((( အွန်လိုင်းသုံးသောရဟန်းတော်များ )))
(2015 - ဒီလိုနေ့က ပို့စ်အဟောင်းပြန်မျှဝေသည်)
------------------------------------------
ဟိုတလောက ကြားလိုက်မိတဲ့မေးခွန်းတစ်ခုရှိတယ်။
""ဘုန်းကြီးတွေဟာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးတယ်။ ဒါဟာ ပြည်သူလူထုပိုက်ဆံကို အကျိုးရှိရှိ အသုံးချတာ ဟုတ်ပါသလား"""တဲ့။
ဒီမေးခွန်းလေးလည်း ဖြေကြည့်ကြပါဦး။
""ရဟန်းတော်တွေဟာ ပြည်သူလူထုရဲ့ လခစားလား""
ရဟန်းတော်အများစုဟာ တောသားတွေဖြစ်ပြီး မချမ်းသာကြတဲ့သူကများတဲ့အတွက် ကိုယ်ပိုင်ငွေမရှိကြတာ များပါတယ်။
များသောအားဖြင့် ကိုယ့်ဆွေမျိုးသားချင်းတွေရဲ့ သဒ္ဓါသလောက်လှူ ဒါန်းထောက်ပံ့မှုနဲ့ ရပ်တည်ကြရတာဖြစ်ပြီးချမ်းသာတဲ့ရဟန်းဒကာရှိရင်တောင်မှ "တစ်လဘယ်လောက်လှူ ပါ" ဆိုတာမျိုးပြောဆို အလှူခံလေ့မရှိကြဘူး။
(တစ်လဘယ်လောက်လှူပါမယ်...ဆိုပြီး ဒကာ/မ တွေဘက်ကလျှောက်ထားတာမျိုး တော့ ရှိကောင်းရှိနိုင်ပါတယ်)။
မြို့နေစာသင်သားရဟန်းတော်များကတော့ ကိုယ်နေတဲ့မြို့က အလှူ ရှင်တွေကိုမှီတည်ပြီး နေကြရတယ်။
ဘယ်ရဟန်းတော်၊ ဘယ်စာသင်တိုက်၊ ဘယ်နာယကဆရာတော်ကမှ ဒီကျောင်း က ဒီသံဃာကို ကိုးကွယ်ရင် အခွန်ဆောင်ရမယ် လခ ပေးရမယ်..လို့ အမိန့်စာမထုတ်ဘူး။ ဥပဒေမပြဌာန်းဘူး။
လွှတ်တော်မှာတက်ပြီး မဆွေးနွေးဘူး။ မလှူ တဲ့သူ ထောင်ကျ အချုပ်ကျအောင် ဖိအားပေးတိုက်တွန်းတာမျိုး မရှိဘူး။ (ကိုယ်မသိတဲ့ အရပ်ဒေသမှာအဲ့လိုရှိနေရင်တော့ ပြန်ပြောပြကြပေါ့လေ)
ရဟန်းတော်တွေသုံးတဲ့ငွေကြေးဟာ ပြည်သူလူထုမျက်ရည်ပေါက်ကြီးငယ်ကျရာက ရလာတဲ့ငွေကြေးမဟုတ်ဘူး။
အတင်းအဓမ္မအခွန်ကောက်ထားတဲ့ငွေမဟုတ်ဘူး။ မသမာတဲ့နည်းနဲ့စီးပွားရှာလို့ရလာတဲ့ ငွေမဟုတ်ဘူး။
ဒီ့အတွက် ရဟန်းတော်တွေ မိုဘိုင်းဖုန်းသုံးတာကို ဟိုအစိုးရဝန်ထမ်းတွေနဲ့ရောပြီး ""ပြည်သူလူထုရဲ့ပိုက်ဆံ"ဆိုတာမျိုးပြောလို့မရတာ အသိဉာဏ်ရှိတဲ့ လူတိုင်း နားလည်ကြတယ်။
တကယ်တော့ အွန်လိုင်းသုံးတဲ့ရဟန်းတော်အများစုဟာ အသက်ငယ်ရွယ်သူများဖြစ်ပြီး၊ နိုင်ငံမကျော်တဲ့သူတွေကများပါတယ်။
တစ်ဖက်ကလည်း အွန်လိုင်း (အထူးသဖြင့်...လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့စ်ဘုတ်)မှာ တွေ့ရတတ်တာ၊ အသုံးများကြတာက လူငယ်တွေက အများစုပါပဲ။
ဒီတော့လူမှုကွန်ယက်ဆိုတဲ့အတိုင်း(ရဟန်းမှုကွန်ယက်မှ မဟုတ်တာဟု ဇွတ်ငြင်းလျင်တော့ မတတ်နိုင်) နေရာဒေသအသီးသီးက အဆိုး အကောင်း အသီးသီးဟာ အကြောင်းအရာ အသီးသီးနဲ့ ယှက်နွယ်ပတ်သက်လာမှာ မလွဲပါဘူး။
ဥပမာပြောရရင်တော့ ရဟန်းတော်တွေ ဈေးထဲသွားတဲ့ အခါ ကိုယ်ဝယ်ချင်တာ ရဟန်းအသုံးအဆောင်ဖြစ်ပေမယ့် ကိုယ်နဲ့မဆိုင်တဲ့ လူငယ်အသုံးအဆောင်၊ မိန်းမ အသုံးအဆောင်...စတာတွေကို မလွဲမသွေတွေ့ကြရသလိုပါပဲ။
(မဆိုင်ဘဲ - ပြီးတော့ အခြားအကြောင်းလည်း အထူးမရှိပါဘဲ-ဝင်မိရင်တော့ ရဟန်းတော်တန်မယ့် ဒီလိုဆိုင်ဝင်ရကောင်းလား ဆိုပြီး အပြစ်ဆိုလာနိုင်ပါတယ်)။
ဒါ့အပြင်...အွန်လိုင်းသုံးရင် မကောင်းတာ၊ မဟုတ်တာတွေလုပ်မယ်၊ ကြည့်မယ် ဆိုတဲ့အယူအဆ ကတော့ လွန်ခဲ့တဲ့နှစ်၁၀၀က အယူအဆမျိုးပဲလို့ ထင်တယ်။
နယ်လှည့်မသွားနိုင်တဲ့၊ နိုင်ငံမကျော်တဲ့ရဟန်းတော်တွေဟာ သူတို့သိတဲ့ အသိဉာဏ်တွေ၊ ဗုဒ္ဓရဲ့ဓမ္မတွေ၊ လူမှုရေး,ပညာရေး,နိုင်ငံရေးစတာတွေကို ကမ္ဘ္ဘာအနှံ့ရောက်အောက် တတ်နိုင်သလောက် ဖြန့်ဝေခွင့်၊ ပြောဆိုရေးသားခွင့်၊ လမ်းညွှန်ခွင့်၊ ဆွေးနွေးခွင့်တွေ ရ ကြတယ်။
ဒီတော့ ""အွန်လိုင်းမှာ မကောင်းတဲ့ကိုယ်တော်မရှိဘူးလား...""လို့မေးစရာရှိတယ်။ ရှိမှာပေါ့။ တစ်ဖက်နဲ့တစ်ဖက် လူအမှန် နာမည်အမှန်မှ မသိရဘဲ။
လွယ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ မကောင်းဘူးထင်ရင် ဘလော့(Block)လိုက်။ reportတင်လိုက်ပေါ့။ သူ့ကိုဘယ်သူမှ လက်မခံတော့ရင် သူဘယ်သူ့ကို ဘာပြောလို့ ဘာလုပ်လို့ရတော့မလဲ။
အွန်လိုင်းပေါ်ကထုံးစံအတိုင်း လူတွေအကြောင်းဖြစ်ဖြစ်၊ ရဟန်းတွေအကြောင်းဖြစ်ဖြစ် ကောင်းတာထက် မကောင်းတာကိုသာ Like ကြ, Share ကြ, cmtထဲဝင်ဆဲကြတာများတယ်။
ကောင်းတာလုပ်ရင်တော့မသိချင်ယောင်ဆောင်ကျော်သွား၊ စာရှည်ရင် မဖတ်ချင်၊ အရုပ်မြင်ရင် ပြူးပြဲကြည့်နဲ့....အကျိုးရှိမယ့် စာကျ ရှည်လို့ မဖတ်၊ ဆဲတဲ့စာတစ်ကြောင်းလောက်ဆိုရင် ဆဲတာကတစ်ခွန်းတည်း...အောက်ကcmtမှာ ဝင်ဆဲကြတာက ရာထောင်ချီ။
"ဒါမျိုး ဖြစ်သင့်သလား" ဆိုပြီး Shareကြနဲ့ အဲ့ဒီဆဲစာက ပျံ့ပြီ။ ဘာမှမပြောဘဲပစ်ထားလိုက်ရင် သူ့ဘာသာသေသွားမယ့်ကိစ္စ၊ ဝိုင်းဆဲမှ နာမည်ကြီးသွားရော။
အင်း....အခုတောင်စာကရှည်သွားပြီ။ ဆဲဖို့စောင့်နေတဲ့သူတွေ စိတ်မရှည်ဖြစ်ရင် ဒုက္ခ။ ဝိုင်းဝန်းထိန်းသိမ်းနိုင်ကြပါစေ။
မှတ်ချက်။ ။ဤပို့စ်ကို တန်းစီတိုးပြီးဝယ်ထားရသောတယ်လီနော်လိုင်းကဒ်နှင့် ကိုယ့်ဘေလ် ကိုယ်ဖြည့်ပြီး လျှောက်ထားသော အင်တာနက်လိုင်းဖြင့် တင်သည်။
အရှင်ကောသလ္လ(ရေဦး)
၁၀-၄-၂၀၁
No comments:
Post a Comment