နှမျောဘွယ် ကောင်းလှပေသည်
=====================
၂၄ နာရီ ကြာမျှ ကောင်းကင်တွင် ပျံဝဲလို့မှ မ၀သေးခင် မြေပြင်ရှိ ပကတိ အခြေအနေမှန်များကို ကင်းလွတ်ခဲ့ကြရသဖြင့် တဖုတ်ဖုတ် ပြုတ်ကျလာကြကုန်တော့သည်။
သို့အတွက် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ကြေငြာချက် တစောင် အမြန်ထုတ်၍ ကယ်တင်ခဲ့သော်ငြား နောက်ကျ သွားခဲ့ရရှာလေပြီ။
ငယ်ရွယ်သူများ ပီပီ ပကတိ အခြေအနေမှန်ကို မသုံးသတ်နိုင်ကာ ဘ၀င် လေဟတ် သွေးနားထင် ရောက်ခဲ့ကြကုန်သည်။ ပြည်တွင်း ပြည်ပမှ အသက် ၅၀ အရွယ် ရနေသော်လည်း သေသည်အထိ ကျောင်းသား ဘ၀ကို ခံယူနေကြရရှာသော အယူတိမ်းနေသော နတ်စိမ်းများရဲ့ နောက်ကွယ်က တော်လှန်ရေး ယောင်ယောင် တာဝန်မဲ့ စကားများကို နားယောင်ခဲ့ကြသည်။ အဆိုပါ နတ်စိမ်းများ အလိုကျ လိုက်လုပ်ခဲ့ကြပါက မြန်မာပြည်သည် ဆီးရီးယား ထက် ဆိုးဝါးသော အခြေသို့ ဆိုက်ရောက်သွားမည်ကား မလွဲဧကန်ပင် ဖြစ်တော့သည်။
စထွက်လာကြချိန်က တိုင်းပြည်အတွက် လွန်စွာ အရေးကြီးလှသော ရွေးကောက်ပွဲက စဘို့ ၈ လ ခန့်သာ ကျန်တော့သည်၊ ဆယ်တန်း စာမေးပွဲက ဖြေကြရတော့မည်။ ထိုအချိန်တွင် တိုင်းပြည်ကို ဆူဆူပူပူ မဖြစ်ချင် ကြသော ၈၈ မျိုးဆက် များ အပြင် အားလုံးက ဖြောင်းဖျကြသည်။ မရပေ၊ ကလေးအရွယ်များ လမ်းပေါ်သို့ ရောက်နေကြပြီ ဖြစ်သည်။ ပြည်သူတရပ်လုံးက အာဏာရှင်တို့ရဲ့ ရက်စက်လှသော လုပ်ရပ်များကို နားလည် ထားပြီး ဖြစ်၍ ငါတို့မှ မထောက်ခံရင် ပို၍ ဒုက္ခများရချေရဲ့၊ ကလေးတွေ ရေတိမ် နစ်ကုန်တော့မယ်ဆိုကာ နောင်လာ နောင်ခါဈေး၊ မျက်စိမှိတ် ထောက်ခံပြီး ၀ိုင်းရံပေးခဲ့ကြပေသည်။ တိုင်းပြည်ရဲ့ အနာဂါတ် ခေါင်းဆောင်ကောင်းများဟု ပင် ထင်မြင်လာခဲ့ကြသည်။
လွတ်မြောက်လာကြသည့်အခါ ပြည်သူများက ၀မ်းပမ်းတသာ နဲ့ ကြိုဆိုကြသည်။ အားကိုးတကြီးလည်း ရှိကြသည်။ တိုင်းသစ် ပြည်သစ် တည်ဆောက်ရေးနေသော အချိန်တွင် အတွေးသစ် အမြင်သစ် များ ဖြင့် တတတ်တအား ပါဝင် ကူညီ မည်ဟု ယူဆခဲ့ကြသည်။ သို့သော် ၂၄ နာရီ ပင် မပြည့်သေး ထစ်ကနဲ ဆို လမ်းပေါ်ထွက် ဆန္ဒပြမယ် သပိတ် တိုက်ပွဲ ဆက် မယ် ဆိုသော သူငယ်နာ မစင်သော စကားများကို ပြောလာကြ၍ လူထုကြီး ခမျာ မယုံနိုင်လောက်အောင် အံ့အား တသင့် ဖြစ်ကြရရှာသည်။ ဒေါသ အမျက်ချောင်းချောင်း ထွက်ခဲ့ကြလေပြီ။ ပြည်သူတို့၏ မေတ္တာပြင်းထန်စွာ စူးရှ ခဲ့ရလေပြီ။ အင်မတန်မှ နှမြောဘွယ် ကောင်းလှပြီး နှောင်းလူတို့ သင်ခန်းစာ ယူဘို့ သင့်လှပေသည်။
သို့အတွက် ဆက်လက်၍ မိုက်မဲနေကြအုန်းမည်ဆိုက မိမိမှ လူထုကြီး ကိုယ်စား မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်ထံ မေးမြန်းစုံစမ်းကာ ဧပြီလ ရဲ့ အပူပြင်ဆုံး နေ့တွင် ရန်ကုန် ပြည်သူ့ရင်ပြင်ကြီးတွင် ထိုင်ရာမထ အစာငတ်ခံ ဆန္ဒပြကြရန်သာ တိုက်တွန်းသွားရပေတော့မည်။
HSW
No comments:
Post a Comment