၉၆၉ ဦးဝီရသူရဲ့ အကြောင်း အင်တာနက်တွင် ပျံ့နှံ့နေသော သတင်းတစ်ပုဒ်
======================================================
မထေရ်မြတ်အချို့ ၀ိနည်းနဲ့အညီ နေစေချင်
6-4-2016
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံအဖြစ် ကမ္ဘာ တစ်ဝန်းလုံးက အသိအမှတ်ပြု လက်ခံထားပြီးသား ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားအောင်၊ ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ရဟန်းသံဃာ တွေ ဟာလည်း ၀ိနည်းနဲ့ညီတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ် ရဟန်း တွေဖြစ်ရပါတယ်။ ဘုန်းကြီးလည်း ဗုဒ္ဓသာသနာတော်ကြီး နေလို လလို ထွန်းလင်းတောက်ပပြီး မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ရှည်ကြာ တည်တံ့စေဖို့ ပေးအပ်တဲ့ သာသနာ့တာဝန်ကို ထမ်းဆောင်နေတဲ့ စာချဆရာတော်တစ်ပါး ဖြစ်ပါတယ်။ ဒီနေ့ ခေတ်ကာလမှာ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတွေအပေါ် တခြား ဘာသာခြားတွေရဲ့ အမျိုးမျိုးဝေဖန် တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။
သာသနာအရေခြုံ ရဟန်းသံဃာ အနည်းစု ကြောင့်လည်း ဗုဒ္ဓဘာသာကို တခြားဘာသာခြားတွေက အထင် သေးလာတဲ့သဘော ဖြစ်ပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ် ဆိုတဲ့ အဖြစ်မျိုး မကြုံရလေအောင် ဘုန်းကြီး ကတော့ မိမိကျောင်းထိုင် စာသင်ပို့ချနေရတဲ့ ဘုန်းတော်ကြီး ကျောင်းရဲ့ နာမည်ကို အစွန်းအထင်း မခံနိုင်ပါဘူး။ ၀ိနည်းနဲ့မညီတဲ့ သံဃာတော်အဖြစ် စွပ်စွဲခံရပြီဆိုရင် အဲဒီ သံဃာနေထိုင်တဲ့ ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်၊ တောရကျောင်းတွေဟာ နာမည်ပျက်တော့တာပါပဲ။ ဗုဒ္ဓဘာသာဝင် ပြည်သူများရဲ့ အထင်သေး ခြင်းကိုခံရပြီး မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကို စော်ကားရာရောက်ပါတယ်။ နောင်တမလွန်မှာ အပယ်ကျဖို့ သေချာသွားပြီ ဖြစ်ပါတယ်။
ရဟန်းသံဃာတော်တွေ လိုက်နာရတဲ့ဝိနည်း ၂၂၇ သွယ် ရှိပါတယ်။ မြတ်ဗုဒ္ဓရဲ့ သားတော် ရဟန်းအဖြစ် ခံယူပြီး ချိန်ကစပြီး အဲဒီဝိနည်းတွေကို အတတ်နိုင်ဆုံး စောင့်ထိန်းကျင့်ကြံရပါတယ်။ ဒါပေမယ့် သာသနာကို ခုတုံးလုပ်ပြီး တချို့ ရဟန်းသံဃာတွေဟာ ၀ိနည်းနဲ့မညီတဲ့ ငွေကြေးအလွဲသုံးစားမှု၊ ဘောလုံးပွဲလောင်းခြင်း အပါအ၀င် လောင်းကစားမှု၊ မာတုဂါမလို့ခေါ်တဲ့ မိန်းမပွေရှုပ်မှုတွေကို ကျူးလွန်နေတဲ့အတွက် ဗုဒ္ဓဘာသာ သာသနာကို အထင်သေးစေသလို အကြည်ညိုလည်း ပျက်စေပါတယ်။ တခြားဘာသာခြားတွေနဲ့ တခြား ဘာသာတွေရဲ့ လွှမ်းမိုးမှုကို ရင်ဆိုင်အန်တုပြီး အမျိုးဘာသာ၊ သာသနာ မပျောက်ကွယ်ရေး ကြိုးပမ်း ဆောင်ရွက် နေချိန်မျိုးမှာ တချို့ရဟန်းသံဃာတော်တွေဟာ မာတုဂါမတွေနဲ့ ငြိစွန်းနေတာကို ရှက်ဖွယ်လိလိ တွေ့မြင်ကြားသိနေရပါတယ်။ ဘုန်းကြီး လက်ရှိနေထိုင်တဲ့ စာသင်တိုက်မှာလည်း အဲဒီလို အရှက်ရဖွယ် လုပ်ရပ်ကို ကျူးလွန်နေတဲ့ ရဟန်းတစ်ပါး ရှိနေပါတယ်။ စာသင်တိုက်ရဲ့ ဂုဏ်ကို ညှိုးနွမ်းစေတော့မှာမို့ ဘုန်းကြီးလည်း တော်တော်လေး စိုးရိမ်နေ မိပါတယ်။
ဘုန်းကြီးတို့ လက်ရှိနေထိုင်တဲ့ စာသင်တိုက်ဟာ မန္တလေးမြို့ အခြေစိုက် စာသင်တိုက်များစွာထဲကမှ တစ်ခုဖြစ်ပါတယ်။ ၀ိနည်းနဲ့မညီ မာတုဂါမတစ်ဦးနဲ့ ငြိစွန်း နေတဲ့ ရဟန်းဟာလည်း ဒီကျောင်းတိုက်မှာ လက်ရှိ ရှိနေပါတယ်။ ဘုန်းကြီးလည်း အမျိုးဘာသာ သာသနာ အကျိုးကို ရှေ့ရှုပြီး အဲဒီရဟန်း တစ်နည်းအားဖြင့် ဆရာတော်ရဲ့ အကြောင်းစုံကို ဖွင့်ချ ရခြင်း ဖြစ်ပါတယ်။
အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးကို တက်ကြွစွာ ဆောင်ရွက်ခဲ့တဲ့ ဆရာတော်တစ်ပါး ခုလို ပြောင်းလဲသွားတာကို ဘုန်းကြီးဖြင့် ယုံတောင် မယုံနိုင်ပါဘူး။ ဒါပေမယ့် တစ်ကျောင်းတည်းအတူနေတဲ့အတွက် နေ့စဉ်မြင်တွေ့ကြားသိနေရတော့ မယုံလို့ မရတော့ပါ။ အဲဒီ ဆရာတော်နဲ့ ငြိစွန်းနေတဲ့ မာတုဂါမကတော့ ဘာသာသာသနာ ထွန်းကားပြန့်ပွားရေးအတွက် ရည်ရွယ်ထုတ်ဝေနေတဲ့ ဂျာနယ်တစ်ခုရဲ့ အရေးပါ အရာ ရောက်တဲ့ တာဝန်ယူထားသူလို့ သိရပါတယ်။ စာသင်တိုက်က ကိုရင်လေးတွေ တီးတိုးပြောတုန်းက ဘုန်းကြီး ကိုယ်တိုင် မဟုတ်တာမပြောကြနဲ့လို့ ဆူပူခဲ့တာပါ။ တဖြည်းဖြည်းနဲ့ ရဟန်းတွေကပြောလာတော့ နည်းနည်း စဉ်းစားရပြီ။ တစ်ညမှာတော့ မထင်မှတ်ဘဲ ဘုန်းကြီး ကိုယ်တိုင်ကြုံလိုက်ရတာပါ။ တရားပွဲအပြီး ဘုန်းကြီး လည်း ကုဋီသွားဖို့ အဲဒီဆရာတော်ရဲ့ ကျောင်းတိုက် အခန်းရှေ့က ဖြတ်ကြွခဲ့မိတယ်။ ဖုန်းပြောနေသံကို ဒီအတိုင်းကြားနေရတယ်။ ဆရာတော်နဲ့ ပြောနေတဲ့ တစ်ဖက်လူဟာ မာတုဂါမတစ်ယောက်ရဲ့အသံ ဖြစ်နေ တော့ ဘုန်းကြီးလည်း နားမထောင်သင့်တော့ဘဲ ခပ်မြန်မြန်ကြွလာခဲ့ရတယ်။
ညစဉ်ညတိုင်း တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုနေတာကို စာသင်တိုက်မှာနေတဲ့ ရဟန်းသံဃာတော်တွေနဲ့ ကိုရင်လေးတွေ အားလုံးသိကုန်ကြပြီ။ ပြောရမှာ အားနာပေမယ့် ရှေ့မျက်နှာ နောက်ထားပြီး ပြောပါရစေ။ အဲဒီ ဆရာတော်ဟာ ကျောက်ဆည်ဇာတိဖြစ်ပြီး ၈၈ အရေးအခင်းအပြီးမှာ ဘုန်းကြီးဝတ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်က ကျောက်ဆည်မြို့ လေးမျက်နှာ ဘုရားမှာ မွတ်စလင်ဆန့်ကျင်ရေး ဟောပြောရာမှ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခြင်းနဲ့ လှုံ့ဆော်စည်းရုံးခြင်းတို့ကြောင့် ထောင် ၂၅ နှစ် ကျခဲ့ပါ တယ်။ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလထဲမှာ မြစ်ကြီးနားထောင်ကနေ ပြန်လွတ်လာ ခဲ့ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလကို မမှီခဲ့သလို ထင်ရှားတဲ့ သာသနာ့ အာဇာနည်များစာရင်းမှာလည်း မပါဝင်ခဲ့ပါဘူး။ နိုင်ငံရေးအကျဉ်းသားလည်း မဟုတ်တဲ့အတွက် မန္တလေး အခြေစိုက် စာသင်တိုက်မှာ ပြန်လည်ခြေချခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ထောင်ကနေ လွတ်လာပြီးတော့ အဲဒီ ဆရာတော်ဟာ ကြေညာချက်တွေထုတ်ပြီး ထင်ရှားတဲ့ ဆရာတော်ကြီးတွေကို ဝေဖန်ပုတ်ခတ်ပါတော့ တယ်။ အဲဒီနောက်ပိုင်း အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးနဲ့ မွတ်စလင်ကုလားတွေရဲ့ ရန်ကို မြန်မာပြည်သူတွေ အစဉ်သတိရှိ ကာကွယ်ရေးအတွက် အမျိုးသားရေးတရားတွေ ဟောကြားရင်း နာမည်ကြီး လာခဲ့ပါတယ်။
ဆရာတော်ရဲ့ လုပ်ဆောင်ချက်တွေဟာ ထင်ရှားလာတဲ့အတွက် ပြည်ပသတင်းဌာနတွေကတောင် လာရောက် အင်တာဗျူးရတဲ့ အခြေအနေ ဖြစ်လာခဲ့ရပါတယ်။ ဆရာတော်ရဲ့ လုပ်ဆောင်ချက်တွေဟာ အမေရိကန်နိုင်ငံက နာမည်ကြီးမဂ္ဂဇင်းကြီးတစ်စောင်ရဲ့မျက်နှာဖုံးမှာတောင်ပါဖူးပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေး ရောထွေး ဆက်စပ် လုပ်သလို ဖြစ်နေတဲ့အတွက် ဆရာတော်ဟာ အမျိုးသမီးနဲ့ လူမှုရေးရှုပ်ထွေးလာတာ ဖြစ်ပါတယ်။ ဘုရားသား တော် ရဟန်းဖြစ်တဲ့အတွက် ၀ိနည်းကို ဖောက်ဖျက်လို့ မရပါဘူး။ အစောက ပြောခဲ့တဲ့ ၀ိနည်း ၂၂၇ သွယ်မှာ မာတုဂါမ နဲ့ပတ်သက်ပြီး ဘုရားရှင် ပညတ်ထားတဲ့ သံဃာဒိသိသ် ၁၃ ပါးရှိပါတယ်။ အဲဒီ သိက္ခာပုဒ်တွေကို ဖောက်ဖျက် မိရင် အာပတ်ဖြေလို့ မရပါဘူး။ ဗုဒ္ဓသာသနုာကို ညှိုးနွမ်းအောင် လုပ်နေတဲ့ အဲဒီဆရာတော်ကို မဟန အဖွဲ့မှ သံဃာ့စည်းမျဉ်းနဲ့အညီ စစ်ဆေးဆောင်ရွက်သင့်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်။
အရှင် ငါးမည်ရ
Credit:ရွှေဝါရောင် သံဃာများ
No comments:
Post a Comment