Monday, April 18, 2016

ကိုရင်ကိုထမ်းပြေးတဲ့ဘုန်းကြီး

ကိုရင်ကိုထမ်းပြေးတဲ့ဘုန်းကြီး
================
တစ်ခါတုန်းက ညဥ့်နက်သန်းခေါင်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို မီးလောင်ပါတယ်။ရပ်ရွာနဲ့ အလှမ်းဝေးတဲ့ကျောင်း ဖြစ်တဲ့အတွက် ဘယ်သူမှ မသိလိုက်ပါဘူး။ကျောင်းမှာက ကျောင်းထိုင်ဆရာတော်ရယ်၊ ကိုရင်တစ်ပါးရယ် စုစုပေါင်းမှ နှစ်ပါးပဲ ရှိတာ။

မီးလောင်တာကို သိတဲ့အချိန်က အတော်အတန် နောက်ကျသွားပုံ ရပါတယ်။ဒါနဲ့ ကျောင်းထိုင်ဘုန်းကြီးဟာ အဖိုးတန်ပစ္စည်းတွေ သယ်ပိုးစရာတွေ များစွာရှိပေမယ့် ဘာပစ္စည်းကိုမှ မယူပဲ အိပ်မောကျနေတဲ့ ကိုရင်ကို ထမ်းပြီး ပြေးပါသတဲ့။

မနက်မိုးလင်းတော့ ရွာထဲကလူတွေသိပြီး ငိုတဲ့သူက ငိုကြ၊ ကျောင်းပြန်ဆောက်ဖို့ တိုင်ပင်တဲ့သူက တိုင်ပင်ကြနဲ့ ဆူဆူညံညံ ဖြစ်နေပါတယ်။

တချို့ကလည်း-
''အရှင်ဘုရားရယ်၊ ယူစရာ တန်ဘိုးကြီးပစ္စည်းတွေ ရှိပါလျက်နဲ့ မယူဘဲ၊ ဒီကိုရင်ဒက်ချီးကိုပဲ ခေါ်လာရသလားဘုရား''လို့ ကရုဏာဒေါသနဲ့ လျှောက်ထားကြတာပေါ့။

ဒီအခါမှာ ကျောင်းထိုင်ဘုန်းကြီးက-
''ဟဲ့ ပစ္စည်းဥစ္စာက အသက်ရှင်နေသမျှ ရှာလို့ရတယ်၊ ကိုရင်တစ်ပါး ရဖို့က မလွယ်ဘူး၊ ပြီးတော့ ဒီကိုရင်က မှတ်ဥာဏ်ကောင်းသဟ၊ ဒီတော့ တစ်နေ့ ပိဋကတ်သုံးပုံဆောင်ပုဂ္ဂိုလ် မဖြစ်ဘူးလို့ ပြောမရဘူး၊ သာသနာအတွက် အရေးပါ အရာရောက်တဲ့သူ ဖြစ်ချင်ဖြစ်လာမှာ၊ ဒါကြောင့် သူ့ကိုပဲ ငါထမ်းပြေးလာတာ''လို့ မိန့်တော့မှ အားလုံး သဘောပေါက်ကုန်ကြတော့သတဲ့။ ။

ယခုခေတ်မှာ ကိုရင်တစ်ပါး ရဟန်းတစ်ပါး ရဖို့ဆိုတာ အင်မတန်မှ ခက်ခဲနေပါပြီ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေကလည်း
ဘာသာခြားတို့၏ယဉ်ကျေးမှုများ လွှမ်းမိုးခံရတော့မည့် အန္တရာယ်နှင့် အလွန်နီးကပ်နေပါပြီ။

ဒါကြောင့် ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်ကို ချစ်မြတ်နိုးသည့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ဗုဒ္ဓ္ဓဘာသာကို ရေရှည်တည်တံ့အောင် ရှေ့တန်းကနေ၍ ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်ကြမည့် ရှင်,ရဟန်းများ စိတ်ပျက်စေမည့် အပြောအဆို အပြုအမူများကို ရှောင်ရှားကြပြီး ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာတော်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်မသွားရလေအောင် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြဖို့ လိုအပ်လှပါတယ်။

မြမ္မာရဋ္ဌေ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

No comments:

Post a Comment