Friday, April 22, 2016

မင်္ဂလာရှိသော သင်္ကြန်

((( မင်္ဂလာရှိသော သင်္ကြန် )))

""မင်္ဂလာရှိသော သင်္ကြန်"" တဲ့။

အဲ့ဒီစကားစုမှာ မြန်မာဝေါဟာရဆိုလို့ "ရှိသော" ဆိုတဲ့ စကားလုံးပဲပါတယ်။

"မင်္ဂလာ"က ပါဠိပုဒ်ဖြစ်ပြီး "သင်္ကြန်"ဆိုတာကတော့ သက္ကတဘာသာ ကနေ မြန်မာကို ....ကူးပြောင်းဆင်းသက်လာတဲ့ ပုဒ်။

"ကောင်းမှုဖြင့် မကောင်းမှုတို့ကို ရိတ်ဖြတ်တတ်တာကို မင်္ဂလာ(မင်္ဂံ ပါပံ လုနာတီတိ မင်္ဂလာ)လို့ ခေါ်တာ။

အဖြောင့်အဓိပ္ပာယ်ပြန်ရရင်တော့ ""ကောင်းတဲ့အလုပ်တွေလုပ်ပြီး မကောင်းတဲ့ အလုပ်တွေကို ပယ်ဖျက်တာ မင်္ဂလာ""ပဲ။

"သင်္ကြန်"ဆိုတာကတော့ Samံkranta (သင်္ကြန္တ)ဆိုတဲ့ သက္ကတစကားလုံးကနေ ပြောင်း လာတဲ့ Samံkanta (သင်္ကန္တ)..."ကူးပြောင်းခြင်း "လို့ အဓိပ္ပာယ်ရတဲ့ စကားလုံး။

အဲ့ဒါကို သက္ကတစကားလုံး တိုက်ရိုက်ယူပြီး မြန်မာလို ရေးကြ ပြောကြတော့ "သင်္ကြန်"ဖြစ်လာတယ်။

ဒီတော့ "မင်္ဂလာရှိသောသင်္ကြန်" ဖြစ်ဖို့ဆိုရင်

"ကောင်း တဲ့အလုပ်တွေလုပ်ပြီး မကောင်းတဲ့အလုပ်တွေကို ပယ်ဖျက်နိုင်တဲ့ အကူးအပြောင်း " ဖြစ်ဖို့လိုပါတယ်။

သင်္ကြန်ရောက်ပြီဆိုတာနဲ့ မူးရူး သောက်စား ကခုန်နေကြရုံနဲ့ မင်္ဂလာမဖြစ်ပါဘူး။

နှစ်စဉ် သင်္ကြန်ကျပြီဆိုတာနဲ့-----
- ရန်ပွဲတွေ၊
- သေမှု သေခင်းတွေ၊
- ဆိုင်ကယ်မတော်တဆမှု ကားမတော်မဆမှုတွေ၊
- မူးယစ်ဆေးမှုတွေ၊
- မတော်တရော် သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ...
------------------------စတဲ့ စတဲ့
'အမင်္ဂလာအမှု'များစွာ ကြားကြရ မြင်ကြရပါတယ်။

သင်္ကြန်အပြီး ဆေးရုံရောက်ရ၊ ရဲစခန်းရောက်ရတာတွေ၊ မိဘဆွေမျိုးသားချင်းတွေ မျက်နှာပျက် အရှက်ရစေကြတာမျိုးတွေနဲ့ "မင်္ဂလာရှိသောသင်္ကြန်" ဆိုတာကတော့ ဘယ်လိုမှ မလိုက်ဖက်လှဘူး။

အချို့လူကြီး လူငယ်တွေ၊ ပရဟိတအသင်းတွေ၊ အသင်းအဖွဲ့တွေက ကောင်းမြတ်တဲ့ လုပ်ငန်းတွေနဲ့၊ အချို့က ကိုယ့်အဖွဲ့လေးနဲ့ကို ရေပက်ခံထွက်ပြီး အေးအေးချမ်းချမ်း ပျော်ကြ ရွှင်ကြ၊ တစ်ယောက်ကိုတစ်ယောက်မထိခိုက်စေဘဲ စကြ နောက်ကြနဲ့ ယဉ်ကျေးသိမ်မွေ့စွာ သင်္ကြန်ကာလကို ဖြတ်သန်းဖို့ကြိုးစားကြတာဟာ တကယ့်ကို မင်္ဂလာရှိတဲ့ သင်္ကြန်ပါပဲ။

ဒါကြောင့် မင်္ဂလာရှိသောသင်္ကြန်ဖြစ်ဖို့အတွက် နှစ်ဟောင်းကနေ နှစ်သစ်ကိုပြောင်းတဲ့ အကူးအပြောင်း ကာလမှာ

ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး ကောင်းမြတ်တဲ့ အလုပ်၊ ကောင်းမြတ်တဲ့ အပြောအဆို၊ ကောင်းမြတ်တဲ့ အတွေးအခေါ်တွေနဲ့ ရွှဲရွှဲစိုအောင်လောင်းပြီး

မကောင်း တဲ့ ပြု မူ ပြောဆို ကြံစည်သမျှတွေကို ဆေးကြော ပယ်ဖျက်နိုင်ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မင်္ဂလာရှိသော သင်္ကြန်ရက်များ ဖန်တီးနိုင်ကြပါစေ။

အရှင်ကောသလ္လ (ရေဦး)

၁၂၊ ၄၊ ၂၀၁၆။

No comments:

Post a Comment