◇ တရားရှုမှတ်နည်း ◇
— — — — — — — — —
◆ ခန္ဓာကိုယ်ကို စိုက်ပြီး သကာလ ဘုရားရှေ့မှာ ဖြစ်စေ၊ ကိုယ့်အိပ်ရာပေါ်မှာ ဖြစ်စေ၊ စိုက်ပြီး ကြည့်ပါ။ မကြည့်မီ ရှေ့အဖို့ကာလ၌ ဘာလုပ်ရမလဲလို့ မေးလို့ ရှိရင်ဖြင့် ❝ လေလေး ထွက်လာတာလည်း သိနေပါ။ လေလေးပြန်ဝင်တာလည်း သိနေပါ။ ❞ ထိုသို့ သိနေတဲ့အခါကျတော့ သိတဲ့စိတ်ကလေး ဘယ်မှ မပြေးတော့ဘူး။ ထိုကဲ့သို့ သိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် အချိန်ကျတော့ ထွက်တိုင်းသိ ဝင်တိုင်းသိ။ ဒီသိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် ဒကာ၊ ဒကာမတွေက ထိန်းထားပါ။ ဝိပဿနာအစ ခန္ဓာကိုယ် ထွက်ဝင်သိတာကလို့ မှတ်လိုက်ပါ။ ❝ ဝိပဿနာအစ ခန္ဓာကိုယ် ထွက်တဲ့ လေလေး၊ ဝင်တဲ့လေလေး သိတာက စပါ။ ❞
◆ ကောင်းပြီ။ ဤကဲ့သို့ သိနေပြီလို့ ၅မိနစ်၊ ၁၀မိနစ်တိုင်တိုင် မိမိစိတ်ကလေးဟာ ဘယ်မှမပြေးတော့ဘူးလို့၊ ဒီလို ❝ ကိုယ့်ဟာကိုယ် စိတ်ကလေးဟာ ထိန်းလို့ဖြင့်ရပြီဟ ❞ လို့ ဆိုတော့ ထိန်းနေရင်း မတ်တပ်နဲ့ ခန္ဓာကိုယ်ထဲကနေပြီး သကာလ ဟိုကအောင့်သလိုလို ပေါ်လာလိမ့်မယ်။ ဟိုနေရာက ယားသလိုလို ပေါ်လာလိမ့်မယ်။ ဟိုနေရာကလည်း စိတ်ကလေးတစ်မျိုး သော်လည်းကောင်း၊ ကြားတဲ့ စိတ်ကလေးလည်း ပေါ်လာလိမ့်မယ်။ ❝ ပေါ်လာတဲ့အခါကျတော့ ထွက်သိ၊ ဝင်သိ စိတ်ကလေးကို ဖြုတ်ပစ်လိုက်ပါ။ အောင့်တဲ့ ယားတဲ့ နေရာကို လိုက် လိုက် ပါ။ ❞ အောင့်တဲ့ ယားတဲ့ နေရာကို ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ လိုက် လိုက်တော့ ဒီအောင့် တာလေးကလည်း နဂိုကအောင့်တာ မဟုတ်ဘူး။ ယခုမှ ဖောက်ပြန် ပျက်စီးပြီး ပေါ်လာတာ။ ယခုမှ ဖောက်ပြန်တာ။ အဲဒီ ဖောက်ပြန်တာကလည်း ဥာဏ်နဲ့ ကြည့်လိုက်ပြီ ဆိုတော့ ထိုကဲ့သို့ ပျက်စီးတာပဲ တွေ့တဲ့အခါကျတော့ ❝ ဖောက်ပြန် ပျက်စီးတာလေးက ဒုက္ခသစ္စာ။ ဖောက်ပြန် ပျက်စီးမှုကို သိတာလေးက လောကီမဂ္ဂသစ္စာ။ ❞
◆ ဒါလေး .... ရှေးဦးစွာ ဖောက်ပြန် ပျက်စီးတဲ့ စိတ်ကလေးကို ဒကာ၊ ဒကာမတွေက ဟိုနေရာပေါ် ဟိုနေရာလိုက်။ လက်မောင်းပေါ် လက်မောင်း၊ စိတ်ပေါ် စိတ်၊ ကိုယ်ပေါ် ကိုယ်လိုက်။ ဟဒယ ဝတ္ထုပေါ် ဟဒယ ဝတ္ထုလိုက်။ နားထဲပေါ် နားထဲလိုက်။ မျက်လုံးထဲက မြင်စိတ်ကလေးပေါ်လည်း မြင်စိတ်ကလေးက ခုမှ ပေါ်လာတာ၊ ဖြစ်ပြီး ပျက်တာပဲ။ ❝ ဖောက်ပြန် ပျက်စီးတဲ့ ဓမ္မလေးပဲလို့ ဆိုပြီး ဒကာ၊ ဒကာမတွေက လိုက်နေပါ။ ❞
◆ လိုက်လို့လိုက်စရာ မရှိတော့ ပြန်ဘူးဘုရား။ ဘယ်နေရာမှ မပေါ်လာဘူးလို့ ဆိုလို့ ရှိရင် ခုနင်က စိတ်ကလေးကို ထွက်တဲ့ဝင်တဲ့ စိတ်နဲ့တွဲနေတဲ့ ဥာဏ်ကလေးကို ဟဒယဝတ္ထုဆိုတဲ့ ဝမ်းထဲ လှည့်လိုက်ပါ။ ဝမ်းထဲ လှည့်လိုက်တဲ့ အခါကျတော့ ဝမ်းထဲမှာရှိတဲ့
❝ လေကို ထွက်အောင် အားထုတ်တဲ့ စိတ်၊ လေကို အတွင်းပြန်ကို ပြန်ဆွဲယူတဲ့ စိတ်ကလေး နှစ်ခု လှည့်ရှုနေပါ။ ဒါလေးတွေလည်း ဖောက်ပြန် ပျက်စီးတာပဲ၊ ဖောက်ပြန် ပျက်စီးတာပဲလို့ ဒကာ၊ ဒကာမတွေက ဥာဏ်နဲ့ လိုက်နေပါ။ ❞
◆ လိုက်နေရင်း မတ်တပ်နဲ့ ဟိုနေရာက ယားတယ်၊ ဒီနေရာက အောင့်တယ်၊ ဒီနေရာက စပ်တယ်လို့ ပေါ်လာပြန်လို့ ရှိရင်လည်း အဲဒီနေရာတွေကို လှည့်လိုက်။ ဝမ်းထဲက ရှုနေတာလေးဟာ မရှိလည်း ❝ မရှိသောကြောင့် ရှုမနေဘဲနဲ့ ပေါ်ရာပြန်လိုက်ပါ။ ❞ ထိုသို့ ပေါ်ရာ ပြန်လိုက်ပြီ ဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဖြစ် ပျက်နဲ့ ရှုတဲ့ မဂ် ခွဲလို့ ရသေးရဲ့လား။ ဖြစ် ပျက်နဲ့ ရှုတဲ့ မဂ်နဲ့ ခွဲလို့ မရတော့ပါဘူး။ ဒီလိုဆိုရင်ဖြင့် မိမိစိတ်သည်
❝ ဖြစ် - ပျက် နောက်က မဂ် အစဉ်လိုက်နေပြီ ❞ီဆိုပြီး ဝမ်းသာလိုက်ပါ။
➢ မိုးကုတ်ဆရာတော်ဘုရားကြီး
No comments:
Post a Comment