Saturday, April 16, 2016

အံ့ဖွယ်ရှစ်ဖြာ သာသနာ

**~ အံ့ဖွယ်ရှစ်ဖြာ သာသနာ ~**
=====================

အစဉ်နက်ဝှမ်း ၊ ကမ်းကိုမလွန်
ရွံဖွယ်ဆယ်ပစ် ၊ တမည်ဖြစ်ခြင်း
မယွင်းမတိုး၊ ၁၀မျိုးရတနာ
ရသာဆားတူ ၊ ကြီးသူနေရာ
ဤ ၈-ဖြာ၊ မှတ်ဖွယ် အံ့ဖွယ် သာသနာ။

အစဉ်နက်ဝှမ်း = သမုဒ္ဒရာကြီးသည် ကမ်းစပ်မှစ၍ အစဉ်အတိုင်း နိမ့်လျောနက်ရှိုင်းသွားသကဲ့သို့ သာသနာ့ကျင့်စဉ်၌ သီလ သမာဓိ ပညာဟူသော ဓုတင် (၁၃)ပါး ဗောဓိပက္ခိယတရား(၃၇)ပါး မဂ်တရား ဖိုလ်တရားတိုင်အောင် အစဉ်အတိုင်း နက်ရှိုင်း၍သွားသည် ။

ကမ်းကိုမလွန် = သမုဒ္ဒရာထဲမှ ရေများသည် ကမ်းကို ကျူးလွန်ကျော်လွှား၍ မလွန် မတက်ပဲ တည်နေသကဲ့သို့ သာသနာတော်အတွင်းရှိ တပည့်သာဝကတို့သည် အသက်တည်းဟူသော အကြောင်းကြောင့်လည်း သိက္ခာပုဒ်ပညတ်တော်စည်းကမ်းများကို ကျူးလွန်ကျော်လွှား၍ မလွန် မတက် ။

ရွံဖွယ်ဆယ်ပစ် = အကောင်ပုပ် အမှိုက်သရိုက်များကို သမုဒ္ဒရာထဲ၌မထားပဲ ကမ်း ကုန်းအရပ်သို့ တင်ပို့ ထုတ်ပယ်စွန့်ပစ်ကြသကဲ့သို့ အလဇ္ဇီ ဒုဿီလရဟန်းဆိုးတို့ကို ရဟန်းကောင်းတို့က မပေါင်းသင်း မကြည်ညိုပဲ ထိုထိုဒါယကာ ဒါယိကာမတို့ကလည်း ကဲ့ရဲ့ရှုတ်ချ၍ သာသနာ့ဘောင်မှ ထုတ်ပယ် စွန့်ပစ်ကြသည် ။

တမည်ဖြစ်ခြင်း = မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့မှ စီးဝင်လာသော ရေဟူသမျှတို့သည် မူလအမည်ပျောက်ပြီး မဟာသမုဒ္ဒရာရေဟူသော အမည်တစ်ခုတည်းကိုသာ ရသကဲ့သို့ သာသနာတော်အတွင်းသို့ အမျိုးလေးပါးတို့ ဝင်ရောက်လာလျှင် အချင်းချင်း လူမျိုးတန်းစား မခွဲခြားပဲ သာကီနွယ်ဖွား ဘုရားသားတော်ဟူသော အမည်တစ်ခုတည်းကိုသာ ရစေ တည်စေသည် ။

မယွင်းမတိုး = မြစ်ကြီး မြစ်ငယ် အင်း အိုင် ချောင်း မြောင်း ကောင်းကင်ဝလာ ရှစ်မျက်နှာမှ မြစ်ရေ မိုးရေတို့သည် မည်မျှပင် အခါမလပ် စီးဝင်လာအပ်သော်သော်လည်း မဟာသမုဒ္ဒရာကြီးသည် ပြည့်လျှံ ယုတ်လျော့ခြင်း မရှိသကဲ့သို့ မရေမတွက်နိုင်သော တပည့်သာဝကအပေါင်းတို့သည် ပရိနိဗ္ဗာန်စံဝင် ခိုအောင်းကြခြင်းကြောင့်လည်း နိဗ္ဗာနဓာတ် နိဗ္ဗာန်ရပ်သည် ပြည့်လျှံ ယုတ်လျော့ခြင်း မရှိ ။

(၁၀)မျိုးရတနာ = သမုဒ္ဒရာသည် လောကီရတနာ(၇)ပါး လောကီရတနာ(၁၀)ပါးတို့၏ တည်နေရာဖြစ်သကဲ့သို့ သာသနာတော်သည်လည်း ဗောဇ္ဈင်(၇)ပါး မဂ္ဂင်(၈)ပါး လောကုတ္တရာတရား(၉)ပါး ဗောဓိပက္ခိယတရား(၃၇)ပါးဟူသော ရတနာတို့၏ တည်နေရာဖြစ်သည် ။

ရသာဆားတူ = သမုဒ္ဒရာထဲသို့ ရေချို ရေငန် ရေဖန် ရေခါးဟူ၍ ရသာထွေပြားသည့်ရေများ မည်မျှပင် စီးဝင်လာစေကာမူ ဆားငန်ရေဟူသော တစ်ခုတည်းသာ အရသာကိုသာ ရရှိကြသကဲ့သို့ သာသနာတော်၌လည်း ဆင်းရဲဒုက္ခ ကိလေသဘေးမှ ကင်းဝေးရာ သန္တိသုခ ဝိမုတ္တိရသကိစ္စ တစ်ခုတည်းသော အရသာကိုသာ ရရှိကြသည် ။

ကြီးသူနေရာ = သမုဒ္ဒရာသည် ယူဇနာများစွာ ခန္ဓာရှိသော ငါးကြီးတို့နှင့်တကွ ရေဘီလူး နဂါး အသုရာနတ်မင်းကြီးများ စသည်တို့၏ ကျက်စားရာနေရာဖြစ်သကဲ့သို့ သာသနာတော်၌လည်း ဥပါသကာ ဥပါသိကီ ရဟန္တာဟူသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးများ၏ ကျက်စားရာ နေရာဖြစ်သည် ။

( ပဟာရာဒသုတ္တံ၊အံ၊၃၊၃၈။ ဋ္ဌ၊၃၊၂၁၇။ ဋီ၊၃။၂၂၇ )
===============================

ပေါ့ပေါ့ပါးပါးမှတ်သားရန် -
---------------------------

အစဉ်နက်ဝှမ်း = သမုဒ္ဒရာကြီးသည် ကမ်းစပ်မှ အလယ်သို့ တဖြည်းဖြည်း နက်သွားသလို သာသနာမှာလည်း သီလ၊ သမာဓိ၊ ပညာ ဟူ၍ အစဉ်အတိုင်း နက်နက်သွားတယ်။

ကမ်းကိုမလွန် = သမုဒ္ဒရာထဲက ရေတွေ ဘယ်လောက်များများ ကမ်းကိုမလွန်သလို ဘယ်ပုဂ္ဂိုလ်မဆို မြတ်စွာဘုရားဟောထားတဲ့ ကျင့်စဉ်များထက် ပိုကျင့်လို့ မရဘူး။

ရွံဖွယ်ဆယ်ပစ် = သမုဒ္ဒရာထဲက အညစ်အကြေးတွေက ကမ်းစပ်မှာ အလိုလိုတင်လာသလို သာသနာမှာ အညစ်အကြေးတွေ ဖြစ်လာရင်လည်း သူ့ဘာသာ ဆယ်ထုတ် သွားပါတယ်။

တမည်ဖြစ်ခြင်း = မြစ်၊ ချောင်း၊ အင်းအိုင်ထဲက ရေတွေ သမုဒ္ဒရာထဲရောက်လျှင် သမုဒ္ဒရာရေလို့ ခေါ်သလို ဘယ်သူမဆို သာသနာ့ ဘောင်ထဲရောက်လျှင် ဘိက္ခုသမဏ လို့ တမည်ပဲခေါ်ပါတယ်။

မယွင်းမတိုး = သမုဒ္ဒရာကြီးသည် လျော့ခြင်း၊ တိုးခြင်းမရှိ ပုံမှန်ရှိနေသလိုပဲ နိဗ္ဗာန်ဆိုတာလည်း မကျင့်လို့ လျော့သွား၊ ပျောက်သွားတာ မရှိသလို ကျင့်သူရှိလို့ တိုးလာတာလည်း မရှိဘူး။

(၁၀)မျိုးရတနာ = သမုဒ္ဒရာကြမ်းပြင်မှာ ပုလဲတွေ၊ ရတနာတွေ၊ ကျောက်သံတွေ ရှိနေသလို သာသနာမှာလည်း ဗောဓိပက္ခိယ တရားရတနာတွေရှိပါတယ်။

ရသာဆားတူ = သမုဒ္ဒရာထဲက ရေတွေဟာ ငန်တဲ့အရသာတစ်ခုတည်း ရှိသလို သာသနာ မှာလည်း ဘယ်တရားကိုပဲ လိုက်နာကျင့်သုံးပါစေ ၀ိမုတ္တိရသဆိုတဲ့ ကိလေသာက လွတ်မြောက်တဲ့ အရသာတစ်မျိုးပဲ ရှိပါတယ်။

ကြီးသူနေရာ = သမုဒ္ဒရာထဲမှာ အလွန်ကြီးတဲ့ သတ္တ၀ါတွေ နေသလိုဘဲ သာသနာမှာလည်း ထေရ်ကြီး ၀ါကြီးတွေ၊ ရဟန္တာ အရှင်မြတ်ကြီးတွေ၊ သီလ၀ံသ မထေရ်ကြီးတွေ ပျော်မွေ့တဲ့ နေရာဖြစ်ပါတယ်။

Ashin Athaka
Credit......ဓမ္မအင်တာနက်
Admin..Ko Swe (ဆည်းဆာရိပ်)

No comments:

Post a Comment