Tuesday, May 31, 2016

ဘုရားကဖန်ဆင်းတာမဟုတ်

မဟုတ်ပါဘူး
လူဖြစ်ပြီး လူ့ ကျင့်ဝတ်ဖေါက်ဖျတ်ရင်
အပါယ်ကျမယ်
ရဟန်းဖြစ်ပြီး ရဟန်းကျင့်ဝတ်ဖေါက်ဖျက်ရင်
အပါယ်ကျမယ်
အာပတ်သင့်တယ်ဆိုတာ အပြစ်ပြုလုပ်ထားတာပါ ရဟန်းအတွက်
သီလစင်ကျယ်မှု့မရှိပါဘူး
သီလမစင်ကျယ်တဲ့အတွက် သေတဲ့အချိန်မှာ အကုသိုလ်က အကျိုးပေးပြီး အပါယ်ကျတတ်တာပါ
မိမိရဲ့ သီလမစင်ကျယ်မှု့က မိမိကို အပါယ်ကျစေတာပါ
လူ့ ဘဝမှာလို ပေါ့ ပြစ်မှု့ကျုးလွန်ထားသူတွေဟာ
မိမိကျူးလွန်ထားတဲ့ပြစ်မှု့အလျှောက်တော့ ခံကြရတာပါပဲ အဲဒီသဘောပါ
ဂေါတမ ဘုရားရှင်ဟာ ဘာတခုမှ မဖန်ဆင်းပါဘူး သတ္တဝါတွေဟာ မိမိတို့ ရဲ့ ပြုလုပ်ခဲ့တဲ့ကံတွေအလိုက် ပြန်ခံ ပြန်စံကြရတာပါ
တန်ခိုးတော်အနန္တရှိတယဆိုတာဟာ
ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေ ပြည့်လို့ 
ရတာပါ ဒါပေမဲ့ ဘာတခုမှ တန်ခိုး နဲ့ 
မဖန်ဆင်းပါဘူး

ဥပမာတစ်ခု ထပ်ပေးပရစေ
ရာသီသုံးပါးစလုံး ကောင်းမွန်စွာ
နေနိုင်ဖို့ အိမ်ဆောက်ထားသလို
ပါပဲ  ဒီဆောက်ထားတဲ့အိမ်ကို ဖြို
မပြစ်ပါနဲံ့ အကယ်၍ဖြိုဖျက်ပြစ်ခဲ့
မယ်ဆိုယင် ရောဂါဘယပေါင်းစုံ
နှင့် ဒုက္ခပေါင်းစုံကို ခံစားရမှာ အ
သေခြာပါပဲ     ထို့အတူ သံသရာမှာကို့ကိုယ်ကိုယ် စောင့်
ထိမ်းအပ်တဲ့ သီလဆိုတဲ့  အိမ်ကို
ဖျက်စီးခဲ့မယ်ဆိုယင်လည်း  ဆင်း
ရဲဒုက္ခပေါင်းစုံကို  ရရှိခံစားရမယ်
ဆိုတာ  သဘာဝတရားပဲ မို့လားဗျာ

ဗုဒ္ဓဘာသာတန်ဘိုးကြီးမားပုံ

ဗုဒ္ဓဘာသာတန်ဘိုးကြီးမားပုံ
-------------------------

ဓမ္မိလတံငါသည်ဟာ သေခါနီးမှာ အော်ဟစ်ရုန်းကန်နေခဲ့တယ်
စူဠနာဂတိဿမထေရ်ဟာ ဆွမ်းခံကြွရင်းတွေ့ တာနဲ့ 
သရဏဂုံနဲ့ ငါးပါးသီလကို နုတ်ကနေ ချပေးပြီး
လိုက်ဆိုခိုင်းခဲ့တယ် ဝေဒနာပြင်းထန်တဲ့အတွက်
ပါးစပ်ကတောင်မဆိုနိုင်ပဲစိတ်ထဲကပဲ လိုက်ဆ်ုခဲ့တာ
သရဏဂုံပဲဆိုပြီးသေးတယ် ငါးပါးသီလတောင်
မရောက်သေးဘူး အသက်ထွက်သွားတယ်
သရဏဂုံအကျိုးကြောင့် ငရဲကျမှာကနေ
စတုမဟာရာဇ်နတ်ဘုံမှာ နတ်သားဖြစ်သွားတယ်

တဗ္ဗဒါဋ္ဌိက ဆိုတဲ့လူသတ်ဗိုလ်ကြီးဟာ ၅၅ နှစ်
လူသတ်ခဲ့ပေမဲ့ သေခါနီးမှာ တရားကိုအာရုံပြုနိုင်ခဲ့လို့ 
သေတော့ သူလည်းနတ်ပြည်ရောက်သွားခဲ့တယ်

မဋ္ဌကုဏ္ဌလီသူတို့ သားဟာ တသက်လုံးမိစ္ဆာဒိဋ္ဌိ
ဖြစ်လာခဲ့ပြီးမှ သေခါနီးမှာ ဘုရားကိုကြည်ညိုတဲ့စိတ်
ကလေးတခါပဲဖြစ်ခဲ့တယ် အဲဒီစိတ်ကြောင့်ပဲ
သူလည်း နတ်ပြည်ရောက်သွားတယ်

သူများအလှုလုပ်လို့  သာဓုခေါ်ယုံလေးနဲ့ 
နတ်ပြည်ရောက်သွားသူတွေလည်း ပိဋကတ်
သုံးပုံထဲမှာ အထင်အရှားရှိတယ်

တကယ်တော့ဗုဒ္ဓဘာသာတွေမှာ ဘုရားတရားနဲစပ်တဲ့
ကုသိုလ် သေးသေးလေးလောက်ကပဲ နတ်ပြည်
စတဲ့ ချမ်းသာကို ပေးစွမ်းနိုင်ပါတယ်

ဒါ့ကြောင့် ဗုဒ္ဓက

ငါဘုရားရှင်ရဲ့တရားတော်ကို နည်းနည်းလေး
သေးသေးလေးဆိုပြီး မလေးမစားမလုပ်ကြနဲ့ 
လို့ မိန့် ခဲ့ဘူးပါတယ်

ဗုဒ္ဓဘာသာဝင်များ ကိုယ့်ဘာသာရဲ့တန်ဘိုးကို
နားလည်နိုင်ကြပါစေ

share

သတိနဲ့မနေတဲ့စိတ်ဟာ အရူးလိုပါပဲ

သတိနဲ့မနေတဲ့စိတ်ဟာ အရူးလိုပါပဲ
***************************

မီးလောင်ခံရမှ ဆင်းရဲဒုက္ခရောက်တယ် မထင်နဲ့
ရေနစ်၊ရေကြီးရင်လည်း ဆင်းရဲဒုက္ခရောက်တာပဲ
ဆင်းရဲတာမှ ဒုက္ခရောက်တယ် မထင်နဲ့
ချမ်းသာရင်လည်း ဒုက္ခရောက်နေတာပဲ
မုန်းမှ စိတ်ပူလောင်ရတာမဟုတ်ဘူး
ချစ်ရင်လည်း စိတ်ပူလောင်ရတာပဲ
လောကဓံတရားရှစ်ပါးဆိုတာ ဆန့်ကျင်ဘက်တရားတွေပဲ
အပြန်အလှန်ဒုက္ခရောက်နေကြတာ
လောကဓံမုန်တိုင်းနဲ့ကြံ့ခိုင်သည့်စိတ်ထား
ဘယ်လိုထားမလဲဆိုတာပဲ အရေးကြီးတယ်

သက်ဆိုးရှည်တယ်ဆိုတာ လောဘ ဒေါသ မောဟ အကုသိုလ်မကင်းပဲနဲ့ အသက်ရှင်နေတာ
သက်ကောင်းရှည်တယ်ဆိုတာ ကုသိုလ်ကောင်းမှုတွေများများလုပ်ရင်းနဲ့ အသက်ရှင်နေတာ

ငွေ၊ဂုဏ်၊ ရာထူး စည်းစိမ်နောက်လိုက်ရင်းနဲ့ မိသားစုနဲ့ ဝေးသထက် ဝေးနေကြရတယ်
ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့ အတူမနေရတဲ့ နေ့တွေ ပိုများလာတယ်
ကိုယ်ဆောက်ထားတဲ့ တိုက်ကြီးပေါ်မှာ နေရတဲ့ ရက်တွေ မရှိသလောက် ရှားလာတယ်
ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ အချိန်မရှိသလောက် ဖြစ်လာတယ်

သာသနာထွန်းကားတယ်ဆိုတာ အမှန်တရားကို သိရှိတာ လက်ခံတာ လိုက်နာကျင့်သုံးတာ
သာသနာကွယ်တယ်ဆိုတာ အမှန်တရားကို မသိတာ လက်မခံတာ မလိုက်နာမကျင့်သုံးတာ

ကြောက်တဲ့စိတ်နဲ့ကြည့်ရင် တစ်လောကလုံးက ကြောက်စရာချည်းပဲ
သံသယစိတ်နဲ့ကြည့်ရင် အရာရာကို သံသယဖြစ်စရာချည်းပဲ
အားကိုချင်တဲ့စိတ်နဲ့ကြည့်ရင် အကုန်လုံးက အားကိုချင်စရာချည်းပဲ
လိုချင်တဲ့စိတ်နဲ့ကြည့်ရင် အရာရာ လိုချင်စရာချည်းပဲ
စားချင်တဲ့စိတ်နဲ့ကြည့်ရင် အရာရာ စားချင်စရာချည်းပဲ
အရာရာစိတ်ပဲ စိတ်က ဖန်ဆင်းထားတာပါပဲ
အရာရာရှိတာမဟုတ်ပဲ စိတ်ရဲ့သတ်မှတ်ချက်တွေပဲ ရှိနေတာ
စိတ်က လက်ခံရင် လက်ခံသလို ဖြစ်တာပါပဲ
ဦးနှောက်နဲ့တော့ ဥာဏ်မှီမှာမဟုတ်ဘူး
ဦးနှောက်ကတော့ တိရိစ္ဆာန်တွေမှာလည်း ရှိတာပဲ
ဦးနှောက်ဆိုတာ အကန့်အသတ်ရှိတယ်
ကိလေသာရဲ့ လက်နက်ပဲ
ကိလေသာကတော့ တကယ်ရှိတာကို ဘယ်သိပါ့မလဲ
ဖန်ဆင်းထားတာတွေ သတ်မှတ်ထားတာတွေကို သိမှာပဲ

ပညတ် ပရမတ် သိတာနဲ့လည်း မမြတ်သေးဘူး
ပညတ် ပရမတ် ကွဲတာနဲ့လည်း မမြတ်သေးဘူး
ပညတ် ပရမတ် နှစ်ခုစပ် သိတတ်သူက မြတ်

သတိမရှိရင် ၁ စက္ကန့် ၁ မိနစ် ၁ နာရီ အတွင်းမှာ
အကုသိုလ်စိတ်တွေ လှေတွေ လှည်းတွေ ကားတွေနဲ့
တိုက်လို့ မကုန်နိုင်အောင် များလွန်းလှတယ်
သတိနဲ့မနေတဲ့စိတ်ဟာ အရူးလိုပါပဲ

တရားအားထုတ်တယ်ဆိုတာ စိတ်ကိုပြင်တဲ့ အလုပ်ပါပဲ
မြတ်စွာဘုရား နောက်ဆုံးသာသနာမှာ စိတ်ကိုပြင်ဖို့ အရေးတကြီးလုပ်သင့်ပါပြီ။

Posted by ဆရာတော်ကြီးများ၏ဆုံးမဩ၀ါဒများ

ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကတို့၏ ခြားနားချက်"

"ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကတို့၏ ခြားနားချက်"

*****-*-*******-*-*---*--------******

Q. ဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့၏ တူပုံနှင့် ခြားနာပုံများကို
အသေးစိတ်လေးများ သိရှိခွင့်ရရင် သိရှိလိုပါသည်
အရှင်ဘုရား။(www.bbfse.org)

A. ဘုရား၊ ပစ္စေကဗုဒ္ဓတို့ရဲ့ ခြားနားချက်ကို မပြောခင် ဗောဓိနဲ့၊ ဗောဓိသတ္တအကြောင်းကို အရင်ပြောပြဖို့ လိုပါတယ်။ ဒီလို ဗောဓိအကြောင်းကို ပြောမယ်ဆိုရင် သာဝကအကြောင်းလည်း ထည့်ပြောရမှာဖြစ်လို့ မေးခွန်းထဲမှာ မပါပေမယ့် ဒီနေရာမှာ သာဝကအကြောင်းကိုပါ ထည့်သွင်းပြောကြားပေးမှာ ဖြစ်ပါတယ်။ ဗောဓိဆိုတာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်တွေကို ပြောတာဖြစ်ပြီး ဒီဉာဏ်တော်တွေကို ရဖို့ကြိုးစားကာ ပါရမီဖြည့်ကြတဲ့ အလောင်းတော်တွေကို ဗောဓိသတ္တလို့ ဆိုတာဖြစ်ပါတယ်။

"ဗောဓိသုံးမျိုးနဲ့ ဗောဓိသတ္တများ "
---------------------------------
ဒီဗောဓိ၊ ဗောဓိသတ္တများဟာ အမျိုးအစားအနေနဲ့
သုံးမျိုးသုံးစား ရှိပါတယ်။ အဲဒါတွေကတော့
၁။ သမ္မာသမ္ဗောဓိ
၂။ ပစ္စေကဗောဓိ
၃။ သာဝကဗောဓိ ဆိုတဲ့ ဗောဓိသုံးမျိုးနဲ့
ဒီဗောဓိဉာဏ်ကို ရရှိဖို့ ပါရမီဖြည့်ကျင့်ကြတဲ့
ဗောဓိသတ္တများဟာလည်း
သမ္မာသမ္ဗောဓိသတ္တ
ပစ္စေကဗောဓိသတ္တ
သာဝကဗောဓိသတ္တ ဆိုပြီး သုံးမျိုးသုံးစား ကွဲပြားကြပါတယ်။
ပါရမီဖြည့်ကျင့်တယ်ဆိုတာ
ဒါန၊ သီလ၊ နေက္ခမ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာဆိုတဲ့ ပါရမီဆယ်းပါးကို ဘဝအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ဆည်းပူး ကြိုးစားအားထုတ်ခြင်းကို ဆိုတာဖြစ်ပါတယ်။

ဒီဉာဏ်တွေကိုရဖို့ ပါရမီဖြည့်ကြတဲ့ အလောင်းတော်တွေဟာ ပါရမီပြည့်မြောက်ပြီး အဲဒီဉာဏ်အသီးသီးကို ရရှိတော်မူပြီးတဲ့
အခါမှာတော့
၁။ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို သဗ္ဗညုမြတ်စွာဘုရား (အလုံးစုံးကို သိတော်မူတဲ့ဘုရား)
၂။ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့
ပုဂ္ဂိုလ်သူမြတ်ကို ပေစ္စေကဗုဒ္ဓ (ဘုရားငယ်)
၃။ သာဝကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို (တပည့်သားအရိယာ သာဝက) လို့ ဖြည့်ကျင့်ပြီး ရရှိတဲ့
ဗောဓိဉာဏ်အလိုက် အမည်အဆင့်အတန်း ကွဲပြားကြပါတယ်။

"အလောင်းတော်များနဲ့ ပါရမီဖြည့်ရာကာလ "
-----------------------------------------------
သမ္မသမ္ဗောဓိသတ္တခေါ် သဗ္ဗညုမြတ်စွာဘုရားဖြစ်ဖို့ ပါရမီဖြည့်ကျင့်တော်မူကြတဲ့ ဘုရားလောင်းတွေ အနေနဲ့ ပွင့်တော်မူပြီး ဘုရားတစ်ဆူဆူထံမှာ “ဘယ်အချိန်မှာ ဧကန်မုချ ဘုရားဖြစ်လိမ့်မယ်”လို့ နိယတဗျာဒိတ် ရရှိတော်မူပြီးတဲ့နောက်မှာ . . .

♦ ပညာကို အဓိကထားကျင့်တဲ့ ပညာဓိက ဘုရားလောင်းဆိုရင်
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊
♦ သဒ္ဓါကို အဓိကထားကျင့်တဲ့ သဒ္ဓါဓိက ဘုရားလောင်းဆိုရင်
ရှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊
♦ ဝီရိယကို အဓိကထားကျင့်တဲ့ ဝီရိယာဓိက ဘုရားလောင်းဆိုရင် တစ်ဆယ့်ခြောက်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာအောင်

ပါရမီတော်တွေကို ဖြည့်ကျင့်တော်မူပြီး ပါရမီတော်
အထွတ်အထိပ်ကို ရောက်တော်မူတဲ့ အခါမှာတော့
ဆရာမရှိဘဲ မိမိကိုယ်တိုင် ထိုးထွင်းပြီး သစ္စာလေးပါးတရားကို သိတဲ့မဂ်ဉာဏ်၊ ဘာပဲဖြစ်ဖြစ် အလုံးစုံအကုန်လုံးကို အကြွင်းမဲ့ သိမြင်တော်မူတဲ့ သဗ္ဗညုတဉာဏ်ဆိုတဲ့ သမ္မာသမ္ဗောဓိဉာဏ်တော်ကို ရရှိတော်မူပါတယ်။ အဲဒီလို သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ လောကသုံးပါးမှာ အတုမရှိ၊ အတူမရှိတဲ့ ပုဂ္ဂိုလ်သူမြတ်ကို
သမ္မာသမ္ဗုဒ္ဓ (သဗ္ဗညုမြတ်စွာဘုရား)လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

♦ ပစ္စေကဗောဓိသတ္တခေါ် ပစ္စေကဗုဒ္ဓါ
အလောင်းအလျာတွေ အနေနဲ့
"နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း" ကာလကြာအောင် ပါရမီတွေကို ဖြည့်ကျင့်တော်မူပြီး ပါရမီပြည့်မြောက် အထွတ်အထိတ်ကို ရောက်တဲ့အခါမှာတော့ ဆရာမရှိဘဲ မိမိကိုယ်တိုင် ထိုးထွင်းပြီး သစ္စာလေးပါးကိုသိတဲ့ မဂ်ဉာဏ်လို့ခေါ်တဲ့ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပါတယ်။ အဲဒီလို ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို ပစ္စေကဗုဒ္ဓ (ဘုရားငယ်)လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

♦ သာဝကဗောဓိသတ္တခေါ် သာဝက အလျောင်းအလျာတွေ
အနေနဲ့
♠ အဂ္ဂသာဝကလောင်း
(အရှင်သာရိပုတ္တရာ၊ အရှင်မဟာမေဂ္ဂလာန်တို့လိုမျိုး) ဆိုရင်
" တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း"၊
♠ မဟာသာဝကလောင်း
(အရှင်ကောဏ္ဍည၊ အရှင်အာနန္ဒာစတဲ့
ရဟန္တာမထေရ်ကြီးတွေလိုမျိုး) ဆိုရင်
"ကမ္ဘာတစ်သိန်း" ၊
♠ ပကတိသာဝက (သာမန်အရိယာ သာဝကမျိုး) ဆိုရင်
"ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင်"
စတဲ့ ကာလကြာအောင်
ပါရမီတွေကို ဖြည့်ကျင့်ပြီး ပါရမီပြည့်မြောက်တဲ့ အခါမှာတော့ မြတ်စွာဘုရားလို့ခေါ်တဲ့ ဆရာရှိမှ သစ္စလေးပါးကိုသိတဲ့
မဂ်ဉာဏ်လို့ခေါ်တဲ့ သာဝကဗောဓိဉာဏ်ကို ရရှိတော်မူပါတယ်။

အဲဒီလို သာဝကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့
ပုဂ္ဂိုလ်သူမြတ်များကို အဆင့်အတန်းအလိုက်
အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကဆိုတဲ့ အမည်အသီးသီးနဲ့ သာဝကဗုဒ္ဓလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

ဒါက ဆုပန်ပြီး ပါရမီဖြည့်ကျင့်ကြတဲ့ သာဝကတွေအတွက် ပြောတာဖြစ်ပါတယ်။ ဆုမပန်ဘဲ သာမာန်ကိလေသာကုန်ခမ်း
ရဟန္တာဖြစ်ကာ နိဗ္ဗာန်ဝင်ဖို့အတွက်တော့ သီးသန့်သတ်မှတ်ချက်နဲ့ ပါရမီဖြည့်ကျင့်ရာကာလ အတိအကျ မရှိပါဘူး။

ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကတွေရဲ့ လုပ်ငန်းစဉ်
အထက်မှာ ပြောခဲ့သလို ပါရမီတွေကို အသီးသီးဖြည့်ကျင့်ပြီး သမ္မာသမ္ဗုဒ္ဓလို့ခေါ်တဲ့ သဗ္ဗညုမြတ်စွာဘုရားအဖြစ်၊ ပစ္စေကဗုဒ္ဓလို့ခေါ်တဲ့ ပစ္စေကဗုဒ္ဓါအဖြစ်၊ တပည့် အရိယာသာဝကလို့ခေါ်တဲ့ သာဝကဗုဒ္ဓအဖြစ်ကို ရရှိတော်မူကြတဲ့ ပုဂ္ဂိုလ်သူမြတ်များထဲမှာ သဗ္ဗညု မြတ်စွာဘုရားရှင်တို့ကို တာရယိတုပုဂ္ဂိုလ် (ကိုယ်တိုင်လည်း သံသရာမှ ကူးမြောက်ပြီး ဝေနေယျတို့ကိုလည်း သံသရာမှ ထုတ်ဆောင်ကယ်တင်တော်မူတဲ့ အမြတ်ဆုံးပုဂ္ဂိုလ်)လို့ ခေါ်ဆိုပါတယ်။ မှန်ပါတယ်။

အလုံးစုံကို အကြွင်းအကျန်မရှိ အကုန်အစင် သိတော်မူတဲ့
သဗ္ဗညုတဉာဏ်ကို ရရှိတော်မူတဲ့ မြတ်စွာဘုရားရှင်ဟာ သစ္စာလေးပါးတရားတော်ကို ကိုယ်တော်တိုင်လည်း ထိုးထွင်းပြီး သိတော်မူသလို ကိုယ်တော်မြတ် သိတော်မူတဲ့ အတိုင်းလည်း
ကျွတ်ထိုက်တဲ့ သတ္တဝါဝေနေယျတွေကို သူတို့ရဲ့
အလိုဆန္ဒကိုလိုက်ပြီး သစ္စာတရားကို သိအောင်ဟောပြော ချေချွတ်တော်မူနိုင်တဲ့အတွက် အတုမရှိ တာရယိတုပုဂ္ဂိုလ်မြတ် ဖြစ်ပါတယ်။ ဒီလို သတ္တဝါ ဝေနေယျတွေရဲ့ အလိုကိုသိပြီး သစ္စာတရားကို ဟောကြားပေးနိုင်မှုဟာ သဗ္ဗညုတ ဘုရားရှင်တွေပဲ စွမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အနှိုင်းမဲ့ဗုဒ္ဓ၊ အလုံးစုံကို အကုန်အစင်
သိတော်မူတဲ့ ဘုရား၊ အတုမရှိမြတ်စွာလို့ ဆိုခြင်း ဖြစ်ပါတယ်။

♠ ပစ္စေကဗုဒ္ဓါတို့ကိုတော့ စာလို တရိတပုဂ္ဂိုလ်
(မိမိကိုယ်တိုင်သာ သံသရာမှ ကိုယ်စွမ်းဖြင့်
ကူးမြောက်နိုင်ပြီး သူတပါးတို့ကို သံသရာမှ
ထုတ်ဆောင်ကယ်တင်မှု မပြုနိုင်တဲ့ ပုဂ္ဂိုလ်) လို့ ခေါ်ဆိုပါတယ်။
မှန်ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သဗ္ဗညုမြတ်စွာဘုရားရှင်များ ဖြစ်ပွင့်တော်မူတဲ့ အခါကာလမျိုးမှာ ဖြစ်ပွင့်ခြင်းမရှိဘဲ ဘုရားရှင်တစ်ဆူဆူတို့ရဲ့ ကြားကာလဖြစ်တဲ့ သာသနာပကာလမှာပဲ ပွင့်တော်မူကြပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သဗ္ဗညုဘုရားရှင်တွေလို သစ္စာတရားကို ကိုယ်တိုင်လည်းသိ၊ သူတပါးကိုလည်း သိစေနိုင်တာမျိုး မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်သာ ဆရာမကူဘဲ သစ္စာတရားကို ထိုးထွင်းသိမြင်နိုင်ပြီး သူတပါးတွေကို သိအောင်ဟောပြနိုင်ခြင်း မရှိပါဘူး။ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ ပဋိဝေဓတရား အနက်သဘောကို ကိုယ်တိုင်သိမြင်ပေမယ့် အဲဒီမဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ တရားကို နာမပညတ်တင်ကာ သူတပါးတို့သိအောင် ဟောပြောနိုင်စွမ်း မရှိပါဘူး။

ဒါကြောင့် အဋ္ဌကထာ ဆရာတွေက “ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ရဲ့ သစ္စာလေးပါး တရားကို သိမြင်ခြင်းဆိုတဲ့ ဓမ္မာဘိသမယကို စကားမပြောတတ်သူ အိမ်မက်မက်ခြင်းနဲ့တူကြောင်း ဥပမာပေး ပြောဆိုကြခြင်း ဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်တွေဟာ ရဟန်းပြုချင်ကြတဲ့ သူတပါးတို့ကို ရဟန်းပြုပေးပြီး “ဒီလိုသွား၊ ဒီလိုနေ၊ ဒီလိုထိုင်၊ ဒီလိုပြော” စသဖြင့် အာဘိသမာစရိက ကျင့်ဝတ်ကို သင်ကြားပေးတော်မူနိုင်ပေမယ့် “ဒီလိုရုပ်နာမ်ကို ခွဲခြားပြီး လက္ခဏာယဉ် တင်ရမည်၊ ဒီလို ရှုမှတ်ရမည်” စသဖြင့် နာကြားသူတွေကို မဂ်ဖိုလ်ရောက်လောက်အောင် တရားဓမ္မ ဟောပြောပြသတော် မမူနိုင်ကြပါဘူး။ ဒါကြောင့် ပစ္စေက ဗုဒ္ဓအရှင်သူမြတ်တွေကို ကိုယ်တိုင်သာသိပြီး သူတပါးကို သိစေတော်မမူနိုင်တဲ့ အငယ်စားဘုရား၊ ဘုရားငယ်လို့ ခေါ်ဆိုတော်မူခြင်း ဖြစ်ပါတယ်။

♦ သာဝကဗုဒ္ဓဖြစ်တော်မူကြတဲ့ တပည့်သား
အရိယာသာဝကတွေကို "တာရိတပုဂ္ဂိုလ်"
(အထုတ်အဆယ် အကယ်အတင်ခံပုဂ္ဂိုလ်)
လို့ ခေါ်ပါတယ်။ ဒီနေရာမှာ သာဝကဗုဒ္ဓလို့ သုံးလိုက်တဲ့အတွက်
ဗုဒ္ဓဆိုတဲ့ စကားလုံးကို မြတ်စွာဘုရားရှင်လိုမျိုး ဘုရားလို့ အဓိပ္ပါယ် အမှတ်မလွဲဖို့လိုပါတယ်။ ဒီမှာပြောတဲ့ ဗုဒ္ဓဆိုတာ သစ္စာတရားကို သိမြင်ခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးတဲ့စကားလုံး ဖြစ်ပြီး
တပည့်သာဝကအနေနဲ့ သစ္စာတရားကို သိခြင်းလို့
ဆိုလိုတာ ဖြစ်ပါတယ်။

အချို့က အရှင်သာရိပုတ္တရာလောင်း ဥပတိဿပရိဗိုဇ်ဟာ အရှင်အဿဇိ မထေရ်ထံမှ တရားတော်ကို နာယူပြီး သောတာပတ္တိမဂ်ဖိုလ်၌ တည်တော်မူတဲ့ အချက်ကိုထောက်ပြီး တပည့်သား အရိယာသာဝကတို့ကို ကိုယ်တိုင်လည်း အကယ်တင်ခံ၍ သူတပါးတို့ကိုလည်း ကယ်တင်တော်မူတတ်တဲ့ (တာရယိတု)ပုဂ္ဂိုလ်လို့ ထင်မှတ်တတ်ပါတယ်။ တကယ်တော့ တပည့်သား အရိယာ သာဝကတို့ ဟောကြားကြတဲ့ တရားများဟာ မြတ်စွာဘုရားရှင်ထံမှ စတင်ဖြစ်ပေါ်တော်မူခဲ့တဲ့အပြင် ဘုရားရှင်၏ လမ်းညွှန်မပါဘဲ ကိုယ်တိုင်သီးခြား နည်းတပါးနဲ့ ဟောကြားခြင်း မဟုတ်တဲ့အတွက် တပည့်သား အရိယာသာဝကတွေကို တာရယိတုပုဂ္ဂိုလ်လို့ မခေါ်နိုင်ပါဘူး။ ဒါကြောင့် တပည့်သာဝက အရိယာတွေကို ဆရာမရှိဘဲ သစ္စာလေးပါးကို မသိနိုင်ဘဲ ဆရာအကူအညီ ရမှသာ သစ္စာလေးပါးကို ဟောကြားနိုင်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို ရနိုင်တဲ့အတွက် တာရိတပုဂ္ဂိုလ်လို့ပဲ ခေါ်ဆိုနိုင်တာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ လူတော်တော်များများ မရှင်းဘဲ ဖြစ်နေကြတဲ့ ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကတို့ရဲ့ ခြားနားချက်လေးတွေကို အထိုက်အလျောက် နားလည်သဘောပေါက်နိုင်မယ်လို့ ထင်ပါတယ်။ မေးခွန်းရှင် မေးထားသလို ဘုရားနဲ့ ပစ္စေကဗုဒ္ဓတို့ရဲ့ တူညီချက် ခြားနားချက်ကိုပဲ သီးသန့်ထုတ်ပြောပါဆိုရင်တော့ ဘုရားနဲ့ ပေစ္စကဗုဒ္ဓတွေဟာ ဖြည့်ကျင့်တော်မူကြတဲ့ ပါရမီ အရေအတွက်၊ ဖြည့်ကျင့်ပုံ တူညီခြင်း၊ သစ္စာလေးပါး တရားတော်ကို ဆရာမကူဘဲ ကိုယ်တော်တိုင် ထိုးထွင်း၍ သိမြင်တော်မူခြင်း ဆိုတဲ့ အချက်တွေလောက်တော့ တူညီတယ်လို့ ပြောလို့ရနိုင်ပြီး မတူညီတဲ့ အချက်တွေဆိုရင်တော့ ပါရမီဖြည့်ကျင့်တဲ့ ကာလမတူညီခြင်း၊ သစ္စာလေးပါးကို သူတပါးသိအောင် ဟောပြောနိုင်မှု မတူညီခြင်း၊ ရရှိတော်မူတဲ့ ဉာဏ်တော်မတူညီခြင်း၊ ပွင့်တော်မူတဲ့ အချိန်ကာလ မတူညီခြင်းစတဲ့ အချက်တွေပဲလို့ အကြမ်းဖျင်း နားလည်ထားရင်လည်း လုံလောက်မယ်ထင်ပါတယ်။

မိမိတို့အနေနဲ့ကတော့ ပါရမီဖြည့်ပြီး ပါရမီအစဉ်အတိုင်းပဲ နိဗ္ဗာန်ကို သွားမှာလား၊ ဒါမှမဟုတ် သံသရာ တစ်လျှောက်မှာ ဖြည့်ခဲ့ဖူးတဲ့ မမြင်နိုင်တဲ့ ပါရမီအားကိုယူပြီး ဒီဘဝမှာပဲ ဘဝနာအလုပ် အားထုတ်ရင်း ကိလေသာကင်းရာ နိဗ္ဗာန်ကို ယူကြမှာလားဆိုတာကိုတော့ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ကိုယ်တိုင်ပဲ အားထုတ်ကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

ကျမ်းကိုး = မဟာဗုဒ္ဓဝင် (ပထမတွဲ၊ ပထမပိုင်း)၊
မင်းကွန်းတိပိဋကဓရ ဆရာတော်

[စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]

Monday, May 30, 2016

ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…

ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…

ဘုန်းဘုန်းကို ဒကာမကြီးတစ်ယောက်က မေးဖူးပါတယ်။ ``အရှင်ဘုရား တပည့်တော်တို့မှာ အရမ်းဆင်းရဲတဲ့ အတွက် လှူဖို့မပြောနဲ့ တပည့်တော်တို့ စားဖို့တောင် အနိုင်နိုင်ကြိုးစား နေရပါတယ်။ ချမ်းသာတဲ့သူများ လှူနေတမ်းနေသလိုမျိုး မလှူနိုင်မတမ်းနိုင်တဲ့ တပည့်တော်တို့လို ဆင်းရဲသားများ ကုသိုလ်ရအောင် ဘယ်လိုလုပ်သင့်သလဲ… တပည့်တော်တို့ အခြေအနေမျိုးနဲ့ ကုသိုလ်ရစေ၊
ကုသိုလ်ဖြစ်စေတဲ့ နည်းများရှိရင် အမိန့်ရှိပေးပါ ဘုရား..``လို့ လျှောက်ဖူးပါတယ်။ ဘုန်းဘုန်းလည်း သူတို့လိုအခြေအနေဖြစ်နေတဲ့ မရှိဆင်းရဲသားများ ဘာမှမကုန်စေဘဲ ကုသိုလ်ရစေ၊ ကုသိုလ်ဖြစ်စေမယ့် နည်းလမ်းလေးများကို စာပေမှာလာတဲ့ အတိုင်းရှင်းလင်း ဟောကြားပေးလိုက်ရဖူးပါတယ်။

တကယ်တော့ ကုသိုလ်ဆိုတာ ပစ္စည်းဥစ္စာ ရှိမှ၊ လှူနိုင်တမ်းနိုင်မှ ရအောင်လုပ်နိုင်တာ၊ ဖြစ်အောင်လုပ်နိုင်တာ မဟုတ်ပါဘူး။ ဒါနမလုပ်နိုင်ပေမယ့် တစ်ခြားလုပ်နိုင်တဲ့ ကောင်းတဲ့အလုပ်လေးတွေ လုပ်ရင်းနဲ့လည်း ကုသိုလ်ဖြစ်အောင် လုပ်နိုင်ပါတယ်။ ဒါနမလုပ်လည်းပဲ ကုသိုလ်ဖြစ်စေနိုင်တဲ့ ကုသိုလ်ဖြစ်ကြောင်း တရားတွေကို လုပ်နိုင်ပါက ကုသိုလ်ဖြစ်စေ၊ ကုသိုလ်ရစေနိုင်ပါတယ်။ သိန်းနဲ့သန်းနဲ့ချီပြီး လှူနိုင်မှ မဟုတ်ပါဘူး။ ပစ္စည်းဥစ္စာကိုလှူဒါန်းပေးတဲ့ ဒါနကုသိုလ်မျိုး မလုပ်နိုင်ပေမယ့် တစ်ခြားကိုယ်တတ်နိုင်တဲ့ နည်းများဖြင့် ကုသိုလ်ဖြစ်အောင်၊ ကုသိုလ်ရအောင် လုပ်နိုင်ပါတယ်။ ဗုဒ္ဓစာပေမှာလည်း ကုသိုလ်ဖြစ်ကြောင်းတရား၊ တစ်နည်းအားဖြင့် ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော ကောင်းမှုကုသိုလ်မျိုး ဆယ်ပါးရှိကြောင်း ဖွင့်ပြပါတယ်။ အဲဒါကို စာပေက ပုညကြိယ၀တ္တုလို့ ဆိုပါတယ်။ (ပုည-ကောင်းမှုကုသိုလ်၊ ကြိယ- ပြုသင့်ပြုထိုက်သော၊ ၀တ္ထု- တည်ရာ) အဲဒီဆယ်မျိုးကတော့
၁။ ဒါန- ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊
၂။ သီလ- ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလသိက္ခာပုဒ်များ စောင့်ထိန်းခြင်း၊
၃။ ဘာဝနာ- သမထ၊ ၀ိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်း အားထုတ်ခြင်း၊
၎။ အပစာယန- အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူတို့အား အရိုအသေပြုခြင်း၊
၅။ ဝေယျာဝစ္စ- သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း၊
၆။ ပတ္တိဒါန- မိမိရသော၊ မိမိပြုသော ကုသိုလ်အဖို့ကို အမျှပေးဝေခြင်း၊
၇။ ပတ္တနုမောဒနာ- မိမိသို့ရောက်လာသော ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း
၈။ ဓမ္မဿဝန- တရားနာခြင်း၊
၉။ ဓမ္မဒေသနာ- လာဘ်လာဘကို မငဲ့ဘဲ တရားဟောပေးခြင်း၊
၁၀။ ဒိဋ္ဌိဇုကမ္မ- အယူကို ဖြောင့်မတ်စွာပြုခြင်း တို့ပဲဖြစ်ပါတယ်။

ဒီပုညကြိယာဝတ္ထုဆယ်ပါးကို ကြည့်မယ်ဆိုရင် ကုသိုလ်ဖြစ်ဖို့၊ ကုသိုလ်ရဖို့ဆိုတာ မခက်ပါဘူး။ ဒီဆယ်ပါးထဲမှာ ကိုယ်ကဘာမှ မရင်းနှီးရ၊ အားမစိုက်ရဘဲ ကုသိုလ်ဖြစ်စေနိုင်တဲ့ အရာတွေအများကြီး ရှိပါတယ်။ လူတိုင်းစိတ်ထားတတ်မယ်ဆိုရင် ဒီဆယ်ပါးထဲက တစ်ခုမဟုတ်၊ တစ်ခုဖြစ်နေပြီး နေ့စဉ်ကုသိုလ်တစ်ခုခု ရနေကြမယ်ဆိုတာ အထူးပြောဆိုရာ မလိုလောက်အောင်ပါပဲ။ ဒီဆယ်ပါးထဲမှာ ကိုယ်ကဆင်းရဲလို့၊ ငွေကြေးမပြည့်စုံလို့ အလှူဒါန မလုပ်နိုင်ပေမယ့် သူများလှူတဲ့အလှူကို သာဓုခေါ်ပေးရုံနဲ့ ကိုယ့်အတွက် ကုသိုလ်ဖြစ်သွား၊ ကောင်းကျိုးဖြစ်သွားအောင် လုပ်လို့ရပါတယ်။ သူများအလှူမှာ သွားရောက်ပြီး ၀ိုင်းဝန်းဝေယျာဝစ္စပြုပေးရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေပါတယ်။ ပြီးတော့ အလှူပွဲမှာ ဟောကြားတဲ့တရားတော်ကို နာယူနိုင်၊ နာယူပြီး ပြန်လာတဲ့အခါ ကိုယ်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း စသူတို့ကို တစ်ဆင့်ပြန်ဟောပြောပေး၊ ပြန်လည်အမျှဝေပေးရင်လည်း ကုသိုလ်ထပ်ဖြစ်စေပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးချဲ့ပြောနိုင်ပါတယ်။ သေချာတာက ကုသိုလ်ရဖို့ လွယ်တယ်ဆိုတာပါ။ နောက်ပြီး ဘာမှမရင်းလိုက်ရဘဲ အလွယ်ရတဲ့ ကုသိုလ်လေးတစ်ခု ဒီဆယ်မျိုးထဲမှာ ပါပါတယ်။ အဲဒါက အပစာယနဆိုတဲ့ မိမိထက် အသက်သိက္ခာဂုဏ်ကြီးသူတွေကို အရိုအသေပြုတဲ့ အချက်ပါ။ သွားရင်းလာရင်းနဲ့လည်း ရောက်လေရာအရပ်တွေမှာ သက်ကြီးရွယ်အိုများကို ကူညီပေးလိုက်ရုံ၊ ရိုရိုသေသေ လေးလေးစားစား ပြုပေးလိုက်ရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုးဖြစ်သွားစေပါတယ်။ ဒီလိုလုပ်ပေးတာဟာ မင်္ဂလာတရားတော်နဲ့ ကြည့်ရင် သက်ကြီးရွယ်အိုများအား အရိုအသေပြုပေးတဲ့အတွက် ဂါရ၀မင်္ဂလာဖြစ်စေပြီး အရိုအသေပြုတာဟာ တစ်ဘက်ကပြန်ကြည့်ရင် ကိုယ့်ကိုယ်ကို နှိမ့်ချတာဖြစ်တဲ့အတွက် နိဝါတ မင်္ဂလာလည်း ဖြစ်ပါတယ်။ ကုသိုလ်ဖြစ်ဖို့၊ ကောင်းကျိုးဖြစ်ဖို့ဆိုတာ အဲဒီလောက် လွယ်တာပါ။

ဒီထက်တစ်ဆင့်တက်ပြီး ခိုင်မာတဲ့ ကောင်းကျိုးဖြစ်ဖို့ကတော့ ဒါနမလုပ်ဘဲရတဲ့ သီလဆောက်တည်ခြင်းနဲ့ ဘာဝနာပွားများခြင်းပါ။ သီလကုသိုလ်ကတော့ ငွေကြေးမလိုပါဘူး။ ဒါပေမယ့် ထိန်းရခက်ပါတယ်။ ကိုယ့်ကိုယ်ကို အရင်းစိုက်ရတဲ့ ကုသိုလ်ပါ။ ရင်းရတာနဲ့လည်း တန်အောင် ဒီသီလကုသိုလ်ကလည်း ထိန်းသိမ်းတဲ့သူတွေကို အကောင်းဆုံးအကျိုးတွေကို ဖြစ်စေပါတယ်။ အနီးစပ်ဆုံးကတော့ သီလလုံခြုံတဲ့သူဟာ သေပြီးနောက်ဘ၀မှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါး မလားစေနိုင်တဲ့ အချက်ပါ။ ဒါကြောင့် မရှိလို့မလှူနိုင်ဖြစ်အောင် ဆင်းရဲနေပေမယ့် ချမ်းသာသူတွေထက် သာစေနိုင်တဲ့အချက်က ကိုယ်ကျင့်သီလကို လုံခြုံအောင်ထိန်းသိမ်းခြင်းပဲလို့ ဆိုတာပါ။ အနေစုက်ပေမယ့် ရွှေထုတ်တဲ့မြပ၀ါလို့ ဆိုရအောင် မရှိလို့ ဒါနမလုပ်နိုင်ပေမယ့် အကျင့်သိက္ခာကတော့ မြင့်မြတ်လုံခြုံအောင် ကြိုးစားသင့်ပါတယ်။ မရှိလို့ဒါန မလုပ်နိုင်တဲ့ကြားက ကိုယ်ကျင့်သီလပါ မလုံခြုံဘူးဆိုရင်တော့ ဒီလိုလူမျိုးအတွက် ကောင်းကျိုးရဖို့ဆိုတာ မလွယ်ပါဘူး။ ထို့အတူ ဘာဝနာကုသိုလ်ကလည်း လုပ်တတ်ယူတတ်ရင် လွယ်ပါတယ်။ နေ့စဉ် မေတ္တာပို့ပေးတာတို့၊ ဂုဏ်တော်ပွားတာတို့စတာတွဟာ ငွေကြေးမကုန်ဘဲ ကောင်းကျိုးရစေတဲ့ အရာတွေပါ။ ဒီထက်တစ်ဆင့်တက်ပြီးတော့ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်းလည်း ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အကြံအစည်များကို သတိလေးလိုက်လိုက်ကပ်ပြီး မှတ်တတ်တဲ့ အလေ့အကျင့်လေးတွေ လုပ်ကြည့်ပါက ကုသိုလ်တရားဖြစ်ဖို့ အရမ်းလွယ်ပြီး ဘ၀မှာ နေရတာလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ခန္ဓာရဲ့ ဒုက္ခကို သိသွားတဲ့ သူတစ်ယောက်ဟာ အပြင်လောကမှ ကြုံရတဲ့ ဒုက္ခဆိုတာ အသေးအဖွဲလေးဖြစ်သွားပြီး ခံနိုင်ရည်ရှိသွားပါတယ်။ ဒီလိုပဲ တဖြည်းဖြည်း သတိကပ်နေထိုင်သွားမယ်ဆိုရင် ဘာဝနာကုသိုလ်ဆိုတာ အကုန်အကျနည်းပြီး အလွယ်တကူဖြစ်စေမှာပါ။ ဒါပေမယ့် သူလည်းအပြောလွယ်သလောက် အလုပ်ခက်တဲ့သဘော ရှိပါတယ်။ တကယ်တော့ ကုသိုလ်ရဖို့ လွယ်တယ်ဆိုပေမယ့် ဒီကုသိုလ်ကို လိုချင်တဲ့ပုဂ္ဂိုလ်၊ လိုချင်တဲ့စိတ်ရှိမှ လွယ်တာပါ။ ဒီလိုစိတ်မရှိလို့ကတော့ ဘယ်လောက်ပဲလွယ်လွယ်၊ ကုသိုလ်ရစေတဲ့တရားများ ဘယ်လောက်ပဲများများ ကောင်းကျိုးရဖို့ မလွယ်ပါဘူး။

ထားပါတော့။ ဒီနေရာမှာ ပြောချင်တာက ကုသိုလ်ဖြစ်ဖို့ လွယ်တယ်ဆိုတဲ့ အချက်ပါ။ ငွေကြေးမတတ်နိုင်လို့ ဒါနမလုပ်နိုင်ပေမယ့် ဒီဒါနကလွဲပြီး ကျင်တဲ့သီလကုသိုလ်၊ ဘာဝနာကုသိုလ်၊ လူကြီးသူမ အသက်သိက္ခာဂုဏ်ဝါ ကြီးသူတွေကို အရိုအသေပြုတဲ့ကုသိုလ်၊ ဝေယျာဝစ္စကုသိုလ်၊ အမျှပေး၊ အမျှဝေတဲ့ကုသိုလ်၊ တရားနာရတဲ့ကုသိုလ်၊ ကိုယ်သိတာကို ပြန်လည်မျှဝေတဲ့ကုသိုလ်၊ အယူဝါဒကို မှန်ကန်စေတဲ့ကုသိုလ်တွေကို ရအောင်လုပ်နိုင်ပါတယ်။ ဒီအချက်တွေကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်အောင်လုပ်နိုင်ပါတယ်။ ဘာမှမရင်းရဘဲ ကောင်းမှုတွေ၊ ကောင်းကျိုးတွေ ဖြစ်အောင်လုပ်နိုင်ပါတယ်။ ဒါလေးကတော့ အသေးအဖွဲလေးပဲဆိုပြီး အထင်မသေးလိုက်ပါနဲ့၊ သူများအလှူမှာသွားပြီး အောက်ခြေသိမ်း ဝေယျာဝစ္စတွေ လုပ်နေရတယ်ဆိုပြီး အတွေးမငယ်လိုက်ပါနဲ့၊ လမ်းသွားရင်း သက်ကြီးရွယ်အိုများကို အထုတ်သယ်ပေး၊ လမ်းဖြတ်ကူးပေးလိုက်တာလေးဟာ ဘာမှအကျိုးမရှိပါဘူးလို့ အတွေးမမှားလိုက်ပါနဲ့ ဒါတွေဟာ စိတ်ထားကောင်းကောင်းနဲ့ အရိုးခံလုပ်ပေးလိုက်တာဆိုရင် သိန်းသန်းချီပြီးလှူတဲ့ သူတွေထက် ကုသိုလ်ပိုဖြစ်စေ၊ ကောင်းကျိုးပိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီကုသိုလ်လေးတွေဟာ ဘာမှမရင်းဘဲ ရလိုက်တဲ့ ကုသိုလ်လေးတွေပါ။ အသေးအဖွဲကုသိုလ်လေးဆိုပြီးလည်း အထင်မသေးလိုက်ပါနဲ့ အသေးလေးတွေ စုလိုက်တဲ့အခါ အကြီးကြီးဖြစ်ပြီး ပစ္စုပ္ပန် သံသရာကောင်းကျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အကုသိုလ်ဖြစ်ဖို့လွယ်သလောက် ကုသိုလ်ဖြစ်ဖို့ဆိုတာလည်း လိုချင်တယ်၊ စိတ်ထားတတ်တယ်၊ လုပ်တတ်တယ်ဆိုရင် အလွယ်လွန်ပါတယ်လို့ ဆိုခြင်းပါ။ အထက်မှာ ဖော်ပြခဲ့တဲ့ ပုညကြိယ၀တ္ထုဆယ်ပါးထဲမှာ ကိုယ့်အတွက် အလွယ်ရနိုင်တဲ့ ကုသိုလ်တွေအများကြီး ရှိတဲ့အတွက် ကုသိုလ်ရဖို့အတွက် အဝေးကြီးသွားပြီး ရှာစရာမလိုဘဲ မိမိအနီးမှာရှိတယ်ဆိုတာ သဘောပေါက်ဆင်ခြင်၍ ကုသိုလ်ကောင်းမှုများကို အလွယ်တကူရအောင် ကြိုးစားကြဖို့ သတိပေးတင်ပြလိုက်ရပါတယ်။
ဦးဝိစိတ္တ (ကိုရီးယား)
Credit=တရားဓမ္မပန်းခင်း