်းပြည်ကို ဆော်သြခဲ့လေသည်။ သံဃာဟူသည် အမှန်တရားဘက်က ရပ်တည်သည်သာ ဖြစ်သည် မဟုတ်ပါလော။

ကုန်းဘောင်ခေတ် ဆရာတော်ဦးဗုဓ်သည် ဘကြီးတော် စစ်ကိုင်းမင်းကို ``ရှင်ဘုရင်ဆိုတာ မင်းကျင့်တရား ၁၀-ပါးနှင့်အညီ နေရမယ်၊ မင်းကျင့်တရားနှင့် အညီ မနေပါက ငါနှင့် မဆိုင်၊ အ၀ီစီနှင့် ဆိုင်သည်´´ အားမနာတမ်း ဆုံးမခဲ့လေသည်။

အင်္ဂလိပ်ခေတ် ဆရာတော် ဦးဝိစာရသည် ပြည်သူလူထုအား ညီညွတ်ကြဖို့၊ မျိုးချစ်စိတ်ဓာတ်ဖြင့် အဓမ္မအုပ်ချုပ်မှုကို တော်လှန်ကြဖို့ နှိုးဆော်ခဲ့၏။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် သံဃာတော်များကို အားကိုး၏။ ယုံကြည်၏။ သို့ဖြစ်ရကား တိုင်းရင်းသား လူထုတစ်ရပ်လုံးကို ဆုံးမသွန်သင်ပေးပါရန် သံဃာတော်အရှင်မြတ်အား တောင်းပန် လျှောက်ထားခဲ့ခြင်း ဖြစ်ပါသည်။

``ဗိုလ်ချုပ် (သို့မဟုတ်) မြတ်ဗုဒ္ဓရင်ခွင်မှာ ကြီးပြင်းလာသူ´´
----------------

ဗိုလ်ချုပ်အောင်ဆန်းသည် မင်္ဂလသုတ်ဖြင့် ကြီးပြင်းလာ၏။ လောကနီတိဖြင့် ပညာသင်ကြားပြီး မင်းကျင့်တရားဆယ်ပါးဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့၏။

ထို့ကြောင့် ဗိုလ်ချုပ်သည် ``မြတ်ဗုဒ္ဓရင်ခွင်မှာ ကြီးပြင်းလာသူ´´ဟု ဆိုရမည် ဖြစ်ပေသည်။

ဗိုလ်ချုပ်၏ အမျိုးသားရေးစိတ်ဓာတ်မှာလည်း ပြင်းထန်လှပါသည်။ ``လွပ်လပ်ရေး ပေးရင် ပေး၊ မပေးရင် လုမယ်´´ဟု ကြွေးကြော်ကာ ဂျပန်ကို တိုက်ထုတ်၍ အင်္ဂလိပ်ကို မောင်းထုတ်ခဲ့ပါသည်။ ထို့ကြောင့် တိုင်းပြည်၏ အမျိုးသားခေါင်းဆောင် တစ်ယောက် အဖြစ် ဂုဏ်ပြုခံရခြင်း ဖြစ်သည်။

``ဗိုလ်ချုပ်လမ်းစဉ်´´
-------------

ဗိုလ်ချုပ်ကို ချစ်သူသည် ``ဗိုလ်ချုပ်လမ်းစဉ်´´ကို လျှောက်လှမ်းရမည် ဖြစ်သည်။
``ဗိုလ်ချုပ်လမ်းစဉ်´´ကား အခြားမဟုတ်၊ ``အမျိုးသား နိုင်ငံရေး´´တည်း။

``အမျိုးသားနိုင်ငံရေး´´သည် အခြား မဟုတ်၊ ဘာသာရေး (ဗုဒ္ဓအဆုံးအမ) နှင့် နိုင်ငံရေးကို သူ့ကဏ္ဍနှင့်သူ ပေါင်းစပ်၍ ဆောင်ရွက်ခြင်းပင် ဖြစ်သည်။

``ဗိုလ်ချုပ်မူဝါဒ´´
-------------

ဗိုလ်ချုပ်ကို လေးစားသူသည် ``ဗိုလ်ချုပ်၏ မူဝါဒ´´ကို လိုက်နာရမည်။
``ဗိုလ်ချုပ်၏ မူဝါဒ´´သည် အခြား မဟုတ်၊ ``ပါရမီမြောက် နိုင်ငံရေး´´တည်း။

``ပါရမီမြောက် နိုင်ငံရေး´´ဟူသည်
ကိုယ်ကျိုးစွန့် အနစ်နာခံ၍
တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို ဆောင်ရွက်ခြင်းပင် ဖြစ်သည်။

``ဗိုလ်ချုပ်ခံယူချက်´´
-------------

ဗိုလ်ချုပ်ကို မြတ်နိုးသူသည် ``ဗိုလ်ချုပ်၏ ခံယူချက်´´ကို အကောင်အထည် ဖေါ်ရမည် ဖြစ်သည်။
``ဗိုလ်ချုပ်၏ ခံယူချက်´´သည် အခြားမဟုတ်၊ ``လွပ်လပ်သော နိုင်ငံရေး´´တည်း။

``လွပ်လပ်သော နိုင်ငံရေး´´ဟူသည် တခြားနိုင်ငံများကို မျက်နှာချိုသွေးနေရသော
``အုတ်ရောရော ကျောက်ရောရော နိုင်ငံ´´အဖြစ်မှ လွတ်ကင်းဖို့ပင် ဖြစ်သည်။

``ဗုဒ္ဓဘာသာသည် တို့ဘာသာ´´
-----------------

မိမိတို့အားလုံးသည် တိုင်းပြည်နှင့် သာသနာတိုးတက်ဖို့အတွက် ခေါင်းဆောင်နှင့် ပြည်သူ ကြည်ဖြူစွာ လက်တွဲပြီး ဆောင်ရွက်ကြရမည် ဖြစ်သည်။

``တိုးတက်မှု´´ဆိုရာဝယ် ရုပ်ပိုင်းဆိုင်ရာသာ တိုးတက်ပြီး စိတ်ပိုင်းဆိုင်ရာ မတိုးတက်လျှင် ပြည့်စုံသော တိုးတက်မှု ဟု မဆိုနိုင်ပေ။

တဲအိမ်မှ တိုက်အိမ်ဖြစ်ဖို့ လိုအပ်သကဲ့သို့ တိုက်အိမ်ထဲ၌လည်း ဘုရားစင် မပျောက်ဖို့ လိုအပ်လှပေသည်။

ဆိုလိုသည်ကား မိုးမျှော်တိုက်ကြီးများ၊ ကောင်းကင်လမ်းမများပေါ်ဝယ်

``လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ မမှီဝဲနှင့် ကင်းအောင်နေ´´ဟူသော မင်္ဂလာတရားများ၊ ``စက္ခုံ ဥဒပါဒိ၊ ဥာဏံ ဥဒပါဒိ´´ဟူသော ဓမ္မစကြာသံများ လွှမ်းမိုးနေမှ ``ပြည့်စုံသော တိုးတက်မှု´´ဟု ဆိုနိုင်ပေသည်။

သို့ဖြစ်ရကား ဗိုလ်ချုပ်အောင်ဆန်းသည် သံဃာတော်များထံမှ သြ၀ါဒခံယူသကဲ့သို့

ယနေ့ခေတ် နိုင်ငံခေါင်းဆောင်၊ ပါတီခေါင်းဆောင်၊ အမျိုးသားရေး ခေါင်းဆောင်တို့သည်လည်း နိုင်ငံဦးသျှောင် သံဃာတော်များထံမှ သြ၀ါဒခံယူပြီး တိုင်းပြည်နှင့် သာသနာကို တိုးတက်အောင် ဆောင်ရွက်ကြဖို့ရန် အထူး လိုအပ်လှပေသည်တကား။

•••••••••••••••••••••••••
မေတ္တာဖြင့်
Credit---- သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ.                            (အညတရဘိက္ခုပုလော)

No comments:

Post a Comment