သတိပြုစရာအချက်တစ်ခု
--------------------------
ထည့်သွင်းစဉ်းစားရမယ့် အာဏာနဲ့ သာသနာ
----------------------------------------------------------
တစ်လောက ညီမငယ်တစ်ယောက်နဲ့ စကားပြောရင်း သူက သူတို့ရပ်ကွက်အကြောင်း ပြောပြလာပါတယ်။ သူတို့ရပ်ကွက်မှာ အရင်တုန်းက အုပ်ချုပ်ရေးမှူးက ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် လမ်းထဲမှာ အလှူပွဲတွေ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ၊ ဝါတွင်းအပတ်စဉ် ဆွမ်းလောင်းလှူမှုတွေ ရှိခဲ့ကြောင်း၊ အခုအုပ်ချုပ်ရေးမှုးကျတော့ ဘာသာခြားဖြစ်နေတဲ့အတွက် အဲဒီအလုပ်တွေကို အားမပေးတဲ့အပြင် တက်တက်ကြွကြွ လုပ်ချင်တဲ့သူတွေကိုလည်း အားပေးအားမြောက် မပြုတဲ့အတွက် ကြာတော့လမ်းထဲကလူတွေလည်း စိတ်ဝင်စားမှုမရှိ၊ အမုန်းမခံ ဖာသိဖာသာပဲ နေလိုက်ကြတာ အခုဆိုရင် လမ်းထဲကလူတွေဟာ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်နေသလို ခံစားရကြောင်း စသဖြင့် သူကပြောလာပါတယ်။ ပြီးတော့ လာမယ့် နှစ်ဦးကာလမှာ ကိုရင်လေးတွေပါအပါအဝင် ကျောင်းသံဃာအကုန် ဆွမ်းကပ်ပြီး ပတ်ဝန်းကျင်ကိုလည်း ကုသိုလ်တရားနဲ့ သတိပေးချင်ကြောင်း လျှောက်ထားရင်း သူ့ရပ်ကွက်၊ သူ့လမ်း၊ သူ့ဆိုင်မှာ လုပ်မယ့်အလှူပွဲအတွက် ပင့်လျှောက်သွားခဲ့ပါတယ်။
တစ်ခါတုန်းကလည်း တက္ကသိုလ်ကထိက တစ်ဦးနဲ့ စကားပြောဖြစ်ပါတယ်။ သူတို့ဌာနရဲ့  ဌာနမှူးဟာ ဘာသာခြားဖြစ်တဲ့အတွက် အရင်တုန်းက အစည်းအဝေးခန်းနဲ့ ဧည့်ခန်းမှာထားတဲ့ ဘုရားကျောင်းဆောင်နဲ့ ဘုရားပုံတော်ကို သူ့လက်ထက်မှာ ထားခွင့်မရှိဘူးဆိုပြီး ဖြုတ်ခိုင်းလို့ ဖြုတ်ပေးလိုက်ရကြောင်း၊ ကျန်တဲ့ဆရာ၊ ဆရာမတွေကလည်း ဌာနမှူးရဲ့ အမိန့်အပေါ် မလွန်ဆန်နိုင်တဲ့အတွက် စိတ်ထဲမှာမကောင်းပေမယ့် ဘုရားကျောင်းတောင် ပြောင်းပေးလိုက်ရကြောင်း သူ့ကိုယ်တွေ့ကို ပြောပြဖူးပါတယ်။
နယ်တရားပွဲတစ်ခုကို ကြွတုန်းကလည်း တရားပွဲဦးဆောင် ဒကာတစ်ယောက်က သူတို့တရားပွဲ လုပ်ရတဲ့ အခက်အခဲကို လျှောက်ထားဖူးပါတယ်။ တရားပွဲ ကြီးကြီးကျယ်ကျယ် လုပ်တဲ့အပေါ်မှာ ဘာသာခြား အုပ်ချုပ်ရေး အာဏာပိုင်များရဲ့  တားမြစ်မှုမျိုးကို ခဏခဏ ခံရကြောင်း၊ အဲဒီအုပ်ချုပ်ရေးမှူးကို ဘာသာခြား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ငွေကြေး လိုသလောက်ထောက်ပံ့ ပေးထားတာတွေရှိကြောင်းနဲ့၊ ဘာသာခြား အာဏာပိုင်နဲ့၊ ဘာသာခြား စီးပွားရေး သမားများရဲ့  သြဇာအောက်ရောက်နေတဲ့ ဗုဒ္ဓဘာသာ အာဏာပိုင်တွေကြောင့် တပည့်တော်တို့ရဲ့  သာသနာရေး လုပ်ငန်းတွေမှာ တော်တော်ကို ခက်ခက်ခဲခဲ လုပ်နေရကြောင်း စသဖြင့် လျှောက်ပြဖူးပါတယ်။
အဲဒါပါပဲ။ သာသနာမှာ အာဏာရဲ့  လွှမ်းမိုးသက်ရောက်မှုဟာ ဘယ်လောက်အရေးပါတယ် ဆိုတာ။ ဘုန်းဘုန်းတို့ နယ်စုံ၊ လူစုံနဲ့၊ တရားပွဲအစုံကို ကြွရောက်ဟောပြော ပေးဖြစ်ပါတယ်။ အခက်အခဲ ပေါင်းစုံကိုလည်း နားထောင်ပေး၊ ဖြေရှင်းပေးခဲ့ဖူးပါတယ်။ အဲဒီ အခက်အခဲတွေထဲမှာ ဘာသာခြား အာဏာပိုင်တွေကြောင့် လုပ်နေကျ သာသနာရေး အလုပ်တွေ လုပ်ခွင့်မရတာ၊ အနှောက်အယှက်ပေးခံရတာ၊ အားပေးထောက်ပံ့မှု မရတာတွေလည်း မကြာမကြာ ရှိနေတာပဲ ဖြစ်ပါတယ်။
တကယ်တော့ ဘာသာသာသနာတစ်ခုရဲ့  တိုးတက်ပြန့်ပွားမှုဟာ အုပ်ချုပ်သူ အာဏာပိုင်တွေရဲ့  အားပေးချီးမြှောက်မှုဟာ အများကြီး အခရာကျနေတာ ဖြစ်ပါတယ်။ အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ရင် ဗုဒ္ဓဘာသာအတွက် အားအင်ဖြစ်သလို အကူအညီအထောက်အပံ့တွေလည်း အများကြီးရရှိကာ သာသနာပြု လုပ်ငန်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်တာ ဖြစ်ပါတယ်။ အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူဟာ ဘာသာခြား ဖြစ်နေမယ်ဆိုရင်တော့ သူကိုယ်တိုင်လည်း သူကိုးကွယ်ရာ ဘာသာတရားကို ပိုပြီး အလေးပေးမှာဖြစ်သလို အခြားဘာသာတရား အပေါ်မှာလည်း ဝတ်ကျေတန်းကျေလောက်ပဲ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ထဲကနေပြီး တားမြစ်ချင်လည်း၊ တားမြစ်လို့ရ၊ နှောက်ယှက်ချင်ရင်လည်း နောက်ယှက်လို့ ရနေတာ ဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအင်အားများနေသေးသလို အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူ အများစုဟာလည်း ဗုဒ္ဓဘာသာ ခေါင်းဆောင်များပဲ ဖြစ်နေသေးတဲ့အတွက် စိုးရိမ်စရာ မရှိဘူးလို့ ပြောလို့ရပေမယ့် အာဏာရှိသူအများစု ဘာသာခြားတွေ ဖြစ်လာရင်တော့ အခွင့်အရေးနည်းလာမှာ အမှန်ပဲ ဖြစ်ပါတယ်။ အခုပဲကြည့်လေ တစ်ချို့  ရပ်ကွက်၊ အုပ်ချုပ်ရေးမှု၊ အာဏာပိုင်များနဲ့ အထက်အာဏာပိုင်များ နေရာရလာမှုက ဗုဒ္ဓဘာသာ သာသနာရေး လုပ်ငန်းတွေမှာ အားအင်တွေကျလာစရာ ဖြစ်နေကြပြီပဲ မဟုတ်လား။ ဒီထက်ပိုပြီး လုပ်ပိုင်ခွင့်ရတဲ့ နေရာတွေမှာ ဘာသာခြား အာဏာပိုင်တွေ ပိုပိုများများ လာပြီဆိုရင်တော့ ဒါဟာ ဗုဒ္ဓဘာသာ ရွှေနိုင်ငံကြီးမှာ ဗုဒ္ဓသာသနာအတွက် အားတက်စရာ မဟုတ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ စိုးရိမ်မှု လွန်တာမဟုတ်ပါဘူး။ ထည့်သွင်းစဉ်းစားရမယ့် အနာဂတ် သာသနာရေးပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာ အင်အားကောင်းနေသေးတဲ့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ အာဏာရှိနေကြတဲ့ ဗုဒ္ဓဘာသာဝင် အာဏာပိုင်များ အထူးစဉ်းစားကြစေချင်ပါတယ်။ အာဏာဟာ သာသနာရဲ့  တိုးတက်မှု၊ ဆုတ်ယုတ်မှုကို အများကြီး သက်ရောက်မှု ရှိနေတဲ့အတွက် ဗုဒ္ဓဘာသာ အရှည်တည်တံ့ပြန့်ပွားရေးအတွက် အာဏာခွဲဝေပေးမှုတွေကို အထူးစဉ်းစားကြရမှာ ဖြစ်သလို၊ ဘာသာခြားများအပေါ်မှာလည်း နှိပ်ကွက်ခြင်းကင်းတဲ့ ထောက်ပံ့စောင့်ရှောက်မှု အခွင့်အရေးတွေကိုလည်း ပေးနိုင်ကြရမယ်ဆိုတာ ထည့်သွင်းစဉ်းစား သတိပြုကြရမှာ ဖြစ်ပါတယ်။
သေချာသည်မှာ ဘုန်းဘုန်းက အစိုးရိမ်လွန်ခြင်းမဟုတ်သလို တခြားဘာသာများကို နှိပ်ကွပ်ဖို့ ပြောနေခြင်းလည်း မဟုတ်ပါ။ ထည့်သွင်းစဉ်းစားရမယ့် အာဏာနဲ့ သာသနာအခြေအနေကို လူကြီးမင်းများ သတိထားမိစေရန် အသိပေးတင်ပြရုံသက်သက်သာ ဖြစ်ပါတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
No comments:
Post a Comment