Saturday, April 23, 2016

အရေပြားမှာ နနွင်းလိမ်းခြင်း

အရေပြားမှာ နနွင်းလိမ်းခြင်း

အမေးများတယ်။ အရေပြားမှာ လိမ်းရင် ကောင်းပါ့မလားဆိုတဲ့ ကိစ္စ၊ တကယ်တော့ နနွင်းကို အိန္ဒိယအပါအဝင် အရှေ့တိုင်းမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့သုံးကြတယ်။ မြန်မာ့အစားအစာက ရှေးမြန်မာဘုရင်ခေတ်ကတည်းက အိန္ဒိယအစားအစာနဲ့ ဆက်စပ်မှုရှိတယ်။နနွင်းကို အရေပြား၊ပိုးဝင်ပြည်တည်နာတွေကို  အဓိကသုံးတယ်။ တခြားသုံးလို့ရတဲ့ ရောဂါတွေများတယ်။ နနွင်းရဲ့ အဓိကအာနိသင်နှစ်ခုဖြစ်တဲ့ အရောင်ကျစေတာနဲ့ ပိုးသတ်စေတာ ဖြစ်တယ်။ အဆစ်မြစ်ရောင်၊ ခေါင်းကိုက်၊အဆုတ်ရောင်၊ အအေးမိ၊အဖျား၊ ရာသီသွေး၊ရင်ပူ၊အစားသောက်ပျက်၊ သန်ကောင်ထ၊ ဝမ်းပျက်၊ အစာအိမ်နာ၊ ဗိုက်နာ၊ ဝမ်းဖောဝမ်းရောင်၊ကျောက်ကပ်၊ အသည်းနဲ့ သည်းခြေအိတ်ရောဂါတွေမှာ သုံးကြတယ်။ လေ့လာမှု တချို့က ကင်ဆာဖြစ်စမှာ ပိုဆိုးမလာအောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုတယ်။အသက်ကြီးသူတွေမှာ ဖြစ်တဲ့ အယ်ဇိုင်းမားရောဂါမှာ မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဦးနှောက်မှာ ပိတိဆို့နေတဲ့ amyloid plaque ကို ဖြိုခွဲပေးလို့ ဖြစ်ပါတယ်။

အရေပြားနဲ့ပက်သတ်ပြီး အသုံးများကြတယ်။ နနွင်းသုံးရင် အသားဝင်းတာ ကြားဖူးလိမ့်မယ်။သီအိုရီအရ နနွင်းကို မုန့်ညှင်းဆီနဲ့ရောပြီး အရေပြားတွေမှာ လိမ်းရင် အဖြူကွက်တွေကို ပြန်လည်ညီညာစေသတဲ့။ ဆိုလိုချင်တာက ခရုသင်း သက်သာလာတဲ့သဘော။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ပိုဆိုးစေသလား၊ သက်သာစေသလား သေချာပေါက်ပြောမရပါ။ဒါနဲ့ပက်သတ်လို့ ခရုသင်းလူနာတွေကို စမ်းသပ်ကြည့်တယ်။ခရုသင်းသဘောက catalase levels များနေတတ်တယ်။ အဲဒီများနေတာချဖို့ pseudocatalase cream (PC-KUS) လိမ်းဆေး ဆိုတာသုံးတယ်။ လေ့လာကြည့်တဲ့အခါ နနွင်းကြောင့် ဆေးမတိုးတာ(သို့) ပိုဆိုးတာမျိုးထိ ဖြစ်နိုင်တယ်။ အထူးသဖြင့် နေ့စဉ်စားသုံးသူတွေ အထူးသတိပြုရမယ်။

လေ့လာမှုတစ်ခု
နနွင်းကို နေ့စဉ်သုံးတယ်။ ခရုသင်းလိမ်းဆေး pseudocatalase (PC-KUS) ကို တနေ့နှစ်ကြိမ် သုံးခိုင်းတယ်။ ခြောက်လနေတော့ ပြန်ကြည့်တယ်။ ထူးခြားတိုးတက်မှုလုံးဝမရှိပါ။ တချို့ ပိုဆိုးလာပါသတဲ့။ ဒါနဲ့ နောက်လေ့လာမှုတခု ဆက်တိုက်လုပ်တယ်။ နနွင်းသောက်သူထက်ဝက်ကို လုံးဝဖြတ်ခိုင်းပြီး pseudocatalase (PC-KUS) ကို တနေ့နှစ်ကြိမ် သုံးခိုင်းတယ်။ နှစ်လနေတော့ ပြန်လေ့လာကြည့်တယ်။ ခရုသင်းနာတွေ လျှော့ပါးလာပြီး ခြောက်လနေတဲ့အခါ မျက်နှာခရုသင်း တော်တော်လေး သက်သာလာတာတွေ့တယ်။

သုံးသပ်ချက်
အနောက်တိုင်းလူနာတွေမှာ ဒီလိမ်းဆေးက ထိရောက်ပါတယ်။ ဒါပေမယ့်အရှေ့တိုင်း ထင်သလောက်မထိရောက်ဘူး၊ဘာ့ကြောင့်ပါလဲ။ ဖြစ်နိုင်တာတခုက အရှေ့တိုငိးအစားအစာမှာ ပုံမှန်အားဖြင့်ကို နနွင်းစားသုံးမှုများတယ်။ စားတယ်ဆိုတာ နေ့စဉ်ရက်ဆက်စားတာ။ ပုံမှန်အားဖြင့်ကို နနွင်းပမာဏက မြင့်တက်ပြီးသားမို့ ဖြစ်နိုင်တယ်။

ဘာကို ပြပါသလဲ
နေ့စဉ်သုံးရင် အာနိသင်နည်းတယ်။ ထပ်တွေ့တာက အရှေ့တိုင်းအစားအစာမှာ ပုံမှန်အားဖြင့်ကို နနွင်းက ပါပြီးဖြစ်တယ်။ နနွင်းက အသားဖြူစေတာမှန်တယ်။ hydrogen peroxide ပမာဏများစေတယ်။ ခရုသင်းရဲ့အဓိက ပြဿနာက အဲဒါပဲ။ခရုသင်းဖြစ်တဲ့လူနာတွေမှာ hydrogen peroxide ပမာဏက သွေးထဲမှာရော အရေပြားထဲမှာပါ မြှင့်တက်နေတယ်။ curcumin(diferuloyl methane) ပါရင် ပိုဆိုးစေနိုင်တယ်။ နနွင်းသုံးစွဲမှုက ခရုသင်းမှာ အကျိုးမရှိပါ။ ဆေးအာနိသင်ကိုတောင် လျှော့သွားစေတယ်။ ဒါ့ကြောင့် ခရုသင်းမှာ နနွင်းမသုံးသင့်ပါ။ သီအိုရီအရကောင်းပေမယ့် လက်တွေ့လေ့လာမှုမှာ ပိုဆိုးနိုင်တယ်။ ဒါပေမယ့် အရေပြားမှာတော့ အသားဖြူဖို့ နနွင်းလိမ်းလို့ရတယ်။

ဒေါက်တာ အေးမင်းထူး

၁၇.၃.၁၆

No comments:

Post a Comment