Sunday, April 10, 2016

((( ဆိုးမွေ )))

((( ဆိုးမွေ )))

ဝါးရုံတောတစ်ခုထဲမှာဖြစ်ပါတယ်။

အသက် ၄၀ကျော် ၅၀ ဝန်းကျင်လောက်ရှိတဲ့ သိုင်းသမားကြီးနှစ်ယောက် သူသေကိုယ်သေ အစွမ်းကုန်တိုက်ခိုက်နေကြတယ်။

မလှမ်းမကမ်းမှာတော့ ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦးက အထိတ်တလန့်နဲ့ ငိုယိုပြီး ကြည့်နေတယ်။

ခဏကြာတော့ သိုင်းသမားတစ်ဦးက နောက်ဆုံးတိုက်ကွက်နဲ့ ပွဲသိမ်းလိုက်တယ်။ တစ်ဖက်သိုင်းသမားခမျာ နောက်ကို ပက်လက်လန်ကျပြီး ပါးစပ်ကနေ သွေးတွေ ပွက်ခနဲ အန်ထုတ်လိုက်တယ်။

အနိုင်ရတဲ့ သိုင်းသမားက လဲကျနေတဲ့ သိုင်းသမားရဲ့ လည်ပင်ပေါ်ကို ဓားထောက်လိုက်ပြီး

" ခင်ဗျား ကျနော့်ဆရာကို ရက်ရက်စက်စက်သတ်ခဲ့တာ မှတ်မိသေးလား၊ အခုတော့ ဘာတတ်နိုင်သေးလဲ "

ဆိုပြီး ကြိမ်းဝါးတယ်။ သေလုမျောပါးသိုင်းသမားက သူ့မှာ သားလေးလည်းရှိသေးတာမို့ အသက်ကို ချမ်းသာပေးဖို့ တုန်တုန်လှုပ်လှုပ်နဲ့ တောင်းဆိုနေတယ်။

ဒါပေမယ့် အနိုင်ရတဲ့ သိုင်းသမားဟာ ကလေးငယ်ကို တစ်ချက်ကြည့်လိုက်ပြီး နာကျည်းစိတ်ပြင်းထန်စွာနဲ့ပဲ လဲကျနေတဲ့ သိုင်းသမားကို သတ်ပစ်လိုက်တယ်။

ကလေးငယ်က အသံမထွက်နိုင်ဘဲ ငိုနေရှာတယ်။
နောက်တော့ အနိုင်ရသိုင်းသမားက

"ဆရာ့အတွက် ကျနော် တာဝန်ကျေပါတယ်နော်"

ဆိုပြီး လေထဲပျံတက်ကာ ဝါးရုံတောကနေ ပျောက်ကွယ်သွားတော့တယ်။

နောင်အနှစ်နှစ်ဆယ်ကြာတော့ အသက်သုံးဆယ်အရွယ် သိုင်းသမားလေးဟာ အသက်ခုနှစ်ဆယ်ရွယ်သိုင်းသမားအဘိုးအိုကြီးကို

"ကျုပ်အဖေအတွက် ခင်ဗျားပြန်ပေးဆပ်ရမယ့်
အလှည့်"

ဆိုပြီး အဘိုးကြီးကို သတ်ဖို့ပြင်တယ်။ အဘိုးအိုက

"သမီးနဲ့ မြေးမလေးရှိသေးလို့ ချမ်းသာပေးပါ"

လို့ တောင်းပန်နေတဲ့ကြားက သတ်ပစ်လိုက်ပြန် တယ်။ ပြီးတော့

"အဖေ့အတွက် ကျနော် ကလဲ့စားချေနိုင်ခဲ့ပြီ"

ဆိုပြီး သူ့အဖေမြေပုံမှာ သွားတိုင်တည်တယ်။
အဲ့ဒီအချိန်မှာပဲ အဘိုးကြီးရဲ့ သမီးနဲ့ မြေးမလေးက အဘိုးကြီးအလောင်းကို ပွေ့ပိုက်ရင်းနဲ့

" ဘိုးဘိုးအတွက် မြေးတာဝန်ကျေစေရပါမယ်"

ဆိုပြီး အဓိဋ္ဌာန်ပြုကတိပေးနေပြန်ရော။

အဲ့ဒါ အပြင်မှာမဟုတ်ပါဘူး။တရုတ်သိုင်း ကားထဲမှာပါ။

မြန်မာဇာတ်ကားတွေထဲမှာလည်း အဲ့ဒီပုံစံမျိုးတွေ မကြာခဏတွေ့နေရပါတယ်။ အချို့ဆို သေလုမျောပါးဖြစ်နေတာတောင်မှ ချက်ချင်းမသေနိုင်သေးဘဲ

"အဖေ့အတွက်၊ ဆရာ့အတွက်၊ သွေးသောက်အတွက်၊ ချစ်သူအတွက် ကလဲ့စားချေဖြစ်အောင် ချေပေးပါ"

ဆိုပြီး အံတကြိတ်ကြိတ်မှာနေကြသေးတယ်။
သေခါနီး ငရဲပြည်ကိုသွားဖို့သေချာအောင် လက်မှတ်ဖြတ်နေသလိုပဲ။

တကယ်တော့ ဇာတ်လမ်းထဲမှာမို့သာ သူ့သတ် ကိုယ့်သတ်၊ သူ့ရိုက် ကိုယ့်ရိုက် ကလဲ့စားချေလို့ ကောင်းတာပါ။

"ဇာတ်လမ်းတွေထဲကလို ကိုယ့်ကိုယ်ဒုက္ခပေးလို့ ကလဲ့စားချေကြကြေးလား"

ဒါဆို မြတ်စွာဘုရားဟာ ဘဝအဆက်ဆက်ဒုက္ခ ပေးလာတဲ့ ဒေဝဒတ်ကိုကလဲ့စားချေသင့်တာပေါ့။

အမြင်သာဆုံးပြောရရင် ဂျပန်တွေဟာ အမေရိကန်ကို အနုမြူဗုံး နှစ်လုံးမဟုတ်တောင် တစ်လုံးလောက်တော့ ပြန်ချသင့်တာပေါ့။
(ဒါတောင် အမေရိကန်က သူတို့ ပုလဲဆိပ်ကမ်း ဗုံးလာကြဲလို့ ပြန်ချတာ)။

ဂျူးတွေဟာ ဟစ်တလာ့လူမျိုး ဂျာမန်တွေကို ပြန်သတ်သင့်တာပေါ့။

ထိုင်းတွေဟာ ဦးအောင်ဇေယျအမျိုး မြန်မာတွေကို ပြန်သတ်သင့်တာပေါ့။

ဟုတ်ပါတယ်။ အဲ့ဒီလိုတွေလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ။ အဓိပ္ပာယ်မှ မရှိတာ။အပြင်လောကမှာ ဘယ်ပညာရှိ ပညာတတ်ကမှ ကလဲ့စားချေဖို့ မသင်ပေးကြဘူး။

ဒီလိုပြောတော့

" ဖြစ်ခဲ့သမျှကို အကောင်းမြင်ပြီး သဘောထား ကြီးပေးလိုက်ရတော့မလား။ မေ့ပစ်လိုက်ရ တော့မလား။ သမိုင်းတွေဆိုတာ အလကားလား"

လို့ မေးခွန်းထုတ်ပါ။ မေ့မပစ်ပါနဲ့။ ဖြစ်ခဲ့တဲ့သမိုင်းတွေဟာ အလကားမဟုတ်ပါဘူး။

ဒါပေမယ့် သမိုင်းတွေသင်ကြရတာ သမိုင်းကိုသိအောင် လုပ်ကြရတာဟာ သင်္ခန်းစာ ယူဖို့ပဲလေ။

ဒေါက်တာသန်းထွန်းစကားနဲ့ပြောရရင်"မအ,အောင်လို့"ပဲ။

ကိုယ့်မျိုးဆက်ကို နာကျည်းမုန်းတီးတတ်အောင်၊ အငြိုးအတေးထားတတ်အောင် သင်ပေးဖို့မှ မဟုတ်တာ။

သမိုင်းကြောင်းကို အာဃာတနဲ့တေးမှတ်ထား တာထက် ဘဝသင်္ခန်းစာအနေနဲ့ သိထားတာက ပိုပြီး ကောင်းကျိုးဖြစ်စေတယ်လို့မထင်ဘူးလား။

လူကြီးသူမ မိဘတွေ ဆရာသမားတွေဟာ ကိုယ့်တပည့် သား မြေး တွေကို ဘယ်လိုသင်မှာလဲ။

" ဒီကောင်တွေဟာ ငါတို့အမျိုးကို နှိပ်စက်ထားတယ်။ အနိုင်ကျင့်ထားတယ်။ ဒီကောင်တွေဟာ လူယုတ်မာ။ မင်း သူတို့ကို ပြန်နှိပ်စက်ရမယ်။ ပြန်အနိုင်ကျင့်ရမယ်။ ပြန်ယုတ်မာရမယ် "

လို့ သင်ပေးမလား။ ဒါမှမဟုတ်----------

" ဒီကောင်တွေဟာ ငါတို့အမျိုးကိုနှိပ်စက်တယ်။ အနိုင်ကျင့်တယ်။ ယုတ်မာတယ်။ မင်းသူတို့လို ဘယ်တော့မှ သူများကို မနှိပ်စက်နဲ့။ သူတို့လို အနိုင်မကျင့်နဲ့။ သူတို့လို မယုတ်မာနဲ့။
သူတို့လို စိတ်ဓာတ်အောက်တန်းမကျနဲ့ "

လို့ သင်ပေးမလား။ ဖြေကြည့်ပါ။

#သူယုတ်မာသလို ကိုယ်ယုတ်မာရင်
ကိုယ်လည်း လူယုတ်မာဖြစ်လိမ့်မယ်။

#သူ စိတ်ဓာတ်အောက်တန်းကျသလို
ကိုယ် စိတ်ဓာတ်အောက်တန်းကျရင်
ကိုယ်လည်းအောက်တန်းစားဖြစ်လိမ့်မယ်။

အဲ့ဒါဆို သူနဲ့ ကိုယ်က ဘာထူးတော့မှာလဲ။

ကိုယ့်အပေါ်နာကျင်အောင်လုပ်ထားသူတွေ၊ နှိပ်စက်ထားတဲ့သူတွေ၊ ကိုယ့်အပေါ် ယုတ်မာဖူးတဲ့သူတွေကို ခွင့်လွှတ်ရတာဟာ အတော်ကို ခက်ခဲမယ်ဆိုတာနားလည်ပါတယ်။

ဒါပေမယ့်- ခက်ခဲလို့ နာကျည်းကြစတမ်း။ မုန်းတီးကြစတမ်း။ ကလဲ့စားချေကြစတမ်း ဆို ဘာကိစ္စငြိမ်းချမ်းရေးစကားတွေ ပြောနေကြမှာလဲ။

တကယ်တော့ အချို့အရာတွေမှာ
အငြိုးအတေးနဲ့ကလဲ့စားချေတာထက်
သည်းခံပြီးခွင့်လွှတ်ပေးလိုက်တာက
တစ်ဖက်လူရဲ့စိတ်ကို ပိုနာကျင်စေပါတယ်။

ဒါ့ကြောင့်
ကိုယ်တို့ရဲ့နောင်လာ နောက်သားတွေကို သမိုင်းတွေပြပြပြီး---------

- နာကျည်းမုန်းတီးတတ်အောင်
- အငြိုးအတေးတွေကြီးမားလာအောင်
- ကလဲ့စားချေတတ်လာအောင် ------ ဆိုတဲ့
"ဆိုးမွေ"တွေကိုမပေးကြဘဲနဲ့

အဲ့ဒီသမိုင်းတွေကိုပဲပြပြီး သမိုင်းထဲက
တိုင်းဖျက်ပြည်ဖျက် လူယုတ်မာတွေထက်-----

- ပိုပြီးတော်အောင်
- ပိုပြီးကောင်းအောင်
- ပိုပြီးသဘောထားကြီးအောင်
- ပိုပြီးလူတွေအကျိုးပြုနိုင်အောင် ---- ဆိုတဲ့

"ကောင်းမွေ"တွေ ပေးနိုင်ကြသူများဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မေတ္တာဖြင့်
အရှင်ကောသလ္လ (ရေဦး)
၇၊ ၄၊ ၂၀၁၆။

No comments:

Post a Comment