"အိမ်ခန်းထဲက ငှက်များ"
~~~~~~~~~~~~~
တစ်ကိုယ်စာ ဝင်ပေါက်က
ဝင်ရောက်လို့လာ ...။
အခန်းထဲမှာ ဘာအစာရှိမလဲ
အာသာငြိစွဲ သူ ဖွေရှာ ...။
ပျံပေါက်မှာ မြင်မတွေ့တော့
အစဉ်မရွေ့သည့် ငှက်ပမာ
မထွက်သာသည့် အိမ်ထောင်မျိုး ...။
အရွယ်အသက်ထောက်ပါလို့
တကယ်ထွက်ပေါက်ရှာ ရှောင်ပုန်းချင်ပေမဲ့
နှောင်ထုံးအမျှင် အချစ်ကြိုးရှည်က
ရစ်တိုးချည်လေ မမုန်းရက်စရာမို့
ရုန်းမထွက်သာ တဝဲလည်လည်နဲ့
မခွဲတွယ်တာ တစ်သက်ကြိုက်ပါလို့
အစွဲပယ်ရာ တစ်ရက်မလိုက်နိုင်ဘူး
(လူတွေခမျာ)
ငှက်မိုက်ထက်ဆိုး ....။
စာပေရွာ မောင်သက်ဆွေ
(23-4-2016/ 7:02 PM)
ဒီနေ့ ညနေ စာကြည့်နေစဉ် ငှက်တစ်ကောင်စာလောက် ဝင်လောက်သည့်မှန်ပြတင်းပေါက်မှ
စာအထီးကလေးတစ်ကောင် မောင်သက်ဆွေအခန်းထဲသို့ ဝင်ရောက်လာသည်။ အဲယားကွန်းဖွင့်ထားသဖြင့်
တံခါးများအားလုံးပိတ်ထားရာ ဝင်လာပြီးမှ ပြန်ထွက်ပျံသန်းလိုသော အဆိုပါငှက်ကလေးသည် ဟိုပျံ သည်လွှား ပြေးသွားပျံသန်းနေလျက် ထွက်ပေါက်ရှာနေသည်ကို မြင်လိုက်ရသည်။ ပျံရင်းရှာ ရှာရင်းပျံလျက် နောက်ဆုံး မောပန်းနွမ်းနယ်နေရှာသည်။ သူ့ကို ကြည့်၍ မောင်သက်ဆွေ အတွေးတစ်ခုဝင်လာသည်။
သံယောဇဉ်တွေ အချစ်ကြိုးတွေနှင့် ဖွဲ့စည်း တည်ဆောက်ထားသည့် လူသားတို့၏ မိသားစုဘဝ- များသည်လည်း အခန်းထဲရောက်လာပြီး ထွက်ပေါက်ရှာဖို့ခက်နေသည့် ဤစာကလေးငှက်နှယ် အိမ်ဆိုသော ထောင်ခန်းကြီးမှာ ငြိတွယ်စရာများနှင့် မရုန်းသာ မထွက်သာ ထွက်ပေါက်မရှာနိုင်ဘဲ ရှိနေကြသည်ဟု တွေးမိပါသည်။ (ကိုယ်က လူပျို ကြီးဘုန်းကြီးဆိုတော့ စာတွေ့ပေါ့လေ။)
တံခါးပေါက်ကြီးဖွင့်၍ အပြင်ဘက်က
အလင်းတန်းကို လမ်းပြနှင်ထုတ်လိုက်တော့မှ စာကလေးငှက်သည် လွတ်လပ်စွာ ပျံသန်းသွားပါတော့သည်။
ဤသို့ လွှတ်ပေးလိုက်ရသော ဇီဝိတဒါနကုသိုလ်ကြောင့် အားလုံးပဲ ဘဝနှောင်အိမ်မှ အမြန်ဆုံးရုန်းထွက်နိုင်ကြပါစေဟု ဆုတောင်းမိလိုက်ပါသတည်း။
အားလုံး ကောင်းသောလွတ်လပ်မှုဖြင့်
ချမ်းမြေ့ကြည်နူးစွာ ပျော်ရွှင်နိုင်ကြပါစေ ......
စာပေရွာ မောင်သက်ဆွေ
No comments:
Post a Comment