Saturday, April 16, 2016

ဗျာဒိတ်တော်နှင့် ပစ္စေကဗုဒ္ဓါတို့ ပါရမီ

ဗျာဒိတ်တော်နှင့် ပစ္စေကဗုဒ္ဓါတို့ ပါရမီ
═══════════════════════
မေး ။ အရှင်ဘုရား
(၁)ဂေါတမမြတ်စွာဘုရားသည် မည်သည့်ပုဂ္ဂိုလ်ကို ဘုရားဖြစ်ရန် ဗျာဒိတ်ပေးခဲ့သည်ကို ဖြေကြားတော်မူပါဘုရား ။

(၂)ပစ္စေကဗုဒ္ဓါများသည် သဗ္ဗညုတဥာဏ်ကို ရကြပါသလားဘုရား ။

(၃)ပစ္စေကဗုဒ္ဓါအလောင်းများသည် ပါရမီဘယ်နှပါးဖြည့်ကျင့်ရသည်ကို ဖြေကြားတော်မူပါဘုရား ။

ကိုအောင်သိန်းဦး
လွယ်ကန်ရွာ ၊ ပုသိမ်အရှေ့မြို့နယ် ။

ဖြေ ။
(၁)မြတ်စွာဘုရားတစ်ဆူက ဘုရားဖြစ်ရန် ဗျာဒိတ်ပေးခြင်းကို ယင်းဗျာဒိတ်ခံရသူ ဘုရားဖြစ်၍ ပြန်ဟောမှ သိနိုင်ပါသည် ။

မြတ်စွာဘုရားကိုယ်တိုင်က မည်သူအား ငါ ဗျာဒိတ်ပေးလိုက်သည်ဟု ဟောတော်မူရိုးမရှိ၍ ဂေါတမမြတ်စွာဘုရား ဗျာဒိတ်ပေးသည်ကို မသိနိုင်ပါ ။

ဗုဒ္ဓဝံသပါဠိ(ခု ၄။၃၈၃)တွင် `အဟ မေ တရဟိ သမ္ဗုဒ္ဓေါ၊မေတ္တေယျော စာပိ ဟေဿတိ´ ဟု ပါရှိ၍ နောင် အရိမေတ္တယျဘုရား ပွင့်တော်မူလတ္တံ့သည်ကို ဟောထားသည်မှာမူ ထင်ရှားပါရှိ၏ ။ ဗျာဒိတ်ပေးခြင်းကား မဟုတ်ပါ ။

(၂)ပစ္စေကဗုဒ္ဓါများ ရသောဥာဏ်ကို သဗ္ဗညုတဥာဏ်ဟု မဆိုပါ ။ `ပစ္စေကဗောဓိဥာဏ်´ဟုသာ ဆိုရပါသည် ။ သဗ္ဗညုတဥာဏ်အောက် အဆင့်နိမ့်၍ အဂ္ဂသာဝကဗောဓိဥာဏ်တို့ထက် အဆင့်မြင့်ပါသည် ။

(၃)ဗုဒ္ဓအလောင်းအလျာ ၊ ပစ္စေကအလောင်းအလျာ ၊ အဂ္ဂသာဝက ၊ မဟာသာဝက ၊ ပကတိသာဝက အလောင်းအလျာ အားလုံးပင် ဒါနစသော ပါရမီ ၁၀ ပါးကို ဖြည့်ကျင့်ရသည်ချည်း ဖြစ်ပါသည် ။

ပါရမီအနေနှင့် အလျော့အနည်းမရှိ ၊ ဗုဒ္ဓအလောင်းတော်များမှာ တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ၊ ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရ၍ ပစ္စေကဗုဒ္ဓါလောင်းလျာများမှာ နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသဖြင့် ပါရမီဖြည့်ရာ ကမ္ဘာနည်းပါးမှုသာ ကွာခြားပါသည် ။

ရဝေထွန်း
(ဆရာတော်ဦးတိလောကသာရ )
ဘာသာရေးပြဿနာများ(၁/၇၉ - ၈၀ - ၈၁)
═══════════════════

No comments:

Post a Comment