Sunday, April 10, 2016

မတွေဝေဘဲသေရန် နှလုံးသွင်းနည်းများ”

“မတွေဝေဘဲသေရန် နှလုံးသွင်းနည်းများ”
••••••••••••••••••••••••••••••••••••••••••••••••••••••••
ပုဂ္ဂိုလ်သတ္တဝါ၊သက်ရှိဟူသမျှတို့သည် တစ်ဖန်ဖြစ်ခြင်း
(ပဋိသန္ဓေ)ရှိလာပါက မုချပရမတ်သေခြင်း(စုတေ)သို့
သက်ဆင်းကြရပါမည်။ထိုသို့သေခြင်းတရားသို့
သက်ဆင်းလာသောအခါ မတွေမဝေဘဲသေရပါမှ
ကောင်းသောဘုံဘဝသို့ရောက်နိုင်ကြပါမည်။

မတွေဝေဘဲသေရမှုနှင့်ပတ်သက်၍
အကျိုးတရားများကို ဘုရားရှင်က-
❦- သီလအကျိုးတရားများကိုဖော်ပြရာ၌လည်းကောင်း၊
❦- မရဏနုဿတိဘာဝနာ၏ အကျိုးတရားများကို
ဖော်ပြရာ၌လည်းကောင်း၊
❦- မေတ္တာဘာဝနာအကျိုးတရားများကို
ဖော်ပြရာ၌လည်းကောင်း၊ရရှိနိုင်မည့်
အကျိုးတရားတစ်ခုအဖြစ် ဟောကြားထားသည်ကို
တွေ့ရပါမည်။

ထို့ကြောင့် မတွေဝေဘဲသေရခြင်းဟူသောအကျိုးတရားကို
ယခုရရှိထားသောလူ့ဘဝတွင်ရရှိခံစားနိုင်ရန် သက်ရှိ
ပုဂ္ဂိုလ်တိုင်းသည် အသိဥာဏ်တရား သတိတရားတို့ကို
လက်ကိုင်ထားပြီး-
❦-ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါးသီလတို့ကို
စောင့်ထိန်းရမည်။
❦-အခါအားလျော်စွာ မရဏနုဿတိကို
ပွားများနေရမည်။
❦-မေတ္တာတရားကိုလက်ကိုင်ထားရပါမည်။

ဤတရားများကို ကျင့်သုံးဆောက်တည်
နေလေ့ရှိသောသူတို့သည် ဘဝကူးပြောင်းရာတွင်
တွေဝေမှုမရှိဘဲ၊ ထိတ်လန့်ကြောက်ရွံ့မှုမရှိဘဲ၊
ငြိမ်သက်တည်ငြိမ်အေးဆေးစွာ ဘဝသစ်သို့
ကူးပြောင်းနိုင်သလို သုဂတိဘုံအဆင့်ဆင့်သို့လည်း
ရောက်ရှိခံစားကြရပါမည်။

တစ်ဖန် မတွေဝေဘဲသေရန်နည်းမှာ သေကာနီးဖြစ်ပြီး
သေတော့မည်ဟုမှတ်ထင်၍ မမေ့မလျော့မပေါ့မတန်
စဉ်းစားဉာဏ်ရှိသောသူသည် သေကာနီးရာချိန်အခါသို့
ရောက်သော် ညည်းတွားအော်ဟစ် စိုးရိမ်ပူဆွေးခြင်း
မဖြစ်ဘဲ အမြဲသတိရှိပါက မတွေမဝေဘဲ သေရပါမည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“သေကာနီးနှလုံးသွင်းရမည့် အာရုံတရား”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လူတို့၏သဘာဝသည် သေကာနီးအချိန်သို့
ရောက်သောအခါ ရောဂါဝေဒနာခံစားမှု ဆုတ်ယုတ်
လျော့ပါးသွားပြီး စိတ်နှလုံးရောဂါဝေဒနာခံစားရမှုထက်
သေရမည့်ဘေးကို တွေးတောကြောက်ရွံ့စိတ်များ
ပေါ်ပေါက်လာတတ်ပါသည်။

ထိုသို့ပေါ်ပေါက်လာပါက မြတ်စွာဘုရားရှင်က
အနတ္တလက္ခဏာသုတ်၌ဟောကြားတော်မူထားသည့်
အတိုင်း-
“ငါမဟုတ်၊ ငါ၏ဥစ္စာမဟုတ်၊ ငါ၏ကိုယ်မဟုတ်”
ဟူ၍ ဟုတ်တိုင်းမှန်စွာသိရှိပြီး ခပ်သိမ်းသော
သင်္ခါရတရားတို့သည်ဖြစ်ပြီးလျှင် မုချဧကန်အမှန်ပင်
ပျက်စီးခြင်းသဘောရှိသည် ဟုနှလုံးသွင်းသင့်ပါသည်။

သေကာနီးနှလုံးသွင်းတတ်ရန်နှင့်ပတ်သက်၍
ဗုဒ္ဓကအနာရောဂါပြင်းထန်စွာနှိပ်စက်ခံစားနေရပြီး
စိတ်ဆင်းရဲခြင်းသို့ရောက်နေရပြီး ဤအနာရောဂါဖြင့်ပင်
မုချသေရတော့မည်ကို သိထားသော
“ဒီဃာဝုဥပါသကာ”ကို လမ်းညွှန်ဟောကြားထားသော
သေကာနီးနှလုံးသွင်းမှု ပေးသောနည်းတရားသည်
အလွန်မှတ်သားဖွယ်ကောင်းပါသည်။

ဒီဃာဝုဥပါသကာသည် အနာနှိပ်စက်ဆင်းရဲမှု
ရောက်နေ၍ ဘုရားရှင်ကိုဖူးတွေ့တရားနာလိုကြောင်း
ဖခင်ဇောတိကသူကြွယ်ကိုပြောပြသည်။
ဖခင်ကလည်း ဘုရားရှင်ကိုသွားရောက်ပင့်ပေးခဲ့သည်။
ဘုရားရှင်သည်လည်း ကြွလာပေးပြီး
ဒီဃာဝုဥပါသကာကို သေကာနီးအာရုံထားနည်း
တရားကို ဟောကြားပေးခဲ့ပါသည်။

“ဒီဃာဝု...သင်သည် ဘုရားရှင်၌လည်းကောင်း၊
တရားတော်၌လည်းကောင်း၊ သံဃာတော်၌လည်းကောင်း
မတုန်မလှုပ် ယုံကြည်ခြင်းနှင့်ပြည့်စုံသောသူဖြစ်ရမည်။
အရိယာတို့နှစ်သက်သောသီလနှင့် ပြည့်စုံသူ
ဖြစ်ရပါမည်” ဟု ဗုဒ္ဓက လမ်းညွှန်ဟောကြားသည်။

ထိုအခါ ဒီဃာဝုက “အရှင်ဘုရားဟောကြားသော
သောတာပန်အင်္ဂါလေးပါးသည် တပည့်တော်၌
တည်ရှိပါသည်။တရားထူး၌လည်း ထင်မြင်ပါသည်”
ဟု လျှောက်ထားသည်။

“ဒီဃာဝု...သင်သည် သောတာပန်အင်္ဂါလေးပါး
ရှိလျှင် ဝိဇ္ဇာမဂ်ဥာဏ်လျှင်အဖို့ရှိသော-
- အလုံးစုံသောသင်္ခါရတို့၌ မမြဲဟု အဖန်တလဲလဲ
ရှု၍လည်းကောင်း၊
- မမြဲသောသင်္ခါရတရား၌ ဆင်းရဲမှုမှတ်ရှိသည်
ဖြစ်၍လည်းကောင်း၊
- ပယ်စွန့်အံ့ဟု အမှတ်ရှိသည်ဖြစ်၍လည်းကောင်း၊
- ချုပ်ငြိမ်းစေအံ့ဟု အမှတ်ရှိသည်ဖြစ်၍
လည်းကောင်းနေပါလော့။သင်သည် ဤသို့သာ
ကျင့်ရပါမည်” ဟု ဆက်လက်လမ်းညွှန်
ဟောကြားခဲ့ပါသည်။

ထိုအခါ ဒီဃာဝုဥပါသကာက-
“ထိုဝိဇ္ဇာမဂ်ဥာဏ်ခြောက်ပါးတရားသည် မိမိ၌
တည်ရှိပြီး ထင်လည်းထင်မြင်ပါသည်။မိမိ
စိုးရိမ်နေသည်မှာ မိမိသေသွားပါက ဖခင်ဇောတိက
သူဋ္ဌေးမှာ ဆင်းရဲခြင်းသို့ရောက်နေမည်ကိုသာ
စိုးရိမ်ပါသည်” ဟု လျှောက်ထားသည်။

ထိုအခါ ဖခင်ဇောတိကသူဋ္ဌေးက “သူ့အတွက်
မစိုးရိမ်ရန်၊ ဘုရားရှင်ဟောကြားသောတရားကိုသာ
နှလုံးသွင်းနေပါ” ဟု ပြောကြားသည်။

ထိုအခါ ဒီဃာဝုသည် ဘုရားရှင်ဟောကြားသော
တရားကိုနှလုံးသွင်းပြီး မကြာခင်ကွယ်လွန်ခဲ့ရာ
အနာဂါမ်ဖြစ်ပြီး ဗြဟ္မာဘုံသို့ ရောက်ရလေသည်။

ထိုဒီဃာဝုဥပါသကာကွယ်လွန်မှုနှင့်ပတ်သက်၍
ရဟန်းများက ဘုရားရှင်အားလျှောက်ထား
မေးမြန်းကြရာ ဘုရားရှင်က-

“ရဟန်းတို့...ပညာရှိသောဒီဃာဝုသည် နိဗ္ဗာန်
အားလျော်သောမဂ်-ဖိုလ်တရားကိုရရောက်ခဲ့သည်။
တရားဟောပုဂ္ဂိုလ်ဖြစ်သော ငါဘုရားကိုမပင်ပန်းစေ။
ဒီဃာဝုသည် အောက်ပိုင်းသံယောဇဉ်ငါးပါး
ကုန်ခြင်းကြောင့် ဗြဟ္မာဘုံ၌ ဥပပတ်ပဋိသန္ဓေနေ၍
ထိုဘုံမှပြန်လာခြင်းမရှိတော့ဘဲ ထိုဘုံမှာပင်
ပရိနိဗ္ဗာန်ပြုမည့်အနာဂါမ်ဖြစ်သည်” ဟု
မိန့်ကြားခဲ့ပါသည်။
【မဟာဝဂ္ဂသံယုတ်၊ ဒီဃာဝုဥပါသကာသုတ်】

ဗုဒ္ဓက တမလွန်ပြောင်းသူတို့အတွက် အားထားမှီခိုရာ
တရားများကိုဟောကြားရာတွင် အင်္ဂုတ္ထိုရ် ဒုတိယ
ပဏ္ဏာသက၊ ဗြဟ္မဏဝဂ္ဂ ပထမ ဒုတိယဒွေဗြဟ္မသုတ်၌-

အသက်(၁၂၀)နှစ်အရွယ်တွင် အိုမင်းရင့်ရော်နေသော
ပုဏ္ဏားကြီး(၂)ယောက်တို့သည် ဘုရားရှင်ထံသို့
ရောက်လာကြသည်။

“မိမိတို့သည် အသက်(၁၂၀)ရှိပါပြီ၊ ဒုဂ္ဂတိဘေးမှ
တားမြစ်ကြောင်းကုသိုလ်ကောင်းမှုများမပြုရသေးပါ။
အရှင်ဘုရားမှ ရှည်ကြာမြင့်စွာ အကျိုးစီးပွားဖြစ်ခြင်း၊
ချမ်းသာခြင်းအကျိုးငှာ ဆုံးမလမ်းညွှန်ပေးပါ”
ဟူ၍တောင်းပန်လျှောက်ထားကြသည်။

“ပုဏ္ဏားတို့...အို-နာ-သေခြင်းသည် ဤသတ္တလောကကို
အဆင့်ဆင့်ပို့ဆောင်နေပါ၏။ဤမျက်မှောက်ဘဝ၌
ကိုယ်နှုတ်၊ စိတ်စောင့်စည်းခြင်းသည် တမလွန်
ဘဝသို့ကူးပြောင်းသူအတွက် မှီခိုအားထားရာဖြစ်ပါ၏။

အို-နာ-သေဆင်းရဲဘေးသည် ဇိဝိတိနြေ္ဒကို
အဆင့်ဆင့်ပို့ဆောင်ပါသည်။သတ္တဝါတို့၏
အသက်သည်တိုတောင်းလှသည်။
အိုခြင်းတရားကအဆင့်ဆင့်ပို့ဆောင်ခံနေရသော
သတ္တဝါတို့အား ကိုးကွယ်ရာမရှိပါ။
သေခြင်းတရား၌ ဤမည်သောဘေးကို
ပညာမျက်စိဖြင့်မြင်အောင်ရှုပြီး ချမ်းသာကို
ဆောင်နိုင်သောကုသိုလ်ကောင်းမှုကိုပြုပါ။

✤ဤမျက်မှောက်ဘဝ၌ ကိုယ်၊ နှုတ်၊
စိတ်စောင့်စည်းခြင်း ၊
✤အသက်ရှင်နေစဉ် ကောင်းမှုပြုခြင်းသည်
တမလွန်လောကသို့ ပြောင်းသွားသူအား
ချမ်းသာခြင်းငှာဖြစ်စေပါသည်။

ပုဏ္ဏားတို့ ဤသတ္တလောကကို အို-နာ-သေမီးတို့သည်
လောင်မြိုက်နေပါသည်။ ဤမျက်မှောက်ဘဝ၌
ကိုယ်၊ နှုတ်၊ စိတ်စောင့်စည်းခြင်းသည် တမလွန်
ဘဝသို့ပြောင်းသွားသူအတွက် အားထား
မှီခိုကိုးကွယ်ရာဖြစ်ပါ၏။

အိမ်ကိုမီးစွဲလောင်သည်ရှိသော် အကြင်အိုးခွက်
စသော ပစ္စည်းတို့ကိုထုတ်ယူအပ်၏။
ထိုမီးမလောင်ခံရသောပစ္စည်းများသည်
အိမ်ရှင်အတွက်အကျိုးရှိပါ၏။

ဤအတူ ဤသတ္တလောကကို အို-နာ-သေမီး
တို့သည် စွဲလောင်ကုန်၏။ချမ်းသာကိုဆောင်နိုင်သော
ကုသိုလ်ကောင်းမှုကိုပေးလှူခြင်းဖြင့်
ထုတ်ယူအပ်ပါသည်။
ပေးလှူအပ်ပြီးသော အလှူဒါနသည်
ကောင်းစွာ ထုတ်ယူထားပြီးသည်နှင့် တူပါသည်။။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီအေ)】
Posted by►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment