ရဟန်းတပါးရဲ့အလွမ်းအစာ
@@@@@@@@@
မလျော်မသင့်တာကိုမှ
မျော်လင့်စောင့်စားတတ်တဲ့ စိတ်ဝသီအရ
မအိပ်ဘဲ တညစာလုံး လွမ်းပစ်လိုက်ပြန်တယ်..
သပိတ်တလုံးလွယ် ကျမ်းစာပေကိုထမ်း
ရဟန်းတပါးရဲ့ သာသနာလမ်းမှာ
အလွမ်းတွေဆိတ်သုဉ်းစေသား...ပေါ့
ရဟန်းတပါးဟာ ရဟန်းဖြစ်နေရုံနဲ့
သံသရာကြောက်သူကြီးတော့ မဟုတ်ခဲ့လေဘူး
အရိယာစည်းဝိုင်းအပြင်ဘက်မှာ
ချစ်ခြင်းမေတ္တာနဲ့ကင်းသွားပြီလို့
ခပ်တည်တည်ငြင်းခွင့်မရှိ။
ရဟန်းတပါးရဲ့လမ်းဟာ အနှောင်အဖွဲ့တွေကိုခွာချရစမြဲ.
ခုတော့...
ခွာချထားတဲ့အရာကိုမှ လှပအောင်ဖွဲ့မိပြန်တဲ့အဖြစ်
ခြေလှမ်းဦးက တိမ်းရူးမြူးရာဆီ၊
တိမ်ကြားထဲကစိတ်က
ကောင်းကင်အနားစကို ဆွဲခွာမိခဲ့၊
တယောက်တည်းနေချင်လို့
စိတ်လိုလက်ရနေမိတဲ့အခါ ဝိဝေကချမ်းသာတဲ့၊
တကယ်က ထီးတည်းပေါင်းများစွာနဲ့
ကဗျာရေးပြီး ကဗျာငတ်နေတဲ့ ရဟန်းတပါးသာ။
အသိနဲ့သတိကိုဆွဲစပ် တွဲကပ်ဖို့ကြိုးစား
အာရုံကိုဆွဲစု အလုပ်တခုထဲမှာသော့ခပ်ထားဖို့
ပစ္စုပ္ပန်ကိုမျိုချလိုက်တယ်
အတိတ်ဟာ မိတ်ဆွေအစစ်မဟုတ်လား..
လောကကိုငဲ့ပေမယ့် လောကီမဲ့နေတဲ့ရက်တွေထဲ
မြင့်မြတ်တဲ့ကျမ်းဂန်တွေထဲမှာ အသဲကွဲရဟန်းတပါးရဲ့
နေ့ရက်အချို့ကို ခေါက်ညှပ်သိမ်းဆည်း။
ဘာပဲဖြစ်ဖြစ် ပျက်လုံးတခုရဲ့ ကုန်ကြမ်းလို့တော့
ဘယ်တုန်းကမှ ခေါင်းမညိမ့်ခဲ့ဘူး။
နောက်ဆုံး...
ရင်ထဲကချစ်ခြင်းမေတ္တာကို
လွင့်ပြန့်စေခိုင်းမိလိုက်တော့တယ်
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
ကမ္ဘာရေ အေးမြပါစေ
ကမ္ဘာလေ လတ်ဆတ်ပါစေ..ပေါ့
လောကီတိုတိုလေးမှာ အလွမ်းတွေကမှောင်လိုက်တာ၊
သကျငယ်
No comments:
Post a Comment