ဥပုသ်နေ့အကြောင်း သိကောင်းစရာများ
═══════════════════════
မေး။ ။ အရှင်ဘုရား တပည့်တော်တစ်ခုလောက်မေးချင်လို့ပါဘုရား။ တပည့်တော်တို့ဆရာက မေးခိုင်းလို့ပါ။ ဥပုသ်နေ့ကို ဘာဖြစ်လို့ (၈)ရက်နေ့နဲ့ (၁၅)ရက်နေ့လို့ သတ်မှတ်ခဲ့တာလဲဆိုတာသိချင်လို့ မေးခိုင်းလို့ပါဘုရား။ အရှင်ဘုရား အားတဲ့အချိန် ဖြေကြားပေးစေလိုပါတယ်ဘုရား။
ဖြေ။ ။ ၀ါတွင်းကာလလည်း နီးလာတာနဲ့ ဥပုသ်အကြောင်း မေးလာတဲ့မေးခွန်းများကို အချိန်မီသိရှိရအောင် ဖြေပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသောအကျင့်များနဲ့ပြည့်စုံစွာ ၀သထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်ကျင့်သီလမပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ဥပုသ်စောင့်ဖို့အတွက် နေ့ရက်များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။
ဥပုသ်သီလဆောက်တည်ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာကို အောက်ပါအတိုင်း တွေ့ရပါတယ်။
တစ်လကို (၁) အဋ္ဌမီ လဆန်း၊ လဆုတ်(ရှစ်ရက်မြောက်နေ့)ဥပုသ်။ (၂) စတုဒ္ဒသီ (ရက်မစုံလအတွက် (၁၄)ရက်မြောက်လကွယ်နေ့) ဥပုသ်။ (၃) ပန္နရသီ (၁၅)ရက်မြောက် လပြည့်၊လကွယ်နေ့)ဥပုသ်။ (၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်ဟု အကျဉ်းအားဖြင့် (၄)မျိုးရှိကြောင်း ကျမ်းဂန်များတွင် ဖော်ပြထားကြပါတယ်။
ပါဋိဟာရိက-အကြိုဥပုသ်နဲ့ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်မရောက်မီ ကြိုတင်စောင့်ရတဲ့(၇)ရက်မြောက်၊ (၁၃)ရက်မြောက်၊ (၁၄)ရက်မြောက်ဥပုသ်တို့ ဖြစ်ပါတယ်။ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်နောက်တွင် အပိုဖြည့်စွက်ပြီး စောင့်ရသော(၉)ရက်၊ လပြည့်ကျော်(၁)ရက်၊ လဆန်း(၁)ရက်ဥပုသ်၊ ၀ါတွင်းမှာဆိုရင်တော့ (၁၅)ရက်ဖြစ်စေ၊ တစ်ဝါတွင်းလုံးဖြစ်စေ စောင့်ထိန်းကြတဲ့ ဥပုသ်များလည်း ရှိပါတယ်။ အဲဒီလို ဥပုသ်စောင့်ရက်ကို ရှေးရှေးက သတ်မှတ်ထားကြပါတယ်။
ဘာဖြစ်လို့ ဒီလိုရက်ရှည်ကာလများစွာ ဥပုသ်သီလဆောက်တည်ကြတာလဲဆိုတော့ လူများရဲ့စိတ်အစဉ်မှာ ကိလေသာမြူတွေ နေ့စဉ်တင်နေတဲ့အတွက် ထိုကိလေသာမြူတွေကို ဥပုသ်သီလ စောင့်ထိန်းပြီး ဆေးကြောသုတ်သင်ကြဖို့ ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း ဥပုသ်စောင့်ခြင်းကို ဦးခေါင်းလျှော်ခြင်းနဲ့ဥပမာပြပြီး ၀ိသာခါကျောင်းအမကြီးကို ဒီလိုဟောကြားပေးခဲ့ပါတယ်။ လဆန်း (၁)ရက်နေ့ဆိုနေရောင်ရှိလို့ ဆံပင်ခြောက်သွေ့မည်ကိုမြင်တဲ့ အမျိုးသမီးဟာ ရေချိုးခေါင်းလျှော်ကြတယ်။ အဲဒီလို ခေါင်းလျှောက်လိုက်တော့ ဦးခေါင်းမှာ အညစ်အကြေးသန့်ရှင်းလိုက်တဲ့အခါ ဆံပင်လည်း သွေ့ခြောက်သွားလို့ ဦးခေါင်းဟာသန့်ရှင်းပြီး ပေါ့ပါးသွားတယ်။ ဒါပေမဲ့ နောက်ရက်များမှာ ဦးခေါင်းပေါ်ဝယ် မြူမှုန်ကျခြင်း၊ အတွင်းက အညစ်အကြေးများ ဦးခေါင်းပေါ်ထွက်လာတဲ့အခါ (၇)ရက်လောက်ကြာတော့ ဦးခေါင်းဟာလေးလံလာပြန်တယ်။ အဲဒါနဲ့ တစ်ပါတ်လောက်ကြာတဲ့အခါ နောက်တစ်ကြိမ် ခေါင်းလျှော်ရတယ်။
အဲဒီလိုပဲ လူတို့ရဲ့စိတ်မှာနေ့စဉ် စီးပွားရှာတဲ့အခါဖြစ်စေ၊ ပျော်ပါးတဲ့အခါဖြစ်စေ၊ ပုံစံမျိုးစုံနဲ့ နေထိုင်သွားလာလှုပ်ရှားနေရင်း ရာဂ၊ ဒေါသစတဲ့ ကိလေသာမြူမှုန်တွေဟာ ကပ်ငြိနေတယ်။ သံသရာတစ်လျှောက်လုံးကလည်း ဘ၀မျိုးစုံနဲ့ ကပ်ငြိလာခဲ့ကြတယ်။ အဲဒါကြောင့် မိမိတို့သန္တာန်မှာ ကိလေသာတွေဟာ မရေတွက်နိုင်အောင် များနေတယ်။ တစ်ဦးနဲ့တစ်ဦး တရားထူးရတာချင်း မတူတာ၊ တရားအသိမတူတာ၊ အကျိုးပေးမတူတာတွေဟာ မိမိတို့ရဲ့ ကျင်လည်ခဲ့ရတဲ့ဘ၀တွေမှာ ကိလေသာတွေ ဘယ်လောက်ညစ်ကြေးလာအောင် ပြုလုပ်ခဲ့သလဲဆိုတာ မသိရတဲ့အတွက် မတူကြတာပါ။
တချို့က သူများလို ခဏလေးနဲ့တရားမှတ်ရင် တရားသိမယ်ထင်တယ်။ သူများလို ကောင်းတာလေးတစ်ခုလောက်လုပ်ရင် အကျိုးပေးမယ်ထင်နေတာလေ။ မိမိမှာ ဘ၀များစွာက ကောင်းမှု၊ မကောင်းမှုကို မသိလို့ဖြစ်စေ၊ သိလျက်နဲ့မိုက်ခဲ့လို့ဖြစ်စေ ပြုလုပ်ခဲ့တဲ့ ကိလေသာအညစ်ကြေးတွေက ဘယ်လောက်များသလဲဆိုတာ မသိရဘူးလေ။ ဒါကြောင့် မိမိတို့က မိမိတို့သန္တာန်မှာရှိတဲ့ ကိလေသာအညစ်ကြေးတွေကို များများပယ်သတ်နိုင်အောင် ကြိုးစားမှ ကိလေသာကင်းရာကို ရောက်မှာဖြစ်သလို မရောက်ခင်မှာလည်း ကိလေသာနည်းတဲ့ အကျိုးပေးကောင်းမှုတွေကို ခံစားရမှာပါ။
အဲဒီလို မိမိတို့ရဲ့စိတ်အစဉ်မှာ ကပ်ငြိမ်နေတဲ့ ကိလေသာမြူမှုန်တွေ သန့်ရှင်းအောင် အိမ်ရာအလုပ်တွေကို အနားပေးပြီး မကောင်းမှုများကိုလည်း ရှောင်ကြဉ်ကာ ဥပုသ်သီလဆောက်တည်ခြင်းနဲ့ ဆေးကြောပေးရပါတယ်။ တစ်ပါတ်တစ်ခါလောက် မိမိသန္တာန်မှာရှိတဲ့ ကိလေသာညစ်ကြေးတွေ မသန့်ရှင်းနိုင်၊ မလျှော့ပါးနိုင်သေးလို့ အကြိုရက်၊ အပိုရက်များမှာပါဥပုသ်သီလ စောင့်ထိန်းပေးရခြင်း ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာဆိုရင်တော့ ရုံးပိတ်ရက်များဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့များကို ဥပုသ်နေ့များလို့သတ်မှတ်ပေးပြီး စောင့်ထိန်းကြရင် ပိုမိုကောင်းမွန်ပါလိမ့်မယ်။ တစ်ပါတ်ရဲ့ အစဆုံးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ တစ်ခါသန့်ရှင်းထားလိုက်ပြီး တစ်ပါတ်ရဲ့အဆုံးဖြစ်တဲ့ စနေနေ့မှာ ထပ်သန့်ရှင်းလိုက်မယ်ဆိုရင် ကိလေသာတွေဟာ ကပ်လိုက်၊ လျှော့လိုက်နဲ့ဆိုတော့ ခံသာသေးတာပေါ့လေ။
အဲဒီလိုမဟုတ်ဘဲ တစ်ပါတ်တစ်ခါလောက်ဆို ကိလေသာကပ်တာကပိုများပြီး လျှော်တာကနည်းနေရင် ကိလေသာက ဘယ်တော့မှ ကင်းမှာမဟုတ်တော့ဘူး။ ပြောသာ ပြောရတာပါ။ ခုခေတ်က တစ်ပါတ်တစ်ခါမပြောနဲ့ ၀ါတွင်းလေး(၃)လကိုတောင်မှ တစ်ပါတ်တစ်ခါ ကိလေသာမလျှော်တဲ့လူတွေက များနေတာပါလေ။ အဓိကကတော့ မိမိစောင့်ထိန်းနိုင်တဲ့ရက်ကို စောင့်ထိန်းရင် အကောင်းဆုံးပါပဲ။ ကောင်းမှုကုသိုလ်ဖြစ်တဲ့ သီလစောင့်ထိန်းမှုကို မြတ်ဗုဒ္ဓက ဘယ်နေ့မှ စောင့်ထိန်းရမယ်လို့ သေချာမပြောခဲ့ဘဲ အနည်းဆုံးတစ်ပါတ်တစ်ခါလောက်တော့ ဦးခေါင်းလျှော်သလို စောင့်ထိန်းသင့်တယ်လို့ပဲ ပြောခဲ့ပါတယ်။
မိမိတို့က နေ့စဉ်စောင့်ထိန်းနိုင်လေ ကောင်းလေပါပဲ။ ငါးပါးသီလကတော့ လူသားတွေ စောင့်ထိန်းရမဲ့ အရာပါ။ ရှစ်ပါးသီလဥပုသ်သီလကတော့ အရိယာသူတော်ကောင်းဖြစ်အောင် စောင့်ထိန်းတဲ့ သီလပါ။ အဲဒီတော့ မိမိက လူသားတစ်ယောက်ဖြစ်ချင်ရင် ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းရမယ်။ အရိယာသူတော်ကောင်းတစ်ယောက်ပါ ဖြစ်ချင်ရင်တော့ ရှစ်ပါးသီလဥပုသ်သီလကို နေ့စဉ် စောင့်ထိန်းရမယ်။ ဒါမှမဟုတ် မိမိက တစ်ပါတ်တစ်ခါပဲ အရိယာသူတော်ကောင်း ဖြစ်ချင်တယ်ဆိုရင်တော့ တစ်ပါတ်တစ်ခါ ဥပုသ်သီလ စောင့်ထိန်းပေါ့။ ဘယ်တော့မှ မဖြစ်ချင်ဘူးဆိုရင်တော့ ဘယ်တော့မှဥပုသ် မစောင့်နဲ့ပေါ့လေ။
အဲဒီတော့ ရှစ်ရက်၊ လပြည့်၊ လကွယ်နေ့များကို ဥပုသ်နေ့ဟု သတ်မှတ်ကြတာဟာ လူသားတွေရဲ့ အချိန်အခါအခြေအနေကိုကြည့်ပြီး သတ်မှတ်ကြတာပါ။ ဥပုသ်သီလကို မြတ်ဗုဒ္ဓအလိုကျဆိုရင် အနည်းဆုံးတော့ တစ်ပါတ်တစ်ခါတော့ စောင့်ထိန်းပေးရမှာဖြစ်ပြီး မိမိစောင့်ထိန်းနိုင်ရင် မိမိစောင့်ထိန်းတဲ့နေ့ဟာ ဥပုသ်နေ့ဖြစ်တာမို့ စောင့်ထိန်းနိုင်လေ ကောင်းလေးဆိုတာပဲမှတ်သားထားကြပါလေ။
တစ်ခါ ဥပုသ်စောင့်တဲ့အခါ ညစာမစားရခြင်းနဲ့ပတ်သတ်ပြီး မြတ်စွာဘုရားရှင်လက်ထက် စတင်ဖြစ်ပေါ်လာပုံကို ပြောပြပေးပါမယ်။ မြတ်စွာဘုရားရှင်လက်ထက်က အစပထမပိုင်းမှာ ရဟန်းသံဃာများပင် ညနေစာအတွက် ဆွမ်းခံထွက်စားခဲ့ကြပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရားရှင် ၀ိနည်းသိက္ခာပုဒ်များပညတ်ရာ မြတ်ဗုဒ္ဓ၀ါတော်(၂၀)လွန်တဲ့နောက်ပိုင်းမှာတော့ ၀ိကာလဘောဇနသိက္ခာပုဒ်လည်း ပညတ်ဖို့ရန် အကြောင်းဖြစ်ပေါ်လာတာကြောင့် ပညတ်ခဲ့ရပါတယ်။
ပညတ်ရခြင်းအကြောင်းကတော့ (၁) ရဟန်းတော်တစ်ပါး ညပိုင်းဆွမ်းခံထွက်တဲ့အခါ အိမ်တစ်အိမ်ရှေ့ဆွမ်းခံသွားရပ်ရာ အိမ်ရှင်မက ရဟန်းတော်ရဲ့ သင်္ကန်းရောင်ကိုမြင်ပြီး ရဟန်းတော်ကို အစိမ်းသရဲ၊ မြေပုံဘီလူးလို့ထင်တဲ့အတွက် ဆန်ဆေးရည်နဲ့ ပတ်ခဲ့မိပါတယ်။ အဲဒီတော့ ရဟန်းသံဃာတွေ ညနေဆွမ်းခံတာဟာ လူတွေအတွက် အပြစ်ဖြစ်ကြတယ်။
(၂) ညနေပိုင်းမှာ ရဟန်းတော်များဆွမ်းခံသွားတဲ့အခါ နွားအုပ်တွေရွာထဲသွင်းချိန်မို့ နွားရောင်နဲ့သင်္ကန်းရောင် ရောနှောနေတဲ့အတွက် လူတွေက ရဟန်းတွေကို နွားတွေထင်ပြီး နွားတွေနဲ့ရောနှော ပြစ်မှားမိကြပါတယ်။ အဲဒီလိုပြစ်မှားမိရင် လူတွေမှာ အပြစ်ဖြစ်ကြရတယ်။
(၃) ရဟန်းတော်များ ညနေပိုင်းမှာ ဆွမ်းခံသွားရခြင်း၊ ဆွမ်းစားပြီးသား သပိတ်တို့ကို ဆေးကြောသန့်ရှင်းရခြင်းစတဲ့ ဗာဟိယအလုပ်တွေကြောင့် ရဟန်းတော်များရဲ့ ပရိယတ္တိ စာသင်၊ စာချ၊ ပရိပတ္တိ တရားအားထုတ်မှုတို့ အချိန်လျှော့နည်းသွားတယ်။ အဲဒီလို အချိန်လျှော့နည်းနေမယ်ဆိုရင် တရားထူးရဖို့ရန် ခက်ခဲမှာဖြစ်သလို သံဃာ့ဝေယျာဝစ္စ၊ လူတွေအား တရားဟောသွန်သင်ပေးဖို့ကိစ္စ၊ စာချ၊ စာသင်ကိစ္စတွေပါ နောင့်နှေးမှုများဖြစ်တာမို့ ညစာမစားကြရန် မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီလိုပဲ လူတွေမှာလည်း အရိယာသူတော်ကောင်းတစ်ယောက်ဖြစ်အောင်၊ ကိလေသာများကပ်ငြိနေတာကို လျှော့ပါးသွားအောင်ပြုလုပ်တတ်တဲ့ ဥပုသ်ရှစ်ပါးသီလ ဆောက်တည်တဲ့အခါမှာ ညစာမစားခိုင်းခြင်းဟာ အလုပ်ရှုပ်သက်သာပြီး သမထ၊ ၀ိပဿနာတရားများ ပိုမိုပွားများအားထုတ်နိုင်အောင်၊ အစာစားလျှင် အိပ်ချင်စိတ်လျင်မြန်စွာဖြစ်ခြင်း၊ အိပ်ချင်စိတ်နောက်ကနေ ဗိုက်ထဲမှာအစာပြည့်နေရင် ကိလေသာစိတ်တွေ ဖြစ်ပေါ်လာခြင်းတို့ကြောင့် ဥပုသ်သီလဆောက်တည်တဲ့ရက်လေးမှာ ညစာ မစားရခြင်း ဖြစ်ပါတယ်။
အစာစားလျှင် ကိလေသာစိတ်ဖြစ်တယ်၊ ကိလေသာကိုပိုမိုအားပေးတယ်ဆိုတာကို ဦးဇင်းအရင်ကလည်း အမေးအဖြေများမှာ ဖြေပေးထားတာရှိသလို အွန်လိုင်းမှာတင်ထားတဲ့ တရားခွေထဲမှာလည်း ပြောထားပါတယ်။ ညစာစားထားလို့ရှိရင် စိတ်ကမကောင်းမှုဘက်ကို အာရုံရောက်သွားတတ်ပါတယ်။ တချို့ဆို ညပိုင်းမှာ ကိလေသာစိတ်တွေ စိတ်တိုင်းကျဖြစ်ပြီး စိတ်တိုင်းကျပျော်ပါးဖို့အတွက် စားသောက်ဆိုင်များမှာ ရှယ်သွားစားကြတာမျိုးတောင် ရှိကြပါတယ်။ ကောင်းစွာစားပြီး ကောင်းစွာပျော်ပါးချင်ကြလို့ ဖြစ်မှာပါ။ ဒါကြောင့်လည်း တချို့စားသောက်ဆိုင်တွေမှာ နေ့နဲ့ညဆို ညမှာပိုရောင်းရပြီး နေ့စာထက်ညစာက ပိုမိုတန်ဖိုးများနေတာလည်း ရှိပါတယ်။
နောက်တစ်ခုက မိမိတို့ခန္ဓာကိုယ်ထဲက အစာအိမ်ဟာ နေ့စဉ်စားသောက်သမျှကို အစာချက်နေရတဲ့အတွက် အနားမယူရသလို အညှီအနှောက်၊ အသိုးအပုပ်တွေနဲ့ အမြဲလိုလိုဖြစ်နေလို့ အစာအိမ်ဟာ မနားရတဲ့အပြင် အစာအိမ်လည်း သန့်ရှင်းမှုမရှိဘဲ ဖြစ်နေတာကြောင့် ကျန်းမာရေးလည်း ထိခိုက်ပါတယ်။ ခုလို တစ်ပါတ်တစ်ခါ ဥပုသ်စောင့်တဲ့နေ့မှာ ညစာမစားတဲ့အခါကျတော့ အစာအိမ်လည်း နားရတယ်။ အသိုးအပုပ်တွေလည်း သန့်ရှင်းပေးရာရောက်တာကြောင့် အစာအိမ်ကောင်းတဲ့အတွက် ကျန်းမာရေးလည်း ကောင်းမွန်မှုအကျိုးရလာဒ်တွေ ရရှိပါတယ်။ ဒါဟာ ဥပုသ်စောင့်ရခြင်း မျက်မှောက်ရရှိတဲ့ အကျိုးရလာဒ်ပါ။
ဥပုသ်သီလဆောက်တည်တဲ့နေ့ရက်မှာ ၀ိကာလဘောဇနသိက္ခာပုဒ်-ညစာနဲ့ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်အလက်တွေကို ရေးသားပေးရမယ်ဆိုရင် နေ့မွန်တည့်ချိန်မှစပြီး နောက်နေ့နံနက် လစဉ်အလိုက် အရုဏ်တက်ချိန်ထိအတောအတွင်း ဘောဇဉ် (၅)မျိုးဖြစ်တဲ့ ဆွမ်း၊ မုယောမုန့်၊ ပဲမုန့်လုံး၊ ငါး၊ အသားတွေနဲ့ ခဲဖွယ်ဖြစ်တဲ့ ယာမကာလိက၊ သတ္တာဟကာလိက၊ ယာဝဇီဝိကအစာတွေကို မစားရပါ။ နေမွန်တည့်ချိန်မှ အရုဏ်တက်သည့်အချိန်ထိလို့ ၀ိကာလဘောဇနသိက္ခာပုဒ်က ပြောဆိုထားတဲ့အတွက် နေမွန်တည့်သည်ဆိုတာနဲ့ ဘာမှစားလို့မရတော့ပါ။
စားနေဆဲဖြစ်ရင်လည်း ကားဘရိတ်အုပ်သလို ဘရိတ်အုပ်ပြီးသကာလ ပါးစပ်ထဲရောက်နေတာကို ထွေးထုတ်ပစ်ရပါမယ်။ နေ့မွန်တည့်ကျော်သွားပါလျက် ပါးစပ်ထဲကစားစရာကို ထွေးမထုတ်ဘဲ မျိုချလျှင်လည်း အပြစ်ဖြစ်ပါတယ်။ဝိကာလဘောဇနသိက္ခာပုဒ်က နေ့မွန်တည့်လျှင်ကို ဘာမှမျိုချလို့ မရတော့ပါ။
နေမွန်တည့်ချိန်မမြင်ရရင် သူ့နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ နေမွန်တည့်ချိန်ကို ယူရပါမယ်။ အရုဏ်တက်ချိန်ကိုလည်း နိုင်ငံအလိုက်၊ လအလိုက်ယူရပါမယ်။ အကောင်းဆုံးနည်းကတော့ မိမိနေထိုင်ရာနိုင်ငံမှာရှိတဲ့ နေ့တည့်တည့်အချိန်(၁၂)နာရီနဲ့ မနက်(၆)နာရီအတွင်း ၀ိကာလဘောဇနသိက္ခာပုဒ်ကို စောင့်ထိန်းတာဟာ အကောင်းဆုံးပါပဲ။မနက်အရုဏ်တက်ချိန်ကတော့ တချို့လတွေမှာ မနက်(၄)နာရီကျော် အရုဏ်တတ်တာလည်းရှိပါတယ်။ မိမိက ဥပုသ်သီလယူထားလို့ မနက်စောစောဗိုက်စာနေတဲ့အတွက် မနက်စာကို စောစောစားချင်တယ်ဆိုရင် အရုဏ်တက်ချိန်ကို လေ့လာပြီး စားကြပါလေ။ ခုပြောခဲ့တဲ့ နေမွန်တဲ့ချိန်နဲ့မနက်အရုဏ်တက်ချိန်အတွင်းကလွဲရင် ကျန်တဲ့အချိန် ဘယ်ချိန်ပဲစားစား စားသောက်ပြီးသကာလ ဥပုသ်သီလဆောက်တည်နိုင်ပါတယ်။
ရဟန်းတော်များအတွက် ဝိကာလနဲ့ပတ်သတ်ပြီး မြတ်ဗုဒ္ဓမိန့်ကြားခဲ့တာကို သိရှိနားလည်မယ်ဆိုရင် လူတွေအတွက်လည်း ဘယ်လိုစောင့်ထိန်းရမလဲဆိုတာ သိရှိနားလည်အောင် တင်ပြပေးပါဦးမယ်။
ယာမကာလိက- အရုဏ်မတက်မီ မိုးသောက်ယံတိုင်အောင် သောက်ကောင်းတဲ့ သပြေသီး၊ သရက်သီး၊ မုဒရက်သီး၊စပျစ်သီး၊ ဖက်သက်သီး၊ သစ်မည်စည်သီး၊ တောငှက်ပျောသီး၊ အိမ်ငှက်ပျောသီး၊ ကြာစွယ်တို့ရဲ့ ဖျော်ရည်နဲ့မန်ကျည်း၊ ဆီး၊ ရှောက်ဟူသော အနုလောမဖျော်ရည်များ။
သတ္တာဟကာလိက- (၇)ရက်လုံးလုံးထားပြီး စားသုံးနိုင်တဲ့ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်းလဲ၊ ထန်းလျက်၊ ကြံသကာ၊ သကြားဆိုတဲ့ ဆေးငါးမျိုး။
ယာဝဇီဝိက- တစ်သက်ပတ်လုံးစားကောင်းတဲ့ ဆား၊ ဂျင်း၊ ဆီးဖြူ၊ ဖန်ခါးစတဲ့ ဆေးဖက်ဝင် အမြစ်၊ အရွက်၊ အသီး၊ အခေါက်များ။
ရဟန်းတော်များအတွက် ပညတ်ထားတဲ့ (ဝိ၊ ၂၊ ၁၁၂) ၀ိကာလဘောဇန သိက္ခာပုဒ်မှာတော့ ဘောဇဉ်(၅)မျိုးဖြစ်တဲ့ ဆွမ်း၊မုယောမုန့်၊ ပဲမုန့်လုံး၊ ငါး၊ အသားတို့ကို စားသောက်လျှင် ပါစိတ်အာပါတ်သင့်ပြီး အထက်ပါ ယာမကာလိက၊ သတ္တာဟကာလိက၊ ယာဝဇီဝိက(၃)မျိုးကို ရဟန်းတော်များ အလှူခံရင်ဖြစ်စေ၊ စားသောက်ရင်ဖြစ်စေ ပါစိတ်အာပါတ်မသင့်ဘဲ ဒုက္ကဋ်အာပါတ်သာ သင့်တယ်လို့ အပြစ်လျှော့ပါးသွားတာကို တွေ့ရပါတယ်။
ဒါကြောင့် အကယ်၍ ဥပုသ်စောင့်ထိန်းသူများအနေဖြင့် မနေနိုင်အောင် ဆာလောင်မွတ်သိပ်လို့ဖြစ်စေ၊ အနာရောဂါကျန်းမာရေးကြောင့်ဖြစ်စေ အထက်ပါ ခဲဖွယ်(၃)မျိုးကို အဆာပြေ၊ ကျန်းမာရေးသက်သာရုံ စားသောက်ရင် သီလအကျိုး အပြည့်အဝရရှိမှုနည်းပြီး ဝိကာလဘောဇနသိက္ခာပုဒ်တော့ မပျက်ဘူးလို့ မှတ်ယူရမှာပါ။ တော်ရုံဆာလောင်မှု ခံနိုင်ရည်ရှိနေရင်၊ ကျန်းမာရေးလည်း ကောင်းနေရင်တော့ ဘာမှမစားကြပါနဲ့လေ။
ဒီလောက်ဆိုရင်တော့ ဥပုသ်နေ့နဲ့ပတ်သတ်သမျှ ပြည့်စုံလိမ့်မယ်ထင်ပါတယ်။ စာဖတ်ပရိတ်သတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကာ သူတော်ကောင်းများဖြစ်အောင် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်….။
အရှင်ကောမလ ဆန်နီနေမင်း
https://mobile.facebook.com/sanninayminn?tsid=0.46033621369861066&source=typeahead
Photo >>Shwe Yoke Lay
═══════════════════════
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
No comments:
Post a Comment