Saturday, May 7, 2016

မန္တလေးဘူတာကြီးပေါ့။

မောင်ရေ...
ပုံမှာမြင်နေရတာကတော့ မန္တလေးဘူတာကြီးပေါ့။
မန္တလေးမြို့ရဲ့တစ်ခုတည်းသော ဘူတာပေါ့မောင်ရယ်။

ဘူတာလို့ရိုးရိုးခေါ်ရင်ရပါလျက် ဘာလို့ ဘူတာကြီးလို့ခေါ်ရသလဲရယ်လို့ မောင်ကမေးလာရင် ရှင်းပြချင်ပါသေးရဲ့။

အရှင်နှစ်ပါး ပါတော်မူပြီးနောက် ၁၈၈၆ မှာ အင်္ဂလိပ်အစိုးရက ရန်ကုန်မီးရထားလမ်းကို မန္တလေးထိဆက်ဖောက်ခဲ့တာ ၁၈၈၉မှာပြီးစီးခဲ့သတဲ့။ ဒါနဲ့ပဲ မန္တလေးကနေ ရန်ကုန်၊ ပြင်ဦးလွင်-လားရှိုး၊ မြစ်ကြီးနား၊ မုံရွာစတဲ့မြို့တွေဆီသွားဖို့ ရထားဆိုက်ရာ ဘူတာကို မြို့လယ် ၇၈-၇၉ကြား၊ ၂၇-၃၄ကြားမှာ ဆောက်ခဲ့ပြီး ဘူတာကြီးလို့ ခေါ်တွင်ခဲ့သတဲ့။

ဘူတာကြီးဆိုတာလည်း ဘူတာလေးရှိလို့ဖြစ်လာတာပေါ့မောင်ရယ်။ ဘူတာလေးကတော့ အခု ဈေးချိုနားက မန်းသီရိဈေးဖြစ်နေတဲ့နေရာမှာပေါ့ မောင်။ အရင်တုန်းက ဈေးချိုနဲ့ မတ္တရာကို ပြေးဆွဲတဲ့ ရထားဆိုက်ရာဘူတာပေါ့။ ပိုင်ရှင်က အိန္ဒိယနွယ်ဖွား သူဌေး မနန့်ဂျီ ပိုင်တာမို့ မြန်မာအသံထွက်နဲ့ဆို မနှင်းဆီရထားလို့လည်းခေါ်ခဲ့သေးရဲ့။

ကဲ...ဒါဆိုရင် ဘူတာကြီးကို ဘာကြောင့် ဘူတာကြီးလို့ခေါ်တယ်ဆိုတာ မောင် သိလောက်ပြီထင်ပါရဲ့။

ပုံအဟောင်းက ကိုလိုနီခေတ်ဘူတာကြီးအဟောင်းရဲ့ ပုံပေါ့ မောင်။ အဲ့ဒီ အဆောက်အအုံဟောင်းကြီးကို ၁၉၉၅မှာ ဖျက်သိမ်းပြီး ပုံအသစ်မှာ မြင်နေရတဲ့အတိုင်း အသစ်ပြန်ဆောက်လုပ်ခဲ့တာ စုစုပေါင်း အထပ်၇ထပ်ရှိတာပေါ့။
ဘူတာကြီးအဝိုင်းပတ်နဲ့ ထိုးမုန့်ဆိုင်တန်းတွေကတော့ ဘူတာကြီးတစ်ဝိုက် အထင်ကရနေရာတွေပေါ့မောင်ရယ်။

ပုံအသစ်က ရိုက်ထားတာ လနဲ့ချီတော့ကြာပြီမောင်။ခုတော့လေ မောင် မန္တလေးကို ရောက်ရင် ဘူတာကြီး အ၀ိုင်းကနေ ဘူတာကြီးကို ယောင်လို့တောင် မော့မကြည့်လိုက်ပါနဲ့။
Hotel Marvel ဆိုတဲ့စာလုံးကို မြင်ရင် မောင် အံအားသင့်သွားနိုင်တယ်။

ဟုတ်တယ်မောင်ရယ်။ အစဉ်အလာနဲ့ရှိခဲ့တဲ့ မန္တလေးဘူတာကြီးဟာ အခုတော့ Hotel Marvel ဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့မောင်ရဲ့။
ဘယ်တုန်းကနေ ဘယ်သူတွေ ဘယ်လိုစီမံသွားခဲ့တယ်ဆိုတာ ကျွန်မတို့ မန္တလေးသူ မန္တလေးသားတွေ သိတောင်မသိလိုက်ရပါဘူးမောင်ရယ်။ ကိုယ့်မြို့ရဲ အထင်ကရအဆောက်အအုံကို တစ်မြို့လုံးက မပိုင်တော့ဘူးတဲ့ကွယ်။

တော်သေးပြီမောင်၊ စဉ်းစားရတာ ခေါင်းတောင်ကိုက်တယ်။ တကယ်လို့များ မောင်သာ မန္တလေးကို ရထားနဲ့လာခဲ့ရင်လေ Hotel Marvel ဆိုတဲ့စကားလုံးကိုမြင်ပြီး မန္တလေးသူ မန္တလေးသားတွေကို အထင်မလွဲလိုက်ပါနဲ့နော်။
အားလည်းနာရသလို မြင်နေတွေ့နေရတာလည်း ရင်နာလို့ပါမောင်။ ရာဇ၀င်ထဲမှာ ဘူတာကြီးကိုထားခဲ့လိုက်ပါတော့ မောင်ရယ်....
•••••••••••••••••••••••••••••••••••••••••••••••••••••••••
ယဉ် ယဉ်နှောင်း

No comments:

Post a Comment