Saturday, April 30, 2016

ရင်ကိုလာမှန်သော စကားစုများ

ရင်ကိုလာမှန်သော စကားစုများ
==================

ဒေါ်စုရဲ့ နှစ်သစ်ကူးမိန့်ခွန်းကို အကြိမ်ကြိမ်
နားထောင်ဖြစ်ခဲ့ပါတယ်..

ဒီမိန့်ခွန်းဟာ အားလုံးအနှစ်သာရပြည့်ဝနေလေတော့
ဒီထဲမှာမှရင်ကိုလာမှန်တဲ့စကားစုတွေကို
သုံးသပ်ကြည့်လိုက်ပါတယ်..

ကျွန်တော်ဥာဏ်မီသလောက်သုံးသပ်ထားတာပါ
ဒေါ်စုရဲ့ရင်ထဲမှာဒီ့ထက်အများကြီးကျယ်ပြန့်တာ
လေးနက်တာတွေလဲရှိမယ်လို့ ယုံကြည်ပါတယ်..

(၁)

((ကျွန်မတို့ပါတီကို ထောက်ခံမဲ ပေးခဲ့တဲ့
ပြည်သူလူထုအတွက်တင်မဟုတ်ဘူး။
ကျွန်မတို့ကို မဲမပေး၊ မထောက်ခံတဲ့ ပြည်သူတွေ
အတွက်လည်း ဒီအစိုးရဟာ တာဝန်ယူမှာပါလို့ ကျွန်မက ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။
ကျောသား ရင်သား ခွဲခြားမှာမဟုတ်ပါဘူး))

ဆိုတဲ့စကားဟာ အားလုံးရင်ထဲမှာငြိမ်းချမ်းစေပါတယ်..
သဘောကသော သူ့လက်ထက်မှာ အတိုက်အခံလဲ
သူ့ပြည်သူပဲ ၊ သူ့ကိုဝေဘန်နေတာလဲသူ့ပြည်သူပဲ
သူ့ကို မကောင်းစိတ်ထားပြီး နည်းမျိုးစုံနဲ့လှည့်ကွက်ဆင်
တိုက်ခိုက်နေတာလဲ သူ့ပြည်သူပဲလို့ယူဆသွားမယ်ဆိုတာပါ..
ပြီးရင် နှစ်ပေါင်းငါးဆယ်အတွင်းမှာတစ်ခါမှ မမြင်ခဲ့ရတဲ့
ခေါင်းဆောင်ခေါင်းတစ်ယောက်ရဲ့ပြည်သူအပေါ်ထားတဲ့
စိတ်ဓာတ်မှန်ကန်မှုကို တွေ့ရပါတယ်..
ပိုပြီးသိသာတာက နက်ရှိုင်းတဲ့ထေရ၀ါဒဗုဒ္ဓဘာသာကိုလေးနက်စွာ
ကျင့်ကြံသူပီပီမေတ္တာဓာတ်ကိုအခြေခံတဲ့ သဘောထားဖြစ်ပါတယ်..
အခုခေတ်မှာ ဗုဒ္ဓဘာသာဝင်အမည်ခံပြီး ဗုဒ္ဓတရားတော်နဲ့
လားရာဆန့်ကျင်စွာကျင့်ကြံနေထိုင်သူတွေ၊ လောဘဒေါသမောဟ
တရားတွေမွေးမြူနေတဲ သူတွေ ပေါများနေချိန်မှာ
သူမရဲ့မေတ္တာတရားဟာ အံ့သြလောက်ပါတယ်...
ပြီးရင်တစ်ဘက်မှာလဲ စစ်မှန်တဲ့ဒီမိုကရေစီအစိုးရရဲ့
အနှစ်သာရကိုဖေါ်ပြနေတဲ့စကားဖြစ်နေပြန်တယ်..

--------------------------

(၂)

((ကျွန်မတို့ တရားစီရင်ရေးမဏ္ဍိုင်ကြီးဟာ တည့်မတ်ဖို့၊
ထိရောက်ဖို့အင်မတန်မှ အရေးကြီးပါတယ်။
တရားစီရင်ရေးနဲ့ပတ်သက်လို့ဆိုလို့ရှိရင်
တရားမျှတမှုရှိ ရမယ်။ နိုင်ငံတကာကလက်ခံထားတဲ့
စံနှုန်းတွေနဲ့ ကိုက်ညီရမယ်။ တရားမျှတမှုဆိုတာဟာ
မျှတတဲ့တရားစီရင်ခြင်းဆိုတာဟာ အဆိုရှိပါတယ်။
လုပ်ရုံတင်နဲ့မပြီးဘူး။ လုပ်ပါတယ်ဆိုတာထင်ရှားရမယ်။
တရားမျှတ ရုံနဲ့မလုံလောက်ဘူး။ တရားမျှတခြင်းရှိပါတယ်ဆိုတာ
ထင်သာမြင် သာ ဖြစ်ရပါလိမ့်မယ်။
အဲဒါကတော့ အခြေခံတစ်ခုပါပဲ))

ဒီစကားဟာ လွန်ခဲ့တဲ့ အစိုးရလက်ထက် လွှတ်တော်မှာ
တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌတာဝန်ယူပြီးတဲ့
နောက်မှာ သူမကိုယ်တိုင်တွေ့ခဲ့ရတဲ့ တရားစီရင်ရေး
မဏ္ဍိုင်ရဲ့ အနေအထားကို သုံးသပ်ပြီးပြောတဲ့စကား
ဖြစ်နိုင်ပါတယ်.. တရားစီရင်ရေးနဲ့ပတ်သက်တဲ့ဒေါက်တိုင်
ယိုယွင်းနေခဲ့တာဟာ ပြည်သူအားလုံးအသိပဲဖြစ်ပါတယ်..
အရင်သမ္မတဦးသိန်းစိန်လက်ထက်က နှစ်စပိုင်းမှာ
Rule of Law တွင်တွင်အော်ခဲ့ပေမဲ့ သူ့လူတွေသူမနိုင်
လေတော့ နောက်ပိုင်းမှာအသံတိတ်သွားပါတယ်..
ဦးသိန်းစိန်လက်ထက်အထိ အုပ်ချုပ်ရေးမဏ္ဍိုင်
နဲ့တရားစီရင်ရေးမဏ္ဍိုင်နှစ်ခုပေါင်းပြီး
ပြည်သူတွေကို ဖိနှိပ်နေခဲ့တာကြာပြီမို့ ပြည်သူတွေဟာ
တရားစီရင်ရေးမဏ္ဍိုင်ကို အရမ်းရွံရှာခဲ့တဲ့သာဓကရှိပါတယ်..
ဒေါ်စုဟာဒီလိုမဏ္ဍိုင်ကြီးကိုတည့်မတ်စေမဲ့ Foundation ကို
သူမလက်ထက်မှာခိုင်မာအောင်ချနိုင်မှ နောင်အနာဂတ်မှာ
မြန်မာပြည်သူတွေအတွက်ခိုင်မာတဲ့အာမခံမှုနဲ့
အကာအကွယ်ရှိမှာဖြစ်သလို နိုင်ငံတကာကလာရောက်
ရင်းနှီးမြုပ်နှံမဲ့ သူတွေအတွက်လဲ စိတ်ချမှုရှိနိုင်မှာဖြစ်ပါတယ်။

--------------------

(၃)

((ငြိမ်းချမ်းရေးအကြောင်းပြောနေတဲ့ တစ်ချိန်တည်းမှာ
ကျွန်မပြောချင်တာဟာ ကျွန်မတို့ဟာ အရင်အစိုးရရဲ့
လုပ်ရပ်တွေအားလုံးကို ပစ်ပယ်တဲ့စိတ်ဓာတ် မရှိပါဘူး။
အကောင်းတွေလုပ်ခဲ့တာကို ကျွန်မတို့ အသိအမှတ်ပြုပါတယ်။
ဒီဟာတွေပေါ် မှာ ဆက်ပြီးတော့ ဆောက်တည်သွားပါမယ်။
ဒါကြောင့်မို့လို့ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးစတင်ပြီးတော့ လုပ်ခဲ့တဲ့အတွက်
ကျွန်မတို့ဒါကို အများကြီးတန်ဖိုးထားပါတယ်။
ဒီအပစ် အခတ်ရပ်စဲရေးဟာ ပြီးမြောက်အောင်လို့
အားလုံးပါဝင်သင့်တဲ့အဖွဲ့အစည်း များပါဝင်အောင်လို့
ကျွန်မတို့ဆက်ပြီးတော့ ကြိုးစားပါမယ်))

ဒေါ်စုဟာ ဦးသိန်းစိန်အစိုးရလက်ထက်က
လုပ်ခဲ့တဲ့ငြိမ်းချမ်းရေးနဲ့အပစ်အခတ်ရပ်ဆဲရေးကို
အားလုံးပါဝင်လာအောင် ဆက်ကြိုးစားသွားဖို့
ပြည်သူကိုပြောလိုက်ပါပြီ .. ဒီလိုဆက်လုပ်ဖို့အတွက်
တပ်မတော်အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့
အပေးအယူတွေ၊ ညှိနှိုင်းမှုတွေ အားလုံးလုပ်ရမှာဖြစ်ပါတယ်
ဦးသိန်းစိန်လက်ထက်တုန်းကလို စီးပွားရေးဆိုင်ရာ
အပေးအယူတွေ၊ သယံဇာတလုပ်ကွက်အပေးအယူတွေ..
ကားပါမစ်အပေးအယူတွေထက်
ခိုင်မာတဲ့ပင်လုံစိတ်ဓာတ် မျိုး တနည်းအားဖြင့်
တိုင်းပြည်ထူထောင်ရေးအတွက်တိုင်းရင်းသားတွေအားလုံး
စုစည်းပါဝင်ပြီး စိတ်ဓာတ်မှန်မှန်တဲ့ လုပ်ကိုင်ကြဖို့
စည်းရုံးသွားမဲ့အနေအထားရှိပါတယ်...
ဖက်ဒရယ်ပြည်ထောင်စုအစစ်အမှန်ကိုထူထောင်ပြီး
ထာဝရငြိမ်းချမ်းတဲ့ လမ်းစဉ်ကိုသွားမဲ့သဘောပါ..

--------------------

(၄)

((ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့လုပ်တဲ့နေရာမှာ
ကျွန်မတို့ဟာ ပြည်သူ လူထုကိုမထိခိုက်တဲ့နည်းတွေပဲ
ကျွန်မတို့သုံးမှာပါ။ ကျွန်မတို့ရဲ့ နိုင်ငံရဲ့ အေး ချမ်းမှုကို
ထိခိုက်တဲ့နည်းတွေနဲ့ ကျွန်မတို့ လုပ်ဆောင်သွားမှာ
မဟုတ်ပါဘူး။
ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမြဲပဲကိုင်စွဲခဲ့တဲ့မူပါ။
ပြည်သူ မနာစေရပါဘူး။ လုပ်စရာရှိရင်
ကျွန်မတို့ ရှေ့ကနေခံစရာရှိရင်ခံပါမယ်။
အနောက်ကနေ ကာစရာရှိရင် ကာပါမယ်။
ပြည်သူလူထုကို မထိခိုက်တဲ့ နည်းတွေသာ
သုံးစွဲပြီးတော့ ကျွန်မတို့ရဲ့နိုင်ငံကိုမှန်ကန်တဲ့လမ်းပေါ်ကိုပို့ဖို့
ဆိုတာဟာ ကျွန်မတို့အခု အစိုးရသစ်ရဲ့ အင်မတန်မှခိုင်မာတဲ့
အခြေခံမူတစ်ခုဖြစ်ပါတယ်လို့ ပြောပါရစေ))

ဒီစကားအရ တိုင်းပြည်မှာအမှန်တကယ်လိုအပ်တဲ့
အခြေခံဥပဒေကိုပြင်ဆင်ဖို့အတွက်လုပ်သွားမယ်
ဆိုပေမဲ့ ပြည်သူမနာတဲ့ တိုင်းပြည်မနာတဲ့ နည်းကိုပဲ
သုံးသွားဖို့အခြေခံမူချထားပါတယ်၊
နားလည်သဘောပေါက်မိတာကတော့
တိုင်းပြည်နဲ့ပြည်သူကိုမထိခိုက်စေချင်ရင်ညှိနှိုင်းတဲ့နည်း
နိုင်ငံရေးမဟာဗျူဟာကစားတဲ့နည်း စသဖြင့် သူမအတွက်
နည်းလမ်းတွေရှိမယ်လို့လဲယုံကြည်ပါတယ်..
သူမဖခင်ဗိုလ်ချုပ်အောင်ဆန်းတောင်မှနောက်ဆုံးမှာ
လွတ်လပ်ရေးကို နိုင်ငံရေးမဟာဗျူဟာကစားပြီးယူမှ
ရရှိခဲ့တဲ့သာဓကရှိပါတယ်...
သူမဖခင်ကိုယ်တိုင်လဲလွပ်လပ်ရေးအတွက်
ရှေ့ကနေခံသွားခဲ့ရပါတယ်..
ကျွန်တော်တို့တိုင်းပြည်ကလဲ အာဏာရှင်လက်
ထက်မှာ နာနေခဲ့တာတော်တော်ကြာနေပြီကိုး..
ဒါ့ကြောင့် သူမကပြည်သူအစား..
ပြည်သူရှေ့ကအနာခံမယ်လို့ပြောတာဖြစ်ပါတယ်..
သူမရဲ့ဒီစကားဟာ ၀မ်းနည်းစရာပါ..

-------------------

(၅)

((ကျွန်မတို့နိုင်ငံဟာ သဘာဝသယံဇာတပစ္စည်းေ
ပါများတဲ့ နိုင်ငံဖြစ်တယ် ဆိုပြီးတော့ တစ်ကမ္ဘာလုံးကနေပြီးတော့
ပြောကြပါတယ်။ ဒါပေမယ့် ပွင့်ပွင့် လင်းလင်းပြောရရင်
ကျွန်မဒါကို သိပ်အလေးမထားပါဘူး။
တကယ့်အရေးကြီး တာ ကျွန်မတို့ရဲ့နိုင်ငံသူနိုင်ငံသားများရဲ့
စွမ်းအားပါပဲ။ သယံဇာတပစ္စည်းတွေ မဟုတ်ပါဘူး။
သဘာဝသယံဇာတပစ္စည်းတွေဆိုတာ
တစ်နေ့တစ်ချိန်တစ်ခါမှာ ကုန်ခန်းသွားနိုင်ပါတယ်။
နောက်ပြီးတော့ ဒီကမ္ဘာကြီးမှာ လှည့်ကြည့်လိုက်လို့ရှိရင်
အင်မတန် သေး ငယ်ပြီးတော့ သဘာဝသယံဇာတ
ပစ္စည်းမရှိတဲ့ နိုင်ငံများ ပင်လျှင် အင်မတန်မှ သြဇာလွှမ်းမိုးနေတယ်။
စီးပွားရေးအရတိုးတက်မှုရှိနေတယ်ဆိုတာလည်း သတိပြုမိကြမှာပါ။
ဒါကြောင့် ကျွန်မဟာ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေကို
အားကိုးပါတယ်။ ကျွန်မတို့အစိုးရသစ်ရဲ့ ရည်ရွယ်ချက်တစ်ခု ဟာ
ပြည် သူပြည်သူများရဲ့စွမ်းအင်တွေ၊ အရည်အချင်းတွေကို
မြှင့်တင်ပေး ဖို့ပါပဲ။))

ဒီစကားရဲ့အခြေခံကတော့ သယံဇာတတွေများလွန်းလို့
သယံဇာတကြိမ်စာမိသွားပြီး မွဲတေစုတ်ပြတ်သတ်ပြီး
လူလုံးမလှခဲ့ကြရှာတဲ့ တိုင်းပြည်နဲ့ပြည်သူတွေကဥပမာဖြစ်ပါတယ်..
သူမသွားရောက်လေ့လာခဲ့တဲ့နိုင်ငံမှာ သယဇာတမထွက်ပေမဲ့
လူစွမ်းအားအရင်းအမြစ်တွေပြုစုပျိုးထောင်ပြီး
ချမ်းသာတဲ့ တဲ့နိုင်ငံလေးတွေကို သူမတွေ့ခဲ့ရတဲ့အချိန်မှာ
သူမစိတ်မကောင်းအများကြီးလဲဖြစ်သွားနိုင်ပါတယ်..
ဒါ့အပြင်အဲဒီသယံဇာတမရှိပေမဲ့ချမ်းသာတဲ့နိုင်ငံလေးတွေမှာ
အလုပ်သွားလုပ်နေကြတဲ့မြန်မာလူမျိုးတွေကိုတွေ့တဲ့အချိန်မှာ
သူမရဲ့ခံစားချက်အရ လူ့စွမ်းအားအရင်းအမြစ်ကသာ
အရေးကြီးတဲ့အချက်လို့ခံယူထားတဲ့အတွက် အစိုးရ၊
ပြည်သူလူထုနဲ့ လူငယ်လူရွယ်တွေကို အရည်အချင်းနဲ့
စွမ်းအားတွေတိုးတက်ဖို့ မူဝါဒတွေချသွားမဲ့သဘောရှိပါတယ်..

----------------

(၆)

((အစိုးရအဖွဲ့ တစ်ခုဆိုတာ နိုင်ငံကိုအောင်မြင်အောင်လို့၊
နိုင်ငံကို ဖွံ့ဖြိုးအောင်လို့၊တိုးတက်အောင်လို့မလုပ်နိုင်ပါဘူး။
ပြည်သူတွေပါလာမှဒီလုပ်ငန်းတွေ ဟာအောင်မြင်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်မတို့ ပြည်သူပြည် သားများဟာ တာဝန်သိစိတ်နဲ့
အားလုံးလက်တွဲပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချပါလို့
ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
အခုချိန်မှာ ကမ္ဘာကြီးက အလျင်အမြန်တိုးတက်နေပါတယ်။
ကျွန်မတို့က ဒီတိုးတက်နေတဲ့ကမ္ဘာကြီးနဲ့
မီအောင်လိုက်ဖို့ဆိုတာဟာ တခြားလူတွေထက်
ပိုပြီးတော့ ကြိုးစားရမယ့်အခြေအနေရှိပါတယ်။
ကျွန်မတို့ဟာ တခြားနိုင်ငံတွေ လမ်းလျှောက် နေတဲ့အချိန်မှာ
ပြေးပြီးတော့၊ အပင်ပန်းခံပြီးတော့ လုပ်မှသာလျှင်
တခြား နိုင်ငံတွေနဲ့ကို ကျွန်မတို့ မီမှာဖြစ်ပါတယ်။
အဲဒီတော့ တခြားနိုင်ငံတွေကို မီအောင်လို့လုပ်တဲ့နေရာမှာ မှန်ကန်တဲ့နည်းတွေပဲ ကျွန်မတို့သုံးချင်ပါတယ်။
ကျွန်မတို့နိုင်ငံကို ကမ္ဘာ့အလယ်မှာ
တင့်တယ်စေချင်တယ်ဆိုတာ ကျွန်မက
ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာမှုကိုတင် ပြောတာမဟုတ်ပါဘူး။
ကျွန်မတို့ရဲ့နိုင်ငံသူ နိုင်ငံသားများရဲ့အရည်အချင်းကို
ကမ္ဘာ ကနေပြီးတော့ လေးစားရအောင်လို့၊
ကမ္ဘာကနေပြီးတော့ တန်ဖိုး ထားအောင်လို့
လုပ်ချင်တဲ့ စိတ်ဓာတ်အရပြောတာဖြစ်ပါတယ်။
ကျွန်မတို့နိုင်ငံ ကမ္ဘာ့အလယ်မှာ တင့်တယ်တယ်ဆိုရင်
ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေ ဘယ်နိုင်ငံသွားသွား
မြန်မာနိုင်ငံကလာတဲ့ နိုင်ငံသူနိုင်ငံသားတွေဟေ့ဆိုပြီးတော့
ခေါင်းမော့ပြီးတော့ ဂုဏ်ယူနိုင်တဲ့အဆင့်ကို ဖြစ်စေချင်ပါတယ်))

ဒီစကားကတော့ ကျွန်တော်တို့ပြည်သူတွေနဲ့လူငယ်တွေကို
Alert လုပ်လိုက်တဲ့စကားဖြစ်ပါတယ်..
ကျွန်တော်တို့တွေထိုင်နေလို့မရတော့ပါဘူး..
ကျွန်တော်တို့တွေ ငေါင်နေလို့မရတော့ပါဘူး..
ကျွန်တော်တို့တွေ မှေးနေ နားနေလို့မရတော့ပါဘူး..
နိုင်ငံတကာမှာ နည်းပညာနဲ့ယှဉ်တဲ့တိုးတက်မှုတွေက
လျှပ်ပျက်သလိုမြန်နေတဲ့အချိန်မှာ ငုတ်တုတ်မေ့နေတဲ့
ကျွန်တော်တို့တွေဟာ နိုင်ငံတကာကိုအမှီလိုက်ရင်တောင်
အပြင်းအထန်ကြိုးစားမှ ရင်ဘောင်တန်းမှာဖြစ်ပါတယ်..
ဒါမှလဲ ကျွန်တော်တို့တွေ နိုင်ငံတကာမှာ..
အဆင့်အတန်းရှိရှိ ရင်ကော့နေနိုင်မှာဖြစ်ပါတယ်..
ဒီအခွင့်အရေးဟာ ဒီခေါင်းဆောင်ရဲ့လက်ထက်မှာပဲ
ရတောင့်ရခဲဖြစ်နေပါတယ်..
ဘာကြောင့်လဲဆိုတော့ သူမအုပ်ချုပ်တဲ့အချိန်ဟာ
ကျွန်တော်တို့ပြည်သူတွေအဖို့ Power ရထားတဲ့
Game ဇာတ်ကောင်တွေလိုဖြစ်နေလို့ပါပဲ..
ဘာလုပ်လုပ်သာမန်ထက်ပိုတဲ့အကျိုးကိုရမှာပါ..

----------------

ဒါ့ကြောင့်..

သူမလက်ထက်မှာ ကျွန်တော်တို့အားလုံး..
ကြိုးစားကြရပါမယ်..

သူမနဲ့အတူတူ နိုးကြားစွာနဲ့ ရုန်းကန်ကြရပါမယ်

အခွင့်အရေးကဒီတစ်ကြိမ်ပဲရှိပါတယ်..

ဒီတစ်ကြိမ်ထဲပါ..

( Pa Yit)

No comments:

Post a Comment