"ဒကာကြီးက တိရစ္တာန်လောက်မှ သံဃာ
မကြည်ညိုတတ်ဘဲကိုး"
+++++++++++++++
မဟာဂန္ဓာရုံကျောင်းတိုက်၊ ဆွမ်းကပ်ပွဲတစ်ခုမှာ ကြုံခဲ့တဲ့ အဖြစ်လေးပါ။
ဆွမ်းဒါယကာနှင့် မိတ်ဆွေများဟာ ကျောင်းတိုက်ကိုလှည့်လည် ကြည့်ရှု ကြည်ညိုကြပါတယ်။ ကျေင်းတိုက်သံဃာတော်တွေ သွားလာနေထိုင်ပုံ၊ ဆွမ်းစားတဲ့အခါ ညီညာစွာ ဆွမ်းခံပုံ၊ ဆွမ်းဘုဉ်းပေးနေပုံတွေကို ဒါယက ဒါယိကာမတွေမှာ ကြည်ညိုလို့ မ၀၊ ဖူးမြှော်လို့မ၀ဖြစ်နေကြပါတယ်။
ဒါယက ဒါယိကာမများ ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်ကြီးကို ဖူးမြှော်တဲ့အခါ ဒါယကာတစ်ဦးက အားရ၀မ်းသာနဲ့လျှောက်ပါတယ်။
"သံဃာတော်တွေက သိပ်ကြည်ညိုဖွယ် ကောင်းပါတယ်ဘုရား၊ တပည့်တော်က ဒီလိုသံဃာတွေ၊ ရွှေကျင်သံဃာတွေမှ ကြည်ညိုတာဘုရား" တဲ့။
"ဒကာကြီးက တိရစ္တာန်လောက်မှ သံဃာ မကြည်ညိုတတ်ဘဲကိုး" လို့ ဆရာတော်ကြီးက ပြန်မိန့်တော်မူ လိုက်ပါတယ်။
ဒါယကာမှာ သူမျှော်လင့်ထားတဲ့ စကားမဟုတ်လို့ အံ့အားသင့်ပြီး စိုးရိမ်တကြီးနဲ့ ပြန်လျှောက်ရှာတယ်။
"ဘယ်လိုကြောင့်ပါလဲ ဘုရား"
ဆရာတော်ကြီးက ဆဒ္ဒန်ဆင်မင်းဇာတ်ကို ပုံစံပြပြီး မိန့်တော်မူပါတယ်။
ဆဒ္ဒန်ဆင်မင်းဟာ ရေချိုးပြီး ရေစစ်နေချိန်မှာ မြှားတစ်စဉ်းက ချက်မှကြောပြင်ကိုဖေါက်ထွက်သွားပါတယ်။
ဆင်မင်းက မြှားဟာ မြေအောက်ကလာတယ်ဆိုတာသိလို့ ဒေါသချောင်းချောင်းထွက်ပြီး မြှားပြစ်သူကို နင်းခြေသတ်ရန် ခွာနဲ့မြေကို ယက်လိုက်တယ်။ မြေကျင်းထဲမှာရှိတဲ့ မုဆိုးကို နှာမောင်းနဲ့ဆွဲထုတ်တယ်လေ။
မုဆိုးက အသင့်ပါလာတဲ့ သင်္ကန်းစကို နှာမောင်းမှာရစ်ပတ်ပေးလိုက်ပါတယ်။
ဆင်မင်းဟာ သင်္ကန်းမြင်လိုက်တာနဲ့ သူတော်ကောင်းတွေဝတ်တဲ့ သင်္ကန်းပါလားလို့ ကြည်ညိုသဒ္ဓါပွားပြီး နင်းချေသတ်လိုတဲ့စိတ်တွေ ချောင်းချောင်းတွက်နေတဲ့ ဒေါသတွေ ပြေပျောက်သွားတယ်။
ဆင်မင်းဟာ မြှားနဲ့ပစ်သူမှန်းလဲသိတယ်။ တကယ့်သူတော်ကောင်းမဟုတ်မှန်းလဲ သိတယ်။ သင်္ကန်းဆောင်ထားသူရဲ့ သင်္ကန်းကို မြင်လိုက်တာနဲ့ ဒီမျှအထိကြည်ညိုသွားပါတယ်။ ဒါ သူတော်ကောင်း တွေမှာ ရှိတဲ့ ဓါတ်ခံသတ္တိ တစ်မျိုးပါ။
ဆင်မင်းက နှာမောင်းနဲ့ မုဆိုးကိုဆွဲထုတ်ပြီး အကျိုးအကြောင်းမေးတဲ့အခါ စူဠဘဒ္ဒါရဲ့စေခိုင်းချက်အရ
အစွယ်လိုခြင်လို့ ခုလိုလုပ်ရတဲ့အကြောင်းတွေ ရှင်းပြပါတယ်။
ဇာတ်တော်မှာလာတဲ့အတိုင်းပေါ့ နှာမောင်းမှာ မုဆိုးရဲ့လွှကို အတပ်ခိုင်းပြီး ကိုယ်တိုင်ဖြတ် လှူခဲ့ပါတယ်။
(ဇာတ်တော်ကို ဆရာတော်ပြောတဲ့ စကားအတိအကျတော့ မဟုတ်ပါ။ သိသာယုံမျှဖေါ်ပြလိုက်ခြင်းပါ။)
ဆင်မင်းဟာ တိရစ္ဆာန်ဖြစ်ပေမဲ့ သင်္ကန်းကိုကြည်ညိုတတ်ပြီး အသိဉာဏ်ရှိတဲ့ လူသားက သင်္ကန်းကို မကြည်ညိုတတ်သူ မဖြစ်စေလိုလို့ -
"ဒကာကြီးက တိရစ္တာန်လောက်မှ သံဃာ မကြည်ညိုတတ်ဘဲကိုး" ဟု ဆရာတော်ကြီးက ဆုံးမတော်မူတာပါ။
(သံဃာသည် သံဃာသာဖြစ်တယ်၊ ကြည့်ညိုထိုက်တယ်လို့ ဆိုလိုတာပါ။)
--
မှန်လှပေ၏။
သင်္ကန်းဟာ သူတော်ကောင်းတွေ ၀တ်ရုံတဲ့အ၀တ်မို့ သူတော်ကောင်းတွေ အလွန်ကြည်ညိုကြ ပါတယ်။
သင်္ကန်းဟာ "အရဟတ္တဓဇ" အရဟတ္တဖိုလ် အောင်လံ ဖြစ်တယ်လို့ ဘုရားရှင်ဟောတော်မူခဲ့ပါတယ်။
လူဝတ်ကြောင်အဖြစ်နဲ့ အရဟတ္တဖိုလ်ရ(ရဟန္တာဖြစ်)တဲ့ လူပုဂ္ဂိုလ်ဟာ သင်္ကန်းမ၀တ်ဘဲ လူအဖြစ်နဲ့ဆက်နေရင် ၇-ရက်သာ အသက်ရှည်နိုင်ပါတယ်။ လူ့အဖြစ်နဲ့ အရဟတ္တဖိုလ်နဲ့မထိုက်တန်လို့ပါသင်္ကန်းဝတ်လိုက်မှ အသက်တန်းပြည့် အသက်ရှည်နိုင်ပါတယ်။
အမြတ်ဆုံးစိတ်ဖြစ်တဲ့ အရဟတ္တဖိုလ်ဟာ သင်္ကန်းနှင့်မှ ထိုက်တန်တယ်၊ သင်္ကန်းနှင့်မှ ထာဝရတည်နိုင်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါ့ကြောင့် သင်္ကန်းဟာ အရဟတ္တဖိုလ်ရဲ့ အောင်လံဖြစ်တယ်လို့ မိန့်တော်မူခြင်းပါ။
သင်္ကန်းဝတ်ရုံတော်မူတဲ့ သံဃာတော်တွေဟာ "အရဟတ္တဓဇ" ကိုဆင်မြန်းထားတဲ့အရှင်မြတ်တွေပါ။
ရဟန္တာအရှင်မြတ်တွေလည်း ၂၂၇ သွယ် သိက္ခာပုဒ်ပါဘဲ။ သမ္မုတိသံဃာ ပုထုဇဉ်သံဃာတော်တွေ လည်း ၂၂၇ သွယ် သိက္ခာပုဒ်ပါဘဲ။
ရဟန္တာပင်ဖြစ်သော်လဲဘဲ သိက္ခာဝါကြီးတဲ့ ပုထုဇဉ်ရဟန်းကို ဦးချကန်တော့ အရိုအသေပေးရပါတယ်။
သိက္ခာဝါကြီးတယ်ဆိုတာ ၂၂၇ သွယ် သိက္ခာပုဒ်တွေကို စောင့်ထိမ်းခဲ့တဲ့ နှစ်ပရိစ္ဆေဒ ကာလကိုပြောတာပါ။ ရဟန်းသံဃာတော်တို့ရဲ့သီလဟာ ဒီလောက်ထိ မြင့်မြတ်ပါတယ်။ ဒါ့ကြောင့်လဲ ကိုးကွယ်ထိုက်တဲ့ ဘုရား-တရား-သံဃာ သရဏဂုံသုံးပါးမှာ ပါဝင် တာပါ။
ရဟန်းပြုရာမှာ၂-ပါး အတူတူကမ္မ၀ါဖတ်ပြီး အတူတူရဟန်းဖြစ်ရင်တောင် စက္ကန့်ပိုင်းလေးမျှစောပြီး ကမ္မ၀ါမှာ အမည် အဖတ်ခံရတဲ့ ပဋ္ဌမရဟန်းကို ဒုတိယရဟန်းက အရိုအသေပေးရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၂၂၇ သွယ် သော သိက္ခာပုဒ်တွေ စက္ကန့်ပိုင်းလေးမျှ အရင်စောင့်ထိန်းပြီးဖြစ်နေလို့ပါ။
ရဟန်းသီလဟာ ဒီလောက်အထိ လေးလေးနက်နက် မြင့်မြတ်ပါတယ်။ ဒါ့ကြောင့်လဲ တန်ခိုးကြီးမားတဲ့ နတ်တွေ ဗြဟ္မာတွေတောင် ရဟန်းသံဃာတွေကို ရှစ်ခိုးဦးချ ကန်တော့ကြပါတယ်။
ဘ၀သံသရာမှာ ရခဲတဲ့ ဒုလ္လဘတရား ၅-မျိုး ရှိပါတယ်။
(၁) ဘုရားသာသနာနှင့် တွေ့ကြုံရန် အလွန်ခဲရင်းခြင်း။
(၂) လူ့ဘ၀ ရဖို့ရန် အလွန်ခဲရင်းခြင်း။
(၃) ရဟန်းဘ၀ ရဖို့ရန် အလွန်ခဲရင်းခြင်း။
(၄) သဒ္ဓါတရားနဲ့ပြည့်စုံသူ ဖြစ်ဖို့ရန် အလွန်ခဲရင်းခြင်း။
(၅) ဘုရားတရားတော်တွေ နာကြားခွင့် ရဖို့ရန်အလွန်ခဲရင်းခြင်းတွေပါ။
ဒီ ဒုလ္လဘတရား ၅-ပါးလုံး ရဟန်းသံဃာတော်တွေမှာ ပြည့်စုံနေကြပါတယ်။ ဘုရားသာသနာနဲ့လဲ တွေ့ကြုံ၊ လူ့ဘ၀လဲဖြစ်ရ၊ ရဟန်းဘ၀လဲဖြစ်ရ၊ သဒ္ဓါတရားနဲ့ပြည့်စုံလို့လဲ ရဟန်းပြုကြတာပါ။ တရားတော်တွေ ဆိုတာတော့ နာကြားယုံမကဘူး ကိုယ်တိုင်သင်ယူ ပို့ချ ဟောပြော ကြက်မှတ်အာဂုံဆောင်နေကြတာပါ။
ဘ၀သံသရာမှာ ရခဲတဲ့ ဒီလို ဒုလ္လဘတရား ၅-ပါးနဲ့ပြည့်စုံနေလို့လဲ အမြတ်ဆုံးဘ၀ပိုင်ရှင်တွေပါ။
ဒီလိုမြင့်မြတ်တဲ့ ရဟန်းသံဃာတော်တွေကို မသိနားမလည်သူတွေက ပြစ်မှားမိတတ်ကြတယ်။
အပြစ်လေးတွေကြည့်ပြီးလဲ စော်ကားမိတတ်ကြတယ်။ ရဟန်းဆိုတာ ပါရာဇိကသိက္ခာပုဒ် ၄ ပါးကို မကျူးလွန်သေးသမျှ ရဟန်းသီလ သိက္ခာတွေတည်နေပါတယ်။ ရဟန်းအဖြစ်က ရွေ့လျှော မကျပါဘူး။
မကြည်ညိုလို့ မကိုးကွယ်ချင် မလှူမတန်းချင်နေပါ၊ ဘာအပြစ်မှ မရှိပါဘူး။ အပြစ်မဖြစ်သလို ကုသိုလ်လဲ မဖြစ်ဘူးပေါ့လေ။ အဲ ပြစ်မှားမိရင်တော့ ကိုယ့်သာအကျိုးယုတ်ပါလိမ့်မယ်။
ပြစ်မှားစော်ကားမိရင် ဒီဘ၀မှာဘဲ မကောင်းကျိုးတွေ ခံစားရတတ်ပါတယ်။ ရဟန်းသံဃာ အပါအ၀င်ဖြစ်တဲ့ ခင်မွန်းကြီး ၁၀ ပါးပြစ်မှားမိရင် -
ရောဂါဆိုးကြီးများရရှိခြင်း၊ ပစ္စည်းဥစ္စာများဆုံးရှုံးခြင်း၊ခန္ဓာကိုယ်ချို့ယွင်းပျက်စီးခြင်း၊ နူနာစွဲကပ်ခြင်း၊ ဆွံ့အခြင်း၊ ရူးတတ်ခြင်း၊ မင်းပြစ်မင်းဒါဏ်သင့်ခြင်း၊ မိမိ၏ဆွေမျိုးများ ပျက်စီးခြင်း၊ စီးပွားရေးများပျက်စီးခြင်း၊ အိမ်မီးလောင်ခြင်း၊ သေရင် အပါယ်ကျခြင်း ဆိုတဲ့အကျိုး ၁၀-ပါးမှ တစ်ပါးပါးကတော့ ဧကန်ရောက်လာပါလိမ့်မယ်။
ရှေးဆရာတော်ကြီးများက လင်္ကာနဲ့ ဆုံးမတော်မူထားပါတယ် -
"သုံးပါးရတနာ၊ ဆရာမိဘ၊ ဂုဏ၀ုဒ္ဓါ၊ ၀ယာဝုဒ္ဓ ဟူသမျှကို၊ ပြစ်မှားလေက၊ မချေကာလ၊ ခုဘ၀တွင်၊ ပျင်းစွာအနာ၊ ဥစ္စာဆုံးရှုံး၊ ကိုယ်လုံးပေါက်ကွဲ၊ နူဝဲ ဆွံ့အ၊ ရူးရတစ်ခါ၊ ကြုံလာမင်းဘေး၊ မျိုးထဲပျက်စီး၊ ပြုန်းတီးဥစ္စာ၊ အိမ်မှာမီးလောင်၊ နောင်သံသရာ၊ အပါယ်ရွာဟု၊ ဆယ်ဖြာဒါဏ်မျိုး၊ လက်ငင်းအကျိုး တည်း" တဲ့။
ဒါ့ကြောင့် ခင်မွန်းကြီး ၁၀ ပါးမပြစ်မှားမိဖို့။ အမြတ်ဆုံးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ တို့ကိုလည်းမည်သည့်နည်းနဲ့မျှ မပြစ်မှားမိစေဖို့ ရှေးဆရာတော်ကြီး မိန့်မှာတော်မူခဲ့ပါတယ်။
ရဟန်းသံဃာတော်တွေက အမြတ်ဆုံးဘ၀တွေရကြသူတွေဖြစ်ပြီး မိမိတို့က ရဟန်းကိုအကြောင်းပြု ပြီး အကုသိုလ်ကြီးတွေရတဲ့ ဘ၀ပိုင်ရှင်ဖြစ်နေခဲ့ရင် လူဖြစ်ရကျိုး အလွန့်အလွန်ရှုံးရပါလိမ့်မယ်။ သာသနာနဲ့တွေ့ရလို့ အမြတ်မရတဲ့အပြင် သာသနာနဲ့တွေ့ရလို့ ပိုရှုံးသူဖြစ်သွားတတ်ပါတယ်။
စိတ်ကောင်းရှိသူများ သတိရှိစေလိုလို့ ရေးလိုက်မိတာပါ။
ပြီးတော့ "ရဟန်းတွေကို ကတုန်း ကတုန်းလို့ မခေါ်ပါနဲ့" ဆိုတဲ့ စာတန်းလေး FB မှာတွေ့မိလို့ ဒီစာလေးရေးဖြစ်အောင်တိုက်တွန်းသလိုဖြစ်ခဲ့ပါတယ်။
သရဏဂုံသုံးပါး ရိုသေမြတ်နိုးသူတွေဟာ နောက်ဘ၀မှာ အပါယ်ဘေးကလွတ်ပြီး နတ်ပြည်ရောက်၏ လို့ ဒေသနာတော်မှာအထင်အရှားရှိပြီးသားမို့ အပါယ်ဘေးကလွတ်တဲ့သူတွေ၊ ခင်ပွန်းကြီး ၁၀ ပါးဘေးသင့်တဲ့အပြစ်တွေမှာလွတ်ကင်းတဲ့သူတွေ၊ နတ်ပြည်ရောက်မည့်သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်း မေတ္တာပြုလိုက်ပါ တယ်။
.
ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်ကြီးအား ပူဇော်လျှက်
ဓမ္မဘက်တော်သား ဧရာဝတီ
No comments:
Post a Comment