Friday, April 22, 2016

ဗုဒ္ဓခြေတော်ရာ အကြောင်း သိကောင်းစရာများ နှင့် ဘုရားရှင်၏ အံ့ဖွယ် (၁၈) ပါး အကြောင်း

ဗုဒ္ဓခြေတော်ရာ အကြောင်း သိကောင်းစရာများ နှင့်

ဘုရားရှင်၏ အံ့ဖွယ် (၁၈) ပါး အကြောင်း

*********************************

နု့ ညက် ညံ့ထွား၊ ရွှေဘွား စက္ကင်၊ စုံနှစ်ပြင်ဖြင့်၊
မြေတွင် မထိ၊ ပကတိအား၊ လေးသစ် ခြားလျက်၊
ဘုရားတို့ တမ်း၊ ကြွလှမ်း မွေ့ ညက်၊
ငြိမ်သက် လေးတင်၊ ကြွလာ ကျင်မှ။

လင်္ကာ၌ မြေတွင် မထိ ဟုဆိုသော်လည်း မြေတွင် ဘုရားရှင်၏ ခြေတော်ရာများ မထင်ဟု ယူဆရမည်ထင်ပါသည်။

မှန်၏၊ ဘုရားရှင်တို့ ၏ ခြေတော်ရာ မထင်ခြင်း အကြောင်းသုံးပါးကို

(၁) သိမ်မွေ့ နူးညံ့သောကြောင့်လည်း၊

(၂) ခွန်အားကြီးမားလှသောကြောင့်လည်းကောင်း၊

(၃) လူအများအား ငဲ့ညှာသနားတော်မူသော ကြောင့်လည်းကောင်း၊ ခြေတော်ရာမထင်ကြောင်း အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဒေါ်ဏသုတ်အဖွင့် (၂၉၉)၌ဖွင့်ပြထားသည်။

ဘုရားရှင်၏ ကိုယ်တော် အရေတော်သည် နု့း ညံ့သောကြောင့် ဘုရားရှင်တို့ ခြေချရာ အရပ်သည် ၀ါဂွမ်း လေးများထိရာ ကျရာအရပ်သို့ သာဖြစ်၍ ခြေတော်ရာမထိပေ။

ထို့ အတူ သိန္ဓောမြင်းပျံသည် ပဒုမ္မာကြာရွက်ပေါ်၌ နင်း၍သွားသော်လည်း နင်းကာမတ္တမျှ ဖြစ်၍ ခြေရာမထင်၊ ဤနည်းအတူ အားတော်ဆယ်တန်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ နင်းအပ်ရာအရပ်သည်လည်း၊ ခြေတော်ရာမထင်ပေ။ (န တတ္ထ ပဒ၀လဉ္စော ပညာယတိ)။

ဘုရားရှင်၏ နောက်တော်သို့ လိုက်ပါလာသူ လူအများသည် ဘုရားရှင်၏ ခြေတော်ရာကို မြင်တွေ့ ရလျှင် နင်းဘို့ ကျော်ဘို့ မ၀ံ့ရဲသဖြင့် ရှောင်ကွင်းနေရ၍ ခရီးသွားလာမှု ကြန့် ကြာ နှောင့်နှေးခြင်း ဖြစ်ကြရပေသည်။

ထိုလူများ ငဲ့ညှာသနားတော်မူသဖြင့် ခြေတော်ရာသည် (ထင်လျှင်လည်း) ချက်ခြင်းပင် ကွယ်ပျောက်သွားရလေသည်။

ခြေတော်ရာ ဖူးတွေ့ ရသူများ

ဒေါဏပုဏ္ဏားကြီးကား ဘုရားရှင်၏ အဓိဌာန်တော်မူသောကြောင့်သာ ခြေတော်ရာကိုတွေ့ မြင်
ရခြင်းဖြစ်ပေသည်၊ (အံဌ-၁၊၃၃၅)။

ဘုရားရှင်သည် မြင်စေလိုသူတို့ အား ခြေတော်ရာစေတီ ချ၍ မြင်စေသတည်းဟု အဓိဌာန်တော်မူသည်။ ထို့ ကြောင့် မာဂဏ္ဍီပုဏ္ဏားမိသားစုလည်း ဘုရားခြေတော်ရာကို မြင်တွေ့ ရခြင်းဖြစ်သည်၊ (ဓမ္မပဒဌ-၁၊၁၉၂)။

ထို့ အတူ ဗာဝရီပုဏ္ဏားကြီး ၏တပည့်တို့ သည်လည်း ဘုရားခြေတော်၏ အဓိဋ္ဌာန်တော်မူသောကြောင့်သာ ဇေတ၀န် ကျောင်းတော်အနီး၌ ဘုရားရှင်တော်၏ ခြေတော်ရာကို မြင်တွေ့ ရခြင်းဖြစ်သည်၊ (သုတ္တဋ္ဌ-၁၊၂၉၉)။

အဓိဋ္ဌာန်၍ ချထားအပ်သော ခြေရာတော် စေတီကား ဆင်မြင်းစသော သတ္တ၀ါတို့  နင်းကျော်သွားသော်လည်း မပျက်၊ မိုးကြီးရွာသွန်းလည်း ပျောက်မသွား၊ ဝေရမ္ဘလေ (တိုနေး တိုးလေဗွေ) ကြီးများ ဝှေ့ တိုက်သွားသော်လည်း ပကတိတည်မြဲတိုင်ပင်၊ တည်ရှိနေလေသည်၊ မည်သူ တစုံတစ်ယောက်မျှ မဖျောက်ဖျက်နိုင်ပေ။ (ဓမ္မပဒဋ္ဌ-၁၊၁၂၉)။

ဗုဒ္ဓခြေတော်ရာများ

နမ္မဒါနဂါးမင်းက တောင်းပန်၍ နမ္မဒါမြစ်ကမ်း၌ ခြေတော်ရာတစ်ဆူ၊ သစ္စဗန္ဓရဟန်း တောင်းပန်၍ သစ္စဗန္ဓတောင်ထိပ်၌ တစ်ဆူရှိကြောင်း (သံဋ္ဌ-၃၊၂၅၊ ပံဋ္ဌ-၄၊၂၃၉) အဋ္ဌကထာ
တို့ ၌ မိန့် ဆိုချက်ရှိ၏။

ဤမဃဒေ၀လင်္ကာသစ်ပိုဒ်ရေ ၅၈၀-၌လည်း-

ရှင်တော်ဘုရား၊ လိုတော်အားဖြင့်၊
ပုဏ္ဏား ဒေါဏ၊ ပုတ္တသာရီ
မာဂဏ္ဍီနှင့်၊ ဗာဝရီ ၀တ္ထု
လေးခု ခြင်းတ၊ ထိုကိစ္စမှ
ဌာန အခြား၊ ရပ်တစ်ပါးနှိုက်၊
ရွှေဘွား ညံ့နု၊ ၀ါဂွမ်းစုနှင့်
လွတ်တု အားအန်၊ နောင်ကျန် ထောက်ထား
ကြောင်းသုံးပါးကြောင့်၊ ကြွသွားတိုင်ပင်
ရာမထင်လည်း။

ဟုမာန်လည်ဆရာတော်ကိုယ်တိုင် ဖွဲ့ ဆိုထားသည့်အတိုင်း

(၁) ဒေါဏပုဏ္ဏား၊

(၂) သာရိပုတ္တထေရ်

(၃) မာဂဏ္ဍီ မိသားစု

(၄) ဗာဝရီဝတ္ထု တို့ ၌ ခြေတော်ရာပြသခြင်း လေးဌာန ရှိကြောင်း ဖွဲ့ ဆိုထားသည်။

ထိုးလေးဋ္ဌာနနှင့် နမ္မဒါမြစ်ကမ်း၊ သစ္စဗန္ဓတောင်ထိပ် ခြေတော်ရာ နှစ်ဆူထည့်လျှင် ခြောက်ဋ္ဌာနတို့ ၌ ဗုဒ္ဓမြတ်စွာ၏ ခြေတော်ရာများ ထင်ရှိကြောင်း သိနိုင်သည်။

အရှင်သာရိပုတ္တရာနှင့် ခြေတော်ရာ

အရှင်သာရိပုတ္တရာထေရ်အား ဗုဒ္ဓမြတ်စွာက ခြေတော်ရာချပြတော်မူကြောင်းကို စူဠ၀ဂ္ဂါဒိ အဋ္ဌကထာ (၁၇၆)၌ ဖွင့်ပြထား၏။

ကုက္ကုဋမိတ္တနေသာဒ၀တ္ထု၌ကား ကုက္ကုဋမုဆိုး ထောင်ထားသည့် ကျော့ကွင်းအနီး၌ ဗုဒ္ဓမြတ်စွာခြေတော်ရာ ချထားတော်မူပုံ တွေ့ ရသည်။

ထို့ ကြောင့် အထက်ပါ ခြောက်ဌာနနှင့် ပေါင်း၍ ခုနှစ်ဋ္ဌာနတို့ ၌ ခြေတော်ရာ ချထားကြောင်း သိပါလေ။

ယနေ့ တိုင် ဖူးတွေ့ ရသော ခြေတော်ရာများ

အထက်ပါ ခြေတော်ရာ ခုနှစ်ဆူတွင်လည်း နမ္မဒါမြစ်ကမ်းနှင့် သစ္စဗန္ဓတောင်ရှိ ခြေတော်ရာ
တို့ကား ယနေ့ တိုင်ထင်ရှားရှိနေသေးသည်ဟု ဆိုရပေမည်။

မဟာဝံသကျမ်းအလို သီရိလင်္ကာနိုင်ငံ၊ စေတီပါဒတောင်ထိပ်၌ ယနေ့ တိုင် ခြေတော်ရာ တစ်ဆူထင်ရှားရှိ၏။ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က ချထားတော်မူခဲ့သော ခြေတော်ရာဟု ဆိုကြ၏။

ထို့ ကြောင် ဇမ္ဗူမှာ ဒွေး၊ ယာမှာဧ ဟု ဇမ္ဗူဒိပ်ကျွန်းတွင် ခြေတော်ရာ နှစ်ဆူ၊ သီရိလင်္ကာ၌ လက်ယာခြေတော်ရာ တစ်ဆူဟု ခြေတော်ရာသုံးဆူ လူ့ လောက၌ရှိကြောင်း ရှေးက ဆိုထုံးပြု ခဲ့ကြသည်။

by အရှင်နာယကာလင်္ကာရ

စက်တော်ရာ ၏ အရွယ်ပမာဏ
******************************
ဗုဒ္ဓ စက်တော်ရာ ၏ အရွယ် ပမာဏနှင့် ပတ်သက်၍ စာပေကျမ်းဂန် များ တွင် ရှေး ပညာရှိ များက ပြ ဆိုကြ သည် မှာ.....

(၁) ခြေဖဝါး ၏ အလျားသည် မြတ်စွာဘုရား ၏ အထွာ တော်နှင့် တစ်ထွာ သုံးသစ်၊

(၂) မဇ္ဈိမပုရိသ အနေဖြင့် တစ် ထောင့်ထွာ သုံးသစ်

(၃) သာမန် ပကတိ ပုရိသ အနေဖြင့် နှစ် တောင့်ထွာ ခုနစ် လက်သစ်၊ နှစ်မုယောဟူ၍ ဆိုကြသည်။
ခြေဖဝါးတော် ၏ အနံကို မူ အလျားနှင့် လိုက်ဖက် သော အတိုင်း အတာ အဖြစ် မှတ်ယူကြသည်။
မြတ်စွာ ဘုရား ၏ ခြေဖဝါးတော် ၌ စက်တော်ရာ တည်နေရာ သည် ခြေဖဝါး တော် ၏ အလျား ကို လေးပိုင်း ပိုင်းလျှင် ခြေဖနောင့်တော်ပိုင်း မှ စတင်၍ ဒုတိယပိုင်းဖြစ်သော ဖမျက်တော် အပိုင်းတွင် တည်ရှိသည်ဟု ဆိုသည်။

အချုပ် ဆိုရသော် အိန္ဒိယနိုင်ငံ ရှိ ဗုဒ္ဓဂယာဒေသ သည် မြတ်စွာ ဘုရားရှင် သီတင်းသုံးရာ ဗုဒ္ဓဌာန များဖြစ် သကဲ့သို့ မြန်မာနိုင်ငံ မင်းဘူးဒေသ ရှိ အထက် စက်တော်ရာနှင့် အောက် စက်တော်ရာ ပါဒနှစ်ဆူ သည် မြန်မာ တို့၏ ဗုဒ္ဓဂယာ အဖြစ် ကြည်ညို ပူဇော်နိုင်သော ဗုဒ္ဓဒေသများ ဟု ဆိုနိုင်ပါသည်။

''မြတ်နိုးလှစွာ ခြေတော်ရာ သို့ တစ်ခေါက်ရောက် လျှင် သွားချင်နေကြ လွန်တောင့် တ၍ ဟတ္တသွယ်ပျောင်း၊ လက် ဆယ်ချောင်း ကို ဦးခေါင်း ထိပ်တင် ကြည်လင်မြတ်နိုး ရှိခိုး ပါ၏''

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး

*********************

( by Myanmar Cupid Forum )

သမန္တစက္ခုဒီပနီ တတိယတွဲ ပုစ္ဆာအမှတ်-၇၁ ။ စာမျက်နှာ ၂၃၉-၌အကျယ်ရှုပါ ။
ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေးလျှင် သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးပြာဋိဟာပြနိုင်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။
တို့ဖြစ်သည်။

(ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။)

by Myanmar Cupid Forum (Myanmar Cupid Forum)

::::::::::::::::::::::::::::::::::::::::::::::::::::::::::::

(Dhamma web website
မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ)

(ဤ " Buddha Dhamma Sangha ရတ်ပိပြကာ" Page မှ  ဓမ္မတရားတော် Post များကို အများသူငါ ဖတ်ရှုလေ့လာနိုင်စေရန်အတွက် မည်သူမဆို  ပြန်လည်၍ဝေမျှ Share ခြင်းဖြင့်ကုသိုလ်
ယူနိုင်ကြပါသည်ခင်ဗျာ)
        
(အသိပညာဗဟုသုတနှင့် ကုသိုလ်တရား များတိုးပွားနိုင်ကြပါစေခင်ဗျာ)

No comments:

Post a Comment