"ဥပပဇ္ဇဝေဒနီယကံ အကျိုးပေးပုံ"
*ဆွမ်းတော်ကပ်လှူရခြင်း အကျိုးပေးပုံ*
တစ်ချို့ပြောကြတယ် ဆွမ်းတော်ကပ်တာ
ကြွက်စားယုံပါ ဘာအကျိုးရှိမှာလည်းတဲ့။
အကျိုးရှိပုံလေး သာဓကပြပါမယ်။
ဖြူးမြို့နယ်-ဝဲကြီးအောက်ခုံရွာမှာ
ကျောင်းထိုင်တဲ့ ဆရာတော်ကြီး
ဦးဇာဂရဟာ သက်တော် ၇၅-နှစ်ကျော်မှာ ပျံတော်မူလောက်တဲ့ ရောဂါဝေဒနာကို ခံစားရင်း
သတိလစ်ပြီး မျောသွားပါတယ်။
ဒီအခါမှာ ဆရာတော်ကြီးရဲ့ဝိညာဉ်ဟာ နတ်ပြည်ကိုရောက်သွားပါတယ်
ချောမောလှပတဲ့ နတ်သား နတ်သမီးတေ
ွ'ကြီးကျယ်ခမ်းနားလှတဲ့ ဘုံဗိမာန်ကြီးတွေကို လျှောက်ကြည့်နေရင်း ဗိမာန်တစ်ခုအနားရောက်တော့ တအံ့တသြနဲ့ ရပ်နေလိုက်မိသတဲ့။
အဲဒီဗိမာန်ကြီးဟာ ရွှေနဲ့အတိပြီးပြီး
ရတနာ အမျိုးစုံကိုလည်း နေရာအလပ်မရှိ စီချယ်ထားသတဲ့။
ဒါပေမဲ့...ထူးခြားတာက တခြားဗိမာန်များလို ကိုယ်ပိုင်နတ်သား/နတ်သမီးကို မတွေ့ရဘဲ အခြွေအရံ နတ်သမီးများကိုသာ တွေ့ရတဲ့အတွက် ဆရာတော်ကြီးက လှမ်းပြီးမေးလိုက်သတဲ့ 'သင်တို့ဗိမာန်က ပိုင်ရှင်မရှိဘူးလား'ဆိုတော့ နတ်သမီးတွေက
'အရှင်ဘုရား ပိုင်ရှင်နတ်သမီးက မသေသေးပါဘူး အရှင်ဘုရားတို့လူ့ပြည်မှာပဲ ရှိနေပါသေးတယ် အရှင်ဘုရားလည်း ပျံလွန်တော်မမူသေးပါဘူး။ လူ့ပြည်ပြန်ရောက်ရင် ဟောဒီလိပ်စာအတိုင်း သွားပြောပေးပါဘုရား နတ်စည်းစိမ်ရဲ့ခြေဖျားတောင်မမှီတဲ့ လူ့ပြည်မှာ အကြာကြီးမနေဘဲ နတ်ပြည်ကို အမြန်လာခဲ့ပါ
ခစားမဲ့ အခြွေရံနတ်သမီးတွေက မျော်နေတယ်လို့ ပြောပေးပါဘုရား'တဲ့။
လိပ်စာကတော့=ဖြူးမြို့နယ် စမ်းမြိုင်ကုန်းရပ်က ဒေါ်ကုလားမပါဘုရားတဲ့။
ဆရာတော်ကြီးလည်း သတိရရချင်း
လိပ်စာကို အမြန်ကောက်ရေးပြီး နတ်ပြည်မှာ ဗိမာန်ကြိုပေါက်နေရလောက်အောင် ဘယ်လိုကုသိုလ်မျိုးတွေများ ပြုနေပါသလဲလို့ သွားမေးခိုင်းတော့ ဒေါ်ကုလားမ ပြန်ပြောတာက"သူဟာ သောင်းနဲ့ သိန်းနဲ့ချီပြီး မလှူနိုင်ပါဘူးတဲ့။
ဒါပေမဲ့...အိမ်ထောင်စကျတဲ့အချိန်ကစပြီး အခုအသက် ၅၀'ကျော်တဲ့အထိ ဘုရားကို အာရုံဆွမ်း နေ့ဆွမ်းကပ်လှူတာ တစ်ရက်မှ မပျက်ခဲ့ပါဘူးတဲ့။ ကပ်တဲ့အခါမှာလည်း ဝတ်ကျေတန်းကျေ မဟုတ်ဘဲ သံဃာတော်တစ်ပါးစာ သေချာခူးခပ်ပြီး ဇွန်းနဲ့ လက်သုတ်ပဝါနဲ့ လက်ဆေးရေနဲ့ သေချာကပ်လှူခဲ့တာပါတဲ့။
မှတ်ချက်။ ။သေပြီးနောက်ဘဝ
(ဒုတိယဘဝ)မှာ အကျိုးပေးသောကံကို ဥပပဇ္ဇဝေဒနီယကံဟုခေါ်ပါသည်။
သီဟိုရာဇဝင်မှာလည်း ဒုဋ္ဌဂါမဏိမင်းဟာ ရဟန်းသံဃာကို အဦးမလှူပါဘဲ စားတော်မခေါ်ခဲ့ပါဘူး။ တနေ့စစ်ပွဲတစ်ခုမှာ ငရုပ်သီးတစ်ထောင့်ကို အဦးမပြုဘဲ စားခဲ့မိလို့ 'မရိစဝဋ္ဋိကျောင်း'ဆိုပြီး ကျောင်းတစ်ဆောင်တောင် ဆောက်လုပ်လှူဒါန်းတော်မူခဲ့သတဲ့။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေလည်း
သံဃာမိဘကို အဦးမပြုဘဲ မည်သူမှ စားလေ့စားထ မရှိကြပါဘူး အတူတူပါပဲ။
မြတ်ဗုဒ္ဓကလည်း သံယုတ္တနိကာယ်မှာ ဟောထားခဲ့တာက''ပုဏ္ဏား ငါဘုရားနဲ့ တပည့်သာဝကတွေကို မိမိတို့စားမည့်အထဲမှ တစ်ဇွန်း တစ်ယောင်းမ ခူးခပ်လှူလို့ ဆင်းရဲအတိ ဒုက္ခရောက်ခဲ့ရတဲ့သူ ၉၁-ကမ္ဘာအတွင်းမှာ မြင်တော်မမူပါဘူးတဲ့''။ ။
ငယ်စဉ်ကဖတ်ဘူးတာလေးမျှဝေပါသည်။
အရှင်နာယက ဗုဒ္ဓတက္ကသိုလ်
No comments:
Post a Comment