မျက်နှာအဆီချနည်း
အလွယ်ကူဆုံး မျက်နှာအဆီချနည်းတမျိုး ဖြစ်ပါတယ်။ ဒီနည်းက ငွေကုန်ကြေးကျလည်း သက်သာသလို အိမ်မှာတင် အလွယ်ပြုလုပ်လို့ရတယ်။ နောက်ပြီး ဒီနည်းနဲ့ အဆီချဖို့ အချိန်(၅)မိနစ်ခန့်သာ လိုအပ်ပါတယ်။ မျက်နှာပြဲသူ၊ မျက်နှာဝိုင်းသူ၊ မျက်နှာ အဆီပြင်များသူတွေအတွက် အထူးသင့်တော်တဲ့နည်းဖြစ်တယ်။ ကံကောင်းရင် မိမိမျက်နှာသွင်ပြင်ကို အနည်းနဲ့အများဆိုသလို ပြောင်းလဲစေနိုင်တယ်။ တချို့ မျက်နှာလေးတွေဆို သေးသွယ်ရှည်လျားလာတယ်။ နေ့တိုင်းလုပ်ပေးရုံနဲ့ နှစ်ပတ်အတွင်း ထူးခြားမှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
မျက်နှာအဆီချဖို့ တကယ်တော့ သိပ်မခက်ပါဘူး။ အိမ်မှာတင် အလွယ်လုပ်လို့ရတယ်။ ဒါပေမယ့် ကြွေဇွန်းနဲ့ facial lift cream(အဆီတမျိုးမျိုး) ရှိနေဖို့တော့ လိုပါတယ်။ facial lift cream ဆိုတာတော့ မျက်နှာတင်းရင်းအောင် နှိပ်နယ် ပြုပြင်တဲ့ဆေးဖြစ်ပါတယ်။ cream မရှိရင် ဗီတာမင်အီးဆေးလုံးကို ဖောက်ပြီး အထဲကပါတဲ့ အဆီကို လိမ်းပြီး နှိပ်ပေးလို့လည်းရပါတယ်။ ဒါမှမရရင် သံလွင်ဆီကိုသုံးပါ။ လိုရင်းက မျက်နှာပြင်ချောမွေ့စေမယ့် အဆီ(ပရုတ်ဆီမဟုတ်) တခုခုသုံးဖို့သာဖြစ်တယ်။
ဇွန်းရွေးတဲ့အခါ ကြွေဇွန်းက အကောင်းဆုံးဖြစ်ပါတယ်။ ကြွေဇွန်းမရှိရင် ရိုးရိုးစတီးဇွန်းသုံးပါ။နည်းနည်းတော့ ပိုနာနိုင်တယ်။ ပြုလုပ်တဲ့အခါ ဇွန်းကို မှောက်ထားပြီး ဘေးစောင်း မျက်နှာပြင်နဲ့ ဖိဆွဲပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ အရေပြားက နာကျင်မှုမရှိပဲ သက်သာလိမ့်မယ်။ တချို့နေရာ(ဥပမာ မျက်လုံးအောက်)တွေမှာ ဇွန်းရဲ့ ပြားတဲ့မျက်နှာပြင်ဖက်နဲ့ ဖိဆွဲလို့ရတယ်။ ဆွဲတဲ့အခါ အောက်ကနေ အပေါ်ဖက် လားရာအတိုင်း ဦးတည်ပြီး ဆွဲပေးပါ။ ဇွန်းမရှိတဲ့အခါ လက်ညှိုးကို "ဂငယ်"ပုံကွေးပြီး အသုံးပြုလို့လည်း ရပါတယ်။
မျက်နှာအဆီချပုံ အဆင့်ဆင့်
(၁)ကြွေဇွန်းသုံးပြီး လည်ပင်းအောက်ခြေကနေ အထက်ဖက်မေးရိုးဆီကို ဖိဆွဲပါ။ အတင်းဖိမဆွဲရပါ။ တဖက်ကို ၁၀ကြိမ်ဆီခန့်ပြုလုပ်ပါ။
(၂)မေးစေ့အောက်ခြေကနေ ဘယ်ဖက် မေးရိုးတလျှောက် အောက်ကနေ အထက်ဖက် ဖိပြီး ဆွဲပါ။ ဆယ်ကြိမ်လုပ်ပါ။ တခြားဖက်ကိုလည်း အထက်ပါအတိုင်း (၁၀)ကြိမ်လုပ်ပါ။
(၃)မေးစေ့ကနေ ပါးပြင်ဆီ အောက်မှအထက်သို့ ဖိ၍ ဆွဲတင်ပါ။ တခါကို (၁၀)ကြိမ်လုပ်ပါ။ တခြားဖက်ကိုလည်း အလားတူလုပ်ပါ။
(၄)ပါးစပ်ဘေးကနေ ပါးရိုးထိ ဇွန်းသုံးပြီး အထက်မှ အောက်သို့ ဆယ်ကြိမ်ခန့် ခပ်ဖြည်းဖြည်းဖိဆွဲပါ။ တခြားဖက်ကို အထက်ပါအတိုင်း လုပ်ပါ။
(၅)နှာတံဘေးကနေ ပါးပြင်တလျှောက် နားထင်ဖက်ဆီကို ခပ်သာသာ ဆယ်ကြိမ်ခန့် ဖိဆွဲပါ။ တခြားဖက်ကိုလည်း အထက်ပါအတိုင်း လုပ်ပါ။
(၆)နဖူးတလျှောက် အောက်မှအထက်သို့ အကြိမ်(၂၀)ခန့် ဖိဆွဲပါ။ သတိပြုရမှာက မျက်နှာကို နှိပ်တဲ့အခါ အောက်ဖက်ကနေ အထက်ကို ဖိဆွဲပေးရမှာ ဖြစ်တယ်။ ဖိအားသင့်တင့်ရုံသာသုံးပါ။ ဖိအားကို အဆီပြင်ထိရောက်ပါစေ။
အထက်ပါပုံအတိုင်း တရက်ကို မနက်အိပ်ရာထတကြိမ်၊ ညမအိပ်မှီ တကြိမ် စုစုပေါင်းနှစ်ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ အဆီပိုကင်းပြီး သွယ်လျလှပတဲ့ မျက်နှာလေးကို အမြန်ဆုံး ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
၂၆.၂.၁၆
No comments:
Post a Comment