((( ပရိတ်တော်အကြောင်း တစေ့တစောင်း )))
ဒီနေ့ဟာ နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့-မြန်မာနှစ်ဆန်း (၁)ရက်နေ့ဖြစ်ပါတယ်။
ဒီလိုနေ့မျိုးမှာ နိုင်ငံအတွင်းရှိ အမြို့မြို့အနယ်နယ်က ရပ်ရွာတွေမှာ အန္တရာယ်ကင်း ဘေးရှင်းအောင်ဆိုပြီး ရဟန်းသံဃာတော်တွေ ပင့်ဖိတ်ပြီး ပရိတ်တရားတော်တွေကို ရွတ်ကြ ဖတ်ကြ နာကြ ရတယ်။
ဒါကြောင့် ပရိတ်နဲ့ပတ်သက်တာလေး နည်းနည်းမျှဝေချင်ပါတယ်။
"ပရိတ်"ဆိုတာ "ပရိတ္တ"ဆိုတဲ့ ပါဠိပုဒ်က ဆင်းသက်လာတဲ့ ဝေါဟာရဖြစ်ပြီး ""အရံအတား"လို့ အဓိပ္ပာယ်ရတယ်။
"ကျရောက်လာမယ့် ဘေးအန္တရာယ်ကနေ ရံပေး၊ တားပေး၊ ကာကွယ်ပေးတယ်"ဆိုတဲ့ သဘောပေါ့။
ဒီလိုဆိုတော့ " ပရိတ်တွေ ရွတ်ဖတ်နေရုံနဲ့ အန္တရာယ်ကင်းရောလား..."လို့ မေးစရာရှိတယ်။ သိထားရမှာက ပရိတ်ဆိုတာ ရွတ်ဖတ်ဖို့တစ်ခုတည်း မဟုတ်ပါဘူး။
ဆရာတော် သံဃာတော်တွေရွတ်ဖတ်တာကို နာကြားရမယ့်အပြင် လက်တွေ့ကျင့်ကြံရမယ့် အရာတွေလည်းပါပါတယ်။
ဥပမာ---မင်္ဂလသုတ်ဆိုရင် ရွတ်ဖတ်နေရုံနဲ့ မင်္ဂလာက သူ့အလိုလိုရှိမလာနိုင်ဘူး။
မင်္ဂလာဖြစ်အောင် နေထိုင်နည်းကို အဲ့ဒီမင်္ဂလသုတ်မှာ-( ပေါင်းသင်းဆက်ဆံရေး၊ ပြုစုလုပ်ကျွေးရေး၊ ခြိုးခြံခြွေတာရေး၊ ရှောင်ကြဉ်လိုက်နာရေ....စသည်ဖြင့်) ၃၈-ချက် ဟောကြားထားပါတယ်။
မေတ္တသုတ်၊ ခန္ဓသုတ်တွေဆိုရင်လည်း ကျင့်ရမယ့်ပရိတ်တော်တွေပါ။ မေတ္တာပွားများတာဟာ ဘာဝနာတွေထဲက အလေ့အကျင့်တစ်ခုပါပဲ။
မေတ္တာပွားများနည်းတွေကို အဲ့ဒီသုတ်တော်တွေမှာ ဖော်ပြထားပါတယ်။ ပါးစပ်က မေတ္တာပို့၊ စိတ်က ဒေါသထွက်နေလို့ အဆင်မပြေပါဘူး။
ပရိတ်တော်တွေဟာ မေတ္တာ၊ သစ္စာနဲ့ ဂုဏ်တော်တွေကို အခြေခံထားတယ်လို့ ဆရာတော်ဒေါက်တာနန္ဒမာလာ ဘိဝံသက အမိန့်ရှိဖူးပါတယ်။
ရတနသုတ်၊မောရသုတ်၊ ဝဋ္ဋသုတ်၊ အဂုင်္လိမာလသုတ်နဲ့ ဗောဇ္ဈင်္ဂသုတ်တွေဟာ သစ္စာကို အခြေခံတဲ့ သုတ်တွေဖြစ်ပြီး-----
မေတ္တသုတ်နဲ့ ခန္ဓသုတ်ကတော့ မေတ္တာကို အခြေခံထားတာဖြစ်ပါတယ်။
ဓဇဂ္ဂသုတ်၊ အာဋာနာဋိယသုတ်တွေကတော့ ဂုဏ်တော်ကိုအခြေခံ ထားတာတွေဖြစ်ပါတယ်။
ပုဗ္ဗဏှသုတ်ကတော့ ဂုဏ်တော်၊သစ္စာ၊ မေတ္တာ အားလုံးကိုပေါင်းစုထားတာပါ။
(ဒီနေရာမှာ သစ္စာကိုအခြေခံတယ်ဆိုတာ များသော အားဖြင့် ရတနာသုံးပါးရဲ့ဂုဏ်တွေကို အာရုံပြု သစ္စာ ဆိုထားတာတွေကို တွေ့ရမှာပါ။
အကြောင်းကတော့ ရတနာသုံးပါးရဲ့ဂုဏ်တော်တွေဟာ အမြဲမှန်ပြီး၊ ဘယ်လိုမှ မမှားနိုင်လို့ပါပဲ။ သစ္စာဆိုတာ မှန်ကန်မှ ပိုအစွမ်းထက်ပါတယ်)
ကဲ----ဒီလိုကောင်းမြတ်တဲ့ နှစ်သစ်မင်္ဂလာ အခါတော်နေ့၊ နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ
မိမိ၊ သူတစ်ပါးနဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး အဓိပ္ပာယ်ပြည့်ဝသော နားလည်မှုဖြင့် ပရိတ်တရားတော်များကို ရွတ်ဖတ်နားကြားရပြီး၊ တစ်နှစ်ပတ်လုံး အန္တရာယ်ကင်း ဘေးရှင်း၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။
အရှင်ကောသလ္လ ( ရေဦး )
၁၇၊ ၄၊ ၂၀၁၆
(နှစ်ဆန်းတစ်ရက်နေ့၊ ၁၃၇၈-ခုနှစ်)
မှန်ချက်။ ။ မနှစ်ကရေးထားတာ ပြန်မျှဝေတာပါ။
No comments:
Post a Comment