ကမ္ဘာကျော် အန်ကောဝပ်
ဗုဒ္ဓဘာသာကျောင်းတော်ကြီး
(၂ - ၅- ၂၀၁၆)
မိမိသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ကမ္ဗောဒီယားနိုင်ငံနယ်စပ်သို့ ကားဖြင့် သွားခဲ့၏။
ထိုနယ်စပ်မှ တဆင့် ကမ္ဘာကျော် အန်ကောဝပ် ဗုဒ္ဓဘာသာကျောင်းတော်ကြီးကို သွားရောက် လေ့လာခဲ့ပါသည်။
ကမ္ဗောဒီးယားနိုင်ငံသည် လူဦးရေ ၁၂-သန်း ၀န်းကျင် ရှိပြီး ဗုဒ္ဓဘာသာဝင် ခမာလူမျိုး အများစု နေထိုင်သော နိုင်ငံဖြစ်၏။
ဗုဒ္ဓဘာသာဝင်က ၈၅-ရာခိုင်နှုန်း၊ မွတ်စလင်က ၈-ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာဝင်က ၇- ရာခိုင်နှုန်းခန့် ရှိကြောင်း ကမ္ဗောဒီးယားနိုင်ငံသားလေးက ပြောပြ၏။
မိမိက ``မင်းတို့နိုင်ငံမှာ မွတ်စလင် ရှိသလား´´ဟု မေးလိုက်၏။
သူက ``ဗုဒ္ဓဘာသာဝင်က နိုင်ငံတိုင်း မရှိပေမဲ့ မွတ်စလင်တွေက နိုင်ငံတိုင်း ရှိတယ်၊ လူဦးရေကလည်း ပေါက်ဖွားနှုန်း မြန်ဆန်သည့်အတွက် နောင်တချိန် ကမ္ဘာကြီးမှာ မွတ်စလင်ဦးရေက အများဆုံး ဖြစ်သွားလိမ့်မယ်´´ဟု သူ့အယူအဆလေးကို ပြောပြသေး၏။
``ခမာလူမျိုးများ´´
--------------
ခမာလူမျိုးများသည် ခရစ်နှစ် ၉-ရာစုမှာ မဲခေါင်မြစ်ဝှမ်း၌ အခြေချ နေထိုင်ပြီး ကိုယ်ပိုင်စာပေ ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့် ခမာ (ကမ္ဗောဒီးယား) အင်ပါရာနိုင်ငံကြီးကို ထူထောင်ခဲ့သော လူမျိုးစုကြီး ဖြစ်သည်။ မြန်မာလူမျိုးကဲ့သို့ အင်အားကြီး လူမျိုးစုကြီးပင် ဖြစ်သည်။
မဲခေါင်မြစ်ဝှမ်းရှိ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့သည် တချိန်က ခမာလူမျိုးစု၏ အုပ်ချုပ်ခံနယ်မြေ ဖြစ်ခဲ့လေသည်။
သို့သော် ပြင်သစ်နိုင်ငံ၏ သိမ်းပိုက်ခံနိုင်ငံဖြစ်သွားသောကြောင့် ကမ္ဗောဒီးယားနိုင်ငံသည် အင်အားချည့်နဲ့သော နိုင်ငံ ငယ်အဖြစ်သို့ ရောက်ရှိသွားပေသည်။
``အင်္ဂလိပ်ကြောင့် မြန်မာတို့ တိမ်မြုပ်ခဲ့ရ´´
----------------------------
မြန်မာနိုင်ငံသည်လည်း အင်္ဂလိပ်လက်အောက် ကျရောက်သွားသောကြောင့် အင်အားကြီးမားသောနိုင်ငံအဖြစ်မှ အင်အား ချည့်နဲ့သော နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ရပေသည်။
မြန်မာပိုင်နက်ဖြစ်သော အာသံ၊ မဏိပူရပြည်နယ် အိန္ဒိယပိုင် ဖြစ်သွားခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်းသည် အင်္ဂလိပ်တို့၏ ယုတ်မာမှုကြောင့်ပင် ဖြစ်သည်။ အင်္ဂလိပ်လူမျိုးတို့သည်ကား မြန်မာတို့အတွက် ကောင်းကျိုးမပေးသည့် ``မာရ်နတ်ယုတ်´´ပင် ဖြစ်သည်။
``စာပေနှင့် ၀တ်စားဆင်ယင်မှု´´
----------------------
ကမ္ဗောဒီးယားစာပေကို လေ့လာသောအခါ သူတို့ အက္ခရာသည် မြန်မာအက္ခရာကဲ့သို့ ``က ခ ဂ ဃ င´´ ပင် ဖြစ်သည်။ စာလုံးပုံသဏ္ဌာန် ကွဲပြားသော်လည်း အသံထွက်ကား အတူတူပင် ဖြစ်သည်။
သူတို့၏ရုပ်ရည်လက္ခဏာ၊ ၀တ်စားဆင်ယင်မှုမှာလည်း မြန်မာနှင့် တူလှပေသည်။ တချို့စားသောက်ဆိုင်၌ မြန်မာ အမျိုးသမီးများကဲ့သို့ လုံချည် ၀တ်ထားကြသည့် ခမာအမျိုးသမီးများကို တွေ့ခဲ့ရသည်။ သို့သော် အမျိုးသမီး အများစုကတော့ လုံချည် မ၀တ်ကြတော့ပေ။ ခေတ်ပေါ် ဘောင်းဘီရှည်၊ ဘောင်းဘီတိုကိုသာ ၀တ်ကြလေသည်။
``ဘုန်းမီးနေလ တောက်ခဲ့သည့် ခမာလူမျိုး´´
-------------
``အန်ကောဝပ်ကျောင်းတော်ကြီး´´ကို ကြည့်လျှင်ပင် ခမာလူမျိုးများ၏ ``အရှိန်အ၀ါ´´သည် တချိန်က ဘုန်းမီးနေလ တောက်ခဲ့ကြောင်း သိသာထင်ရှားလှပေသည်။
ထိုကျောင်းတော်ကြီးသည် ခရစ်နှစ် ၁၁၁၃-ခုနှစ်မှာ စတင် တည်ဆောက်ပြီး ၁၁၅၀-ကျမှ ကျောင်းတော်ကြီး ပြီးစီးခဲ့ပါသည်။ မင်းသုံးလေးဆက် တည်ဆောက်ခဲ့သော ကျောင်းတော်ကြီးပင်တည်း။ ထိုကျောင်းတော်ကြီးကို ကျောက်ဖြင့် တည်ဆောက်ထားရကား ခမာလူမျိုးများ၏ ဗိသုကာလက်ရာမှာ အံ့သြဘွယ် ကောင်းလှပေသည်။
``ဧရာဝတီနှင့် မဲခေါင်၊
ဘယ်သူက ဦးဆောင်´´
----------------
ပထမမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော မင်းမြတ်အနော်ရထာသည်လည်း ရွှေစည်းခုံစေတီကြီးကို ကျောက်ပြားတို့ဖြင့် တည်ဆောက်ခဲ့ပါသည်။
ယခုအချိန်၌ ရွှေအထပ်ထပ်ချထားသောကြောင့် ရွှေစည်းခုံသည် ရွှေတောင်ကြီးကဲ့သို့ ပုဂံယဉ်ကျေးမှုကို ထည်ထည်ဝါ၀ါ ပြသလျက် ရှိနေ၏။
ဧရာဝတီမြစ်ကမ်းဘေးက ပုဂံယဉ်ကျေးမှု၊ ပုဂံဗိသုကာတို့၏ သင်္ကေတဖြစ်သော ရွှေစည်းခုံစေတီတော်ကြီး တောက်ကြွားနေ သည့် အချိန်တွင် မဲခေါင်မြစ်ဝှမ်းက ကမ္ဘာကျော် အန်ကောဝပ်ကျောင်းတော်ကြီး မမွေးဖွားသေးပါ။
``အာနန္ဒာ တောက်ပနေချိန်မှာလည်း အန်ကောဝပ် သန္ဓေ မတည်သေး´´
--------------------
ဘုရင်အနော်ရထာ၏ သားဖြစ်သော ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီးကလည်း ခမည်းတော်ခြေရာနင်းနိုင်သည့် သားတော်ဖြစ်ရကား အနုပညာသရဖူသဖွယ်ဖြစ်သော အာနန္ဒာစေတီတော်ကြီးကို တည်ခဲ့ပါသည်။
ထိုစေတီအတွင်း၌ မတ်တပ်ရပ် ရုပ်ပွားဆင်းတုတော်တို့နှင့် အရှင်အရဟံရုပ်တု၊ ကျန်စစ်သားမင်းရုပ်တု၊ ဗုဒ္ဓ၀င်ကျောက်ဆစ် ပန်းတမော့ရုပ်တုများ ရှိ၏။
ထို့အပြင် ရုပ်ပုံအမျိုးမျိုး ရေးဆွဲထားသည့် စဥ့်စိမ်းသုတ် မြေချပ်များကိုလည်း တွေ့ရပါသည်။
အတွင်းနံရံ၊ တိုင်၊ မျက်နှာကျက်တို့၌ ပန်းချီလက်ရာများကိုလည်း တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် အာနန္ဒာစေတီသည် ပုဂံ၏သာသနာ၊ ပုဂံ၏ အနုပညာ၊ ပုဂံ၏အားမာန်၊ ပုဂံ၏ဟန်၊ ပုဂံ၏ပုံရိပ်တို့ကို သရုပ်ဆောင်နေသည့် ရင်သပ်ရှုမောဖွယ်ရာ ``စေတီတော်ကြီး´´ပင် ဖြစ်သည်။
ပုဂံမှာ အာနန္ဒာစေတီတော်ကြီး နိုးကြားနေသည့် ထိုအချိန်၌ မဲခေါင်မြစ်ဝှမ်းမှာ ``အန်ကောဝပ်´´ သန္ဓေ မတည်သေးပါ။
``သဗ္ဗညုဘုရားနဲ့ အန်ကောဝပ်´´
-------------------------
ကျန်စစ်သားမင်း၏ သမီးတော်မှာ ရွှေအိမ်စည်မင်းသမီး ဖြစ်သည်။ ထိုမင်းသမီးသည် တခြားနိုင်ငံမှ ဘာသာခြား ကုလား လူမျိုး ပဋိက္ကရားမင်းသားနှင့် သံယောဇဉ်ဖြစ်သေး၏။
သို့သော် ကျန်စစ်သားမင်းကြီက မျိုးနွယ်ပျက်မည်စိုးသောကြောင့် သမီးတော် ရွှေအိမ်စည်ကို စောယွန်းနှင့် ထိမ်းမြားပေးလိုက်လေသည်။ သို့နှင့် မြေးတော်လေး အလောင်းစည်သူ ရရှိလာလေတော့၏။
ကျန်စစ်သားမင်းကြီး နတ်ရွာစံသောအခါ အလောင်းစည်သူသည် ခရစ်နှစ် ၁၁၁၂-ခုနှစ်တွင် ထီးနန်း ရရှိလေသည်။ ဤမင်းလက်ထက်ကျမှသာ မဲခေါင်မြစ်ဝှမ်း၌ အန်ကောဝပ်ကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မင်းကြီးသည် သဒ္ဓါတရား ထက်သန်ရကား ပုဂံအလှကို ရှုစားရာဖြစ်သော ``သဗ္ဗညုစေတီတော်ကြီး´´ကို တည်ခဲ့ပါသည်။
ပုဂံအလှကို ရှာလိုသော သူသည် သဗ္ဗညုဘုရားပေါ်က ရှာရ၏။ ညနေ နေ၀င်ရီအချိန်မှာ သဗ္ဗညုဘုရား၊ တတိယထပ် အနောက်ဘက်ခြမ်း နေရာကွက်လပ်မှ အနောက်မျက်နှာဆီကို မျှော်ကြည့်လိုက်လျှင် ``ပုဂံ၏အလှ´´ကို မျက်ဝါးထင်ထင် တွေ့မြင်ရမည် ဖြစ်ပေသည်။
``ဧရာဝတီက ဘိုးဘေး၊
မဲခေါင်က မြေးမြစ်´´
------------
ဧရာဝတီမြစ်ဝှမ်းမှာ သဗ္ဗညုဘုရားတည်ပြီးချိန်ရောက်မှ မဲခေါင်းမြစ်ဝှမ်းမှာ ခမာလူမျိုးတို့၏ အန်ကောဝပ်ကျောင်းတော်ကြီး ပေါ်ထွန်းခဲ့ပါသည်။
ထို့ကြောင့် သဗ္ဗညုစေတီတော်ကြီးနှင့် အန်ကောဝပ်ကျောင်းတော်ကြီတို့သည် အတူတူ ကြီးပြင်းလာသည့် ကမ္ဘာ့အံဘွယ်ရာ အနုပညာပြတိုက်ကြီး ဖြစ်ပေသည်။
ကိုယ့်ငါးချဉ် ကိုယ်ချဉ်
-----------------
သို့ဖြစ်ရကား ဧရာဝတီနှင့် မဲခေါင် (သို့မဟုတ်) မြန်မာနှင့် ခမာလူမျိုးတို့ ယဉ်ကျေးမှုချင်း၊ စာပေချင်း ယှဉ်လိုက်လျှင် ဧရာဝတီသည် မဲခေါင်ထက် သာ၏။
ကိုယ့်ငါးချဉ်ကိုယ်ချင်သည်ဟုပဲ ပြောပြော၊ ရှင်လောင်းဘ၀က ရွှေထီးဆောင်းခဲ့တာကို တမ်းတသည်ဟုပဲ ဆိုချင်ဆို ၊ မဲခေါင်သည် ဧရာဝတီ၏ ``မြေးမြစ်´´ အဆင့်မှာ ရှိပါသည်။
အမှန်စင်စစ်ကား မြန်မာစာပေ မြန်မာယဉ်ကျေးမှု မြန်မာဗိသုကာ၊ မြန်မာ့ပုံရိပ်တို့သည် တဟုန်ထိုး တိုးတက်ခဲ့သောကြောင့် ``တချိန်က မြန်မာသည် အာဆီယံ၏ ဘုရင်´´ဟု ဆိုချင်ပါတော့သည်။
----------------အရှင်ဒေဝိန္ဒာလင်္ကာရ
No comments:
Post a Comment