“ ဦးသိန်းစိန်ခေတ် မြန်မာ့နွေဦး” (မှူးဇော်)
နွေဦး၊ နှစ်အကူး၊ ဤတန်ခူး
မြန်မာ့နွေဦးကား နှစ်အကူးအချိန်အခါသို့ ရောက်ရှိတော့မည်။ ဤတန်ခူးသည်လည်း အစိုးရသစ် လက်ထက် (၄)နှစ်မြောက်ခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော (၄)နှစ်ကာလ တန်ခူးလသို့ ပြန်ပြောင်းစောင်းငဲ့ ကြည့်လျှင် နိုင်ငံတော်သမ္မတကြီး တာဝန်ယူစ ညီအစ်ကို မသိတသိကာလကို တွေ့မြင်ရပေမည်။ အသစ် စက်စက်လွှတ်တော်အဆောက်အအုံကြီး၌လည်း ပြည်သူ့ကိုယ်စားလှယ်များ ၂၀၀၈ အခြေခံဥပဒေကို ကိုင်၍ ကတိသစ္စာပြုခဲ့ကြပါ၏။ ထိုစဉ် က နိုင်ငံတော်သမ္မတကြီး၏ တည်ငြိမ်သော၊ အေးဆေးသော၊ ကရုဏါသံလွှမ်းသော စကားသံများဖြင့် ပြည်ထောင်စုလွှတ်တော်မိန့်ခွန်း၊ သမ္မတအိမ်တော်မိန့်ခွန်းများက မြန်မာ့ နိုင်ငံရေး ပွင့်လင်းမှုတံခါးကို ဆွဲဖွင့်ခဲ့ပါ၏။ ပူပြင်းလှသော မြန်မာ့နွေဦးတွင် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲများ စတင်ခဲ့ပါ၏။
သို့လော သို့လော သံသယများဖြင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို မယုံမရဲ စူးစမ်းခဲ့ကြပါ၏။ တပ်မတော်အုပ်ချုပ်သော ခေတ်မှ ဒီမိုကရေစီခေတ်သစ်တစ်ခုသို့ ပေါင်းကူးပေးခဲ့သော ပထမခြေလှမ်း သည် ယခုကဲ့သို့သော နွေဦးကာလ မြူဆိုင်းစတွင် အဦးဆုံးပေါ်ထွက်ခဲ့ခြင်းလည်း ဖြစ်သည်။ တစ်နည်း အားဖြင့် ဒီမိုကရေစီမင်္ဂလာခရီးသည် နှစ်သစ်ကူးပြောင်းစ နုသစ်လှပနေခဲ့ခြင်း ဟု ဆိုနိုင်သည်။
အပြောင်းအလဲများ၏ သဘောသဘာဝ
ပြန်ကြည့်လျှင် အားလုံးသော ပြည်သူများအနေဖြင့် ထိုစဉ်က မည်မျှ မြင့်မြင့်မျှော်မှန်း၍ မည်မျှ ပြောင်းလဲမည် ဟု ယူဆထားခဲ့ကြပါသနည်း။ “အုပ်ချုပ်သူပြောင်း-မူမပြောင်း” အခြေအနေတစ်ရပ် ပေါ် ထွက်လာမည်၊ ထူးမခြားနား ပတ်ပျိုးသံ နားဆင်ကြရလိမ့်မည်၊ Political Space အနည်းအကျဉ်း ပေါ်ထွက်လာမည်၊ “ပုလင်းအသစ်နှင့်ဝိုင်အဟောင်း”သာ ဖြစ်သည်၊ စသည် စသည်အားဖြင့် မှန်းဆထား ခဲ့ကြသည် မဟုတ်ပါလော။ မြန်မာ့နွေဦး မည်သည့်နေရာ ရောက်ရှိနေသနည်း သိရှိနိုင်ရန် လာရာလမ်းကို ပြန်ကြည့်ရန် လိုအပ်ပါ၏။ အမှန်စင်စစ်မတော့ အပြောင်းအလဲများသည် မရေမတွက်နိုင်အောင် ပေါ် ပေါက်ခဲ့ပြီး ဖြစ်သည်။ ရန်ကုန်မြို့လည်ခေါင် လမ်းမကြီးဘေး ပလက်ဖောင်းများပေါ်တွင် ကြိုက်သည့် အော်ပရေတာ၏ မိုဘိုင်းဖုန်း ဆင်းကဒ်များကို ငွေကျပ် ၁၅၀၀ ဖြင့် ၀ယ်ယူနိုင်နေပြီုဖြစ်သည်။ မိုဘိုင်းဖုန်း များ မှုလိုပေါက်လာခြင်းမှ မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက် မှုမှာ ကြီးမားလှပါပေ၏။
ခုပျက်-ခုပြင်-ခုကောင်း ဟူသည်မှာ ဆေးကြိမ်လုံးနှင့် ၀ိဇ္ဇာဇော်ဂျီ တပသီတို့၏ မှော်အစွမ်းဖြင့် ဖန်ဆင်းကြသည်မှာ ဒဏ္ဍာရီများတွင်သာ ရှိပါ၏။ နှစ်ပေါင်းများစွာ နောက်ကျကန်ရစ်ခဲ့ရသော ဤနိုင်ငံကို ပြုပြင်ပြီး အပြောင်းအလဲများ ဖြစ်လာစေရန် ကြိုးပမ်းရာ၌ ရေကြည်ချက်ချင်းသောက်နိုင်သော ရေတွင်း များ မဖြစ်နိုင်ပါ။ သို့တိုင်အောင် နိုင်ငံတော်သမ္မတကြီးလက်ထက် ဂျီဒီပီတိုးတက်မှုနှုန်းများကို ကြည့်လျှင် ပထမနှစ် (၅.၆%)၊ ဒုတိယနှစ် (၇.၃%)၊ တတိယနှစ် (၈.၃%)၊ စတုတ္ထနှစ် (၈%) ကျော်၊ ပဉ္စမနှစ် (၉%) မျှော်မှန်းထားသည်။ ဤကိန်းဂဏန်းများမှာ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် စသည့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၏ အကဲဖြတ်ချက်များပင် ဖြစ်သည်။
လူ့အဖွဲ့အစည်းတစ်ရပ် ပွင့်လင်းလာခြင်း၏ အခြားတစ်ဘက်တွင် မင်းမဲ့စရိုက်နှင့် ဥပဒေစိုးမိုးရေး အရောရောအထွေးထွေး ဖြစ်လာတတ်သည်မှာလည်း အသွင်ကူးပြောင်းရေး၏ စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။ အသွင်ကူးပြောင်းရေး၊ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော ပြည်တွင်းငြိမ်းချမ်းရေးကို အသစ် က ပြန်စနေရသော နိုင်ငံတစ်နိုင်ငံအနေဖြင့် အပြောင်းအလဲများကို စီမံရာတွင် မိသားစုစိတ်ဓါတ် အထူး အားဖြင့် လိုအပ်ပါ၏။ အပြောင်းအလဲနှင့် တာဝန်ယူမှုတို့ကို ဒုတ်ဒုတ်ထိ ရင်ဆိုင်ရသောအခါ “စွန့်စားရမှု” တို့ ရှိလာတတ်သည်။ စွန့်စားရမှု၏အလွန်တွင် အောင်မြင်မလား-ကျဆုံးမလာ တပ်အပ်သေချာမသိနိုင် သေးသောကြောင့် အစိုးမရသော အနတ္တသဘောကို ဖြတ်သန်းကြရမည်သာ ဖြစ်သည်။ လူ့အဖွဲ့အစည်း တစ်ရပ်လုံး အသွင်ကူးပြောင်းနေဆဲ ကာလတွင် အတိတ်နှင့် သံယောဇဉ်မပြတ်နိုင်သေးသူ အချို့မှာ လည်း အတိတ်၌ ဆောက်တည်အပ်သော အဖြူ-အမည်းကစားပွဲ ဟု ဆက်လက်မှတ်ယူနေကြဆဲ ဖြစ် သည်။ အယူအဆမူတညီသူများအား “ဖယ်ထုတ်ရေး” အယူအဆတို့ အားကောင်းလာသည့်အချိန်တွင် အသွင်ကူးပြောင်းရေးအတွက် ရင်တမမ ဖြစ်ရသည်မှာလည်း အမှန်ပင် ဖြစ်သည်။ ရွေးကောက်ပွဲ အောင် နိုင်ရေးကို မျက်နှာမူကြသောအခါ ဒလကြမ်းချေမှုန်းနိုင်ရေးကို ဦးထိပ်ထားကြလေတော့၏။
ပြောင်းလဲလာသော နည်းပညာ၊ ကမ္ဘာနှင့် ကူးလူးဆက်သွယ်နိုင်မှုတို့အရ လူ့အဖွဲ့အစည်း၏ အခြေအနေပြောင်းလဲလာသည့်နည်းတူ ကိုယ်ကျင့်သီလနှင့် စာရိတ္တတို့သည်လည်း ပြောင်းလဲလာခဲ့ပါ၏။ လောကနီတိ၊ လူမှုနီတိ စသည်တို့သည်လည်း မြန်မာဟူသော သရုပ်သင်္ကေတကို ကိုယ်စားပြုနေ ကြောင်း ပြန်ပြောင်းနှိုးဆော်နေရသည်ကိုလည်း တွေ့ရှိရပါ၏။ တစ်ချိန်က လူငယ်လူရွယ်များ အချိန်ဖြုန်း ရာ လက်ဘက်ရည်ဆိုင်များနေရာတွင် ဘီယာဆိုင်နှင့် အရက်ဆိုင်များ အစားထိုးဝင်ရောက်လျက် ရှိသည်။ ကက်ဆက်တိတ်ခွေကို နားထောင်၍ လက်ဘက်ရည်ပေါ့ကျတစ်ခွက်ဖြင့် ဖွဲ့ခဲ့သော လူငယ်တို့ ၏ စကားဝိုင်းများနေရာတွင် ဟစ်ဟော့ဂီတသံ၊ ဘီယာတစ်ခွက်၊ အရက်တစ်ခွက်တို့ဖြင့် စကားဝိုင်းများ အစားထိုး နေရာယူလာနေသည်ကိုလည်း ကြေကွဲစွာ တွေ့မြင်နေရပါ၏။ ခေတ်နှင့် အဆက်ဖြတ်ရန် မဟုတ်၊ ခေတ်ဟောင်း ပြန်လည်ဆန်းသစ်ရန် မဟုတ်သော်လည်း အနာဂတ်၏ခေါင်းဆောင်များ သေရည်သေရက်၊ မူးယစ်ဆေးဝါးများ၏ ဖမ်းစားမှုနောက် လိုက်ပါနေကြသည်ကို မချိတင်ကဲ တွေ့မြင်နေ ရခြင်းပင် ဖြစ်သည်။
တစ်ခုလုံး ပြန်လည်ဆန်းစစ်လျှင် “မြန်မာ့တန်ဖိုး” ပျောက်ကွယ်စ ပြုလာမည်ကို စိုးရိမ်မိခြင်း လည်း ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံရေးစနစ်တွင် အနောက်တန်ဖိုးများ ဇွတ်အတင်း သွတ်သွင်းကြခြင်း ကြောင့် မြန်မာပုံစံမှာ ဟိုမရောက် ဒီမရောက် ဖြစ်နေရသည့်ကြားထဲ လူ့အဖွဲ့အစည်း၏ လူမှုတန်ဖိုးများ အပြောင်းအလဲ ဖြစ်နေသည် သတိပြုကြရန် ဖြစ်သည်။ လူကြီးသူမ၊ ဆရာသမားများကို ရိုသေကိုင်းရှိုင်း သော မြန်မာ့တန်ဖိုးသည် ဖျောက်ဖျက်ကောင်းသော အမွေအနှစ်တော့ မဟုတ်ပါလေ။
ငယ်ဘ၀ မော်ဒယ်များ
ပီမိုးနင်း၊ နန္ဒသိန်းဇံ၊ လူထုဦးလှ စသည်တို့၏ ကိုယ့်ဒူးကိုယ်ချွန်ရေး စာအုပ်များဖြင့် ကြီးပြင်းလာ ခဲ့ရသော အတိတ်ကာလ နွေရက်များကို ပြန်လည်သတိရမိသည်။ ရက်ပိုင်းအတွင်းမှာပင် စာပေတိုက် တစ်တိုက် အပြီးတိုင်ပိတ်သိမ်းလိုက်ရသည့် သတင်းကို ဖတ်မိတော့ စာအုပ်၊ စာပေများဖြင့် ကြီးပြင်းလာ ခဲ့ရသောလူငယ်များ နည်းပါးသွားပြီလား ဟုပင် တွေးတောမိပါ၏။ အင်တာနက်နှင့် နည်းပညာ အပြောင်း အလဲများ လှိုင်းလုံးသဖွယ် ရိုက်ခတ်မှုတွင် ရသစာပေအခန်းကဏ္ဍတို့ မှေးမှိန်သွားပြီလော။ ယခင်ခေတ် စာပေဟောပြောပွဲများမှာ လူငယ်တို့၏ စိတ်ဓါတ်နှင့် စာရိတ္တကို မြှင့်တင်ပေးနိုင်သော ဟောပြောမှုများ ဖြစ်ခဲ့သော်လည်း ယနေ့ခေတ် စာပေဟောပြောပွဲများမှာ အနှစ်နှစ်အလလ ပြောခွင့်မရခဲ့သော အာဃာ တနှင့် အငြိုးများ သွန်ချနေကြသည်နှင့်ပင် ဆင်တူနေပါ၏။
နွေကျောင်းပိတ်ရက်များတွင် ဘုန်းကြီးကျောင်းသွား၍ အဘိဓမ္မာသင်ယူခဲ့ရသည်နှင့် အားမရ သေးဘဲ မဟာဘုတ်မှအစပြု၍ သင်ပေးရန် ပူဆာခဲ့ဘူးသော ဘုန်းကြီးကျောင်းသားဘ၀များကိုလည်း ပြန်ပြောင်း သတိရမိပါ၏။ “နာသုံးနာ”နှင့် ပြည့်ဝသော ဆရာ၊ ဆရာမများ ယုံတမ်းမဟုတ်၊ အမှန် တစ်ကယ်ပင် ရှိခဲ့ပါ၏။ မြေလတ်မြို့ကလေး၏ ဆင်ခြေဖုံး မူလတန်းကျောင်းလေးတစ်ကျောင်းတွင် လေးတန်းကျောင်းသားများမှာ စာမေးပွဲနီးကပ်လာလျှင် “ညကျောင်း” တက်ကြရပါ၏။ မှောင်ရီဝိုးတ၀ါး တွင် နို့ဆီခွက်ဟောင်းလေးများ၌ ဖယောင်းတိုင်ထွန်း၍ လက်ဆွဲမီးအိမ်သဖွယ် ပြုလုပ်၍ အသုံးပြုခဲ့ဘူးပါ ၏။ စာမေးပွဲအလွန်အမင်း နီးကပ်လာချိန်တွင် စာမလိုက်နိုင်သော ကျောင်းသားများအား ကျောင်းအုပ် ဆရာကြီးက ဧရာဝတီမြစ်ကမ်းနံဘေးရှိ ၄င်း၏ နေအိမ်တွင် နေထိုင်စေကာ အနီးကပ် သင်ကြားပေးခဲ့ ပါ၏။
စည်းကမ်း တင်းကျပ်သော ထိုဆရာကြီးကို မြင်လျှင် ကျောင်းသားများသာမက ဆရာ၊ ဆရာမ များကပင် ကြောက်ရွံ့ရိုသေကြရပြီး ဆိုးလွန်းသော ကျောင်းသားများဆိုလျှင် အလံတိုင်ကို ဖက်စေ၍ ကြိမ်လုံးဖြင့် ရိုက်၍ ဆုံးမခဲ့သူပင် ဖြစ်သည်။ ထိုသို့ ချစ်ကြောက်ရိုသေခဲ့ရသော ထိုဆရာကြီးသည် ဆရာကန်တော့ပွဲများသို့ ယခင်က ကျောင်းသို့ လာခဲ့သော လမ်းကြောင်းအတိုင်း လမ်းလျှောက်၍ လာ ရောက်ခဲ့သည် ဟု ကြားသိရပါ၏။ ယနေ့ ဒီမိုကရေစီခေတ်တွင် ထိုသို့သော ဆရာကြီးများကို လူ့အခွင့် အရေးချိုးဖောက်သည်၊ ကလေးသူငယ် ညှင်းပမ်းနှိပ်စက်သည် ဟု ဆိုကြလေမလားပင် တွေးမိပါ၏။ ဘုန်းကြီးကျောင်းအတွင်း ဖွင့်လှစ်ထားသော အလယ်တန်းကျောင်းကလေး တစ်ကျောင်းတွင် သင်ကြား ရင်း အားလပ်ချိန်၌ မန်ကျည်းပင်ရိပ်အောက်၌ ပုံပြောပြိုင်ပွဲ၊ စကားနိုင်လုပွဲများ ပြုလုပ် ခဲ့ကြသည် ကိုလည်း ပြန်လည်မြင်ယောင်မိပါ၏။ ဘုန်ကြီးကျောင်း၏ အရိပ်အာဝါသသည် မန်ကျည်းပင် ကြီးများ ကြောင့် ပို၍အေးမြခဲ့ဘူးသည်။ အမှန်စင်စစ် မြန်မာနိုင်ငံတွင် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း တစ်ဆက်တစ်စပ်တည်း ဖြည်တည်လာခဲ့ခြင်း ဖြစ်ပါ၏။
အနောက်ဘက်မှ ပြန့်နှံ့ရောက်ရှိလာခဲ့သော နိုင်ငံရေးအယူအဆများကြားတွင် ဆရာ၊ ဆရာ မများ၏ အခန်းကဏ္ဍမှာလည်း သိသိသာသာ ပြောင်းလဲလာခဲ့ပါ၏။ အနန္တောအနန္တငါးပါးတွင် တစ်ပါး အပါအ၀င်ဖြစ်သော ဆရာ၊ ဆရာမများကို ရှိခိုးပူဇော်ကန်တော့ကြသည့် အလေ့အထကို နိုဗယ်လ်ဆုရ ကမ္ဘာကျော်ဘောဂဗေဒပညာရှင် စတစ်ဂလစ်က မြန်မာ့လူ့အဖွဲ့အစည်း၏ Social Capital ဟုပင် ထုတ်ဖော်ရေးသားခဲ့ဘူးပါ၏။ ထိုသို့သော “မြန်မာ့တန်ဖိုး”များ မြန်မာနိုင်ငံတွင် အမှန်တစ်ကယ်ပင် ရှိခဲ့ပါ ၏။ အချို့လည်း မှေးမှိန်သွားပြီ ဖြစ်ပါ၏။
ဦးသိန်းစိန်နှင့် ထိုနွေဦး
နွေဦးသည်ကား ပူပြင်းမှုများနှင့် စတင်လျက် ရှိချေပြီ။ နွေဦး၌ မြူဆိုင်း၍ ရွက်ဟောင်းများ ကြွေကျနေသည်မှာလည်း လွမ်းစရာ့အသွင် တွေ့မြင်ရပါ၏။ လေးနှစ်သား မြန်မာ့နွေဦး၏ ပဲ့ကိုင်ရှင်ဖြစ် သော နိုင်ငံတော်သမ္မတကြီးမှာ ပင်ကိုအားဖြင့် ရိုးသားသူ၊ စိတ်ရင်းနှလုံးသားကောင်းမွန်သူ၊ စိတ်ရင်းစေ တနာပြည့်ဝသူ ဖြစ်ပါ၏။ အချို့သော ဆုံးဖြတ်ချက်များတွင် ဘက်စုံငဲ့ညှာ၍ ဆုံးဖြတ်လုပ်ကိုင်ရမှုအပေါ် အားမလို အားမရ ဖြစ်ကြသူများလည်း ရှိပါလိမ့်မည်။ “လွတ်လပ်မှု” နှင့် “တရားဥပဒေစိုးမိုးမှု” အစွန်းနှစ် ဘက်အကြားတွင် သမုတိဝိရောဓိကို ကျော်ဖြတ်နေရပါ၏။
အကွဲကွဲ အပြားပြား ဖြစ်လွန်းလှသော မြန်မာ့ လူ့အဖွဲ့အစည်းတွင် အားလုံးနှင့် သဟဇာတဖြစ်သော လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ရန်ပင် မလွယ်ကူလှပါ။ အင်အားစု အသီးသီးအကြားက အမုန်းတရားများကလည်း ပြင်းထန်လှပါ၏။ တပ်မတော်၏ ပါဝင်မှုကို ထောက်ပြသူများအနေဖြင့် ဗြိတိန်နိုင်ငံ၏ House of Lord ကို မေ့ချင်ယောင်ဆောင်နေကြဟန် တူပါ၏။ အင်ဒိုနီးရှား အသွင်ကူးပြောင်းမှုတွင် (၄၀%)အထိ ရယူခဲ့ပြီး တဖြည်းဖြည်းချင်း အောင်မြင်စွာ လျှော့ချခဲ့ သော Success Story ကို ညွှန်ရမည့်အစား မတူညီသော၊ အတိတ်က ကျင့်သုံးခဲ့ပြီး ကျဆုံးခဲ့ရသော ပါလီမန်ဒီမိုကရေစီစနစ်ကို ဈေးကွက်တင်ကြော်ငြာနေကြသည်များလည်း တွေ့ရှိရပါ၏။ တောင်အာဖရိ က အသွင်ကူးပြောင်းမှုမှာ Truth Commission ကို ဥပမာပေးနေသော်လည်း လူဖြူ-လူမည်း နှစ်ရပ်စလုံး ကိုးကွယ်ရာ ဘာသာတရားကို အခြေခံ၍ ယင်းကော်မရှင် ဖြစ်ပေါ်လာခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်း နှင့် ညီ-မညီ မကြည့်သည်ကိုလည်း စိတ်မကောင်းဖွယ်ရာ တွေ့မြင်ခဲ့ရပါ၏။
ဒီမိုကရေစီအသွင်ကူးပြောင်းမှုတို့သည် ပုံသေသဘော၊ မျဉ်းတန်းသဖွယ် မရှိပါ။ ကမ္ဘာတစ်ဝှမ်း အောင်မြင်သော အသွင်ကူးပြောင်းမှုများတွင် ယေဘုယျအားဖြင့် အနည်းဆုံး (၁၀)နှစ် အချိန်ယူရပြီး အများစုသော ကူးပြောင်းမှုများမှာ နောက်ပြန်လှည့်ခြင်း၊ ဒီမိုကရေစီပြိုလဲခြင်းများနှင့် တွေ့ကြုံနေရပါ၏။ မြန်မာနိုင်ငံနှင့် မတိမ်းမယိမ်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို လျှောက်လှမ်းခဲ့သော အာရပ်နွေဦးမှာ ဒဏ်ရာဒဏ်ချက်များ ဗလပွဖြင့် ကျဆုံးနေကြပြီ ဖြစ်သည်။ မကြာသေးခင်ကပင် NCA မူကြမ်း သဘောတူညီနိုင်ခဲ့ခြင်းသည် ကြီးမားလှသော ခြေလှမ်းကြီးတစ်ရပ် ဖြစ်ပါ၏။ သို့အတွက် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ အားလုံးကို ကျေးဇူးတင်ရမည် ဖြစ်သည်။ အမှန်စင်စစ် နိုင်ငံတကာမှ မည်သည့်ပညာရှင်ကမှ ဖြစ်နိုင်မည် ဟု မမျှော်လင့်ခဲ့ကြပါ။ မဖြစ်နိုင် ဟုလည်း အများစုက တွက်ချက် ထားခဲ့ကြပါ၏။ စိတ်ကူးယဉ်အိပ်မက် ဟု ယူဆထားသော NCA မူကြမ်း တစ်ကယ်ဖြစ်လာသောအခါ ၀မ်းမြောက်ဝမ်းသာ မုဒိတာပွားများကြသူများတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိပ်ဆုံးမှ ဖြစ်နေသည် မှာလည်း အထက်ပါ အယူအဆများကြောင့်ပင် ဖြစ်ပါ၏။ ပညာရှင်အချို့ကဆိုလျှင် ဤမျှခက်ခဲ့သော သဘောတူညီချက် ရရှိအောင် မည်သို့ ကြိုးပမ်းဆောင်ရွက်ခဲ့သနည်း ဟူသည်ကို အလေးပေးလေ့လာ ရမည် ဟု ဆိုကြသည်အထိပင် ဖြစ်သည်။
မဖြစ်နိုင် ဟု တွေးထင်ခဲ့ကြသည်များ တက်တက်စင်အောင် မှားအောင် လုပ်ပြခဲ့သည်မှာ မြန်မာ့ နွေဦး ခရီးအစကတည်းကပင် ဖြစ်ပါ၏။ အပြောင်းအလဲကို လျင်လျင်မြန်မြန်လိုချင်ကြပါသည်၊ ချက်ချင်း လက်ငင်း အကျိုးခံစားလိုကြပါသည်၊ ဒီမိုကရေစီပြောင်းသည်နှင့် ကြွယ်ဝချမ်းသာလာကြမည် ဟု ထင်မြင် ယူဆတတ်ကြပါသည်။ ဤသည်မှာ အပြောင်းအလဲအပေါ် ဖြစ်တတ်သော မျှော်လင့်ချက်ပင် ဖြစ်ပါ၏။ လူထုမျှော်လင့်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်လည်း ကြိုးစားရလေ့ ရှိပါ၏။
နှစ်ပေါင်းများစွာ ဆိုရှယ်လစ်ဗဟိုဦးစီးစနစ်အောက်၊ ဆယ်စုနှစ်နှင့်ချီ၍ စစ်ဘက်အုပ်ချုပ်မှုအောက်မှ ရုန်းထရသော မြန်မာနိုင်ငံအဖို့ အသွင်ကူးပြောင်းရေးတွင် နိုင်ငံတော်သမ္မတကြီးကဲ့သို့ ခေါင်းဆောင်မျိုး ရရှိခဲ့သည်မှာ ကံကောင်းလှပါ၏။ အသွင်ကူးပြောင်းရေးတွင် ခေါင်းဆောင်မှု သိပ်ကို အရေးကြီးလှပါ၏။ သဘောထားတင်းမာသော၊ စိတ်မြန်လက်မြန် ဆုံးဖြတ်တတ်သော၊ အတ္တနှင့် မာနကို ရှေ့တန်းတင်သော၊ အကြွင်းမဲ့အာဏာ တည်ဆောက်လိုသော ခေါင်းဆောင်မျိုးနှင့် ဆိုလျှင် မြန်မာ့နွေဦး အစိတ်စိတ် အမွှာမွှာဖြင့် အမှုန့်ဖြစ်နေမည်မှာ ကြာလှပြီ ဖြစ်သည်။ ဆိုရလျှင် အသွင်ကူးပြောင်းရေး၏ သဘော သဘာဝအတိုင်း တွေ့ကြုံရတတ်သည့် စိန်ခေါ်မှုများ အကျပ်အတည်းဘ၀သို့ ဆိုက်ရောက်ခြင်း မရှိစေရန် “အမြော်အမြင်” နှင့် “ဆင်ခြင်ဥာဏ်” က အဓိက ကျနေပါကြောင်း မီးမောင်းထိုး တင်ပြလိုခြင်းသာ ဖြစ် ပေသည်။
[Democracy Today Daily, 9 April 2015]
No comments:
Post a Comment