ကာလုံဥပဒေကြမ်းနောက်ကွယ်မှာ ဘယ်သူရှိမလဲ Credit Political Article
+++++++++++++++++++++++++++++++
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာဥပဒေကြမ်းတစ်ခုကို တင်သွင်းဆွေးနွေးတော့မယ်လို့ လွှတ်တော်ကလာတဲ့ သတင်းများအရ သိရပါတယ်။ ဥပဒေကြမ်းပါ ပုဒ်မတော်တော်များများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကိုသာ ပြန်လည်ကိုးကားထားပြီး ထပ်မံဖြည့်စွက်တဲ့ပုဒ်မတွေအရ အရေးကြီးတဲ့ကိစ္စတွေမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို လုံးဝဖယ်ထုတ်ဖို့ရည်ရွယ်ချက် နဲ့ ရေးဆွဲထားတာကို တွေ့ရပါတယ်။
အထူးသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မပါဘဲတောင် ကာလုံအစည်းအဝေးကျင်းပနိုင်အောင် ကန့်သတ်ချင်တဲ့ သဘောတွေ့ရပါတယ်။
ကာလုံလို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ၁၁ ဦးရှိပြီး နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ပါဝင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၁ မှာ ပြဋ္ဌာန်းထားပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အဓိကဆောင်ရွက်ရ မယ့်ကိစ္စတွေဟာ အရေးပေါ်ကာလ ဆိုင်ရာကိစ္စတွေဖြစ်ပြီး သံတမန်ဖြတ်တောက်ခြင်း၊ နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်းခံရသဖြင့် စစ်ရေးအရ လိုအပ်သလိုဆောင်ရွက်ခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်တာဝန်ပေးခြင်းနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းတို့ မှာ နိုင်ငံတော်သမ္မတက ညှိနှိုင်းချိန် သဘောထားမှတ်ချက်ပေး ဖို့သာ ဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ကာလုံရဲ့ အခွင့်အာဏာနဲ့ လုပ်ငန်းများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၀၄၊ ၂၀၆၊ ၃၄၀၊ ၃၄၂၊ ၄၁၀၊ ၄၁၂၊ ၄၁၇၊ ၄၂၁၊ ၄၂၂၊ ၄၂၅၊ ၄၂၆၊ ၄၂၇၊ ၄၂၈၊ ၄၂၉၊ ၄၃၁၊ ၄၃၂ တို့မှာ အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ယခုတင်သွင်းမယ့် ကာလုံဥပဒေကြမ်းမှာ ဥပဒေပုဒ်မအသစ်များ ပြဋ္ဌာန်းပြီး စစ်တပ်ကိုထိန်းချုပ်ဖို့ ကြိုးစားထားတာ ကို တွေ့ရပါတယ်။
ဥပဒေကြမ်းရဲ့ အခန်း(၄) ပုဒ်မ ၁၀ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(ခ)အရ အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာရေး အတွက် ပြုလုပ်တဲ့အစည်းအဝေးမှအပ အခြားအစည်းအဝေးများ မှာ ကောင်စီဝင် ဦးရေစုစုပေါင်း၏ သုံးပုံနှစ်ပုံထက်မနည်း တက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။
အစည်းအဝေးအထမြောက်ရန် ကောင်စီဝင်ဦးရေမပြည့်လျှင် ပြည့်သည်အထိ နိုင်ငံတော်သမ္မတက အစည်းအဝေးအချိန်ကို ရွေ့ဆိုင်းထားနိုင်ခြင်း၊ သို့မဟုတ် အစည်းအဝေးကို နောက်တစ်ရက်ရက်သို့ ရွေ့ဆိုင်းကာ ရွေ့ဆိုင်းသည့်နေ့တွင် ကောင်စီဝင်ထက်ဝက်ကျော် တက်ရောက်ပါက အစည်းအဝေး အထမြောက်သည်ဟု ရေးသားထားပါတယ်။ ဒါဟာ ဘာသဘော၊ ဘာရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလဲ၊ ဒီလိုဆောင်ရွက်ခြင်းရဲ့နောက်ကွယ်မှာ ဘယ်သူရှိမလဲဆိုတာ စဉ်းစားကြည့်ရင် သိသာပါတယ်။ ကာလုံအစည်းအဝေးဆိုတာ နိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဆွေးနွေးဆုံးဖြတ်တာပါ။ မိမိဉာဏ်မှီသလောက် စဉ်းစားမိတာက တစ်ဖက်သတ်ဆုံးဖြတ်ချက်တွေ ဆုံးဖြတ်နိုင်အောင် ရည်ရွယ်လုပ်ဆောင်နေတာ သိသာနေပါတယ်။
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးဟာ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ကိစ္စတွေကို ဆုံးဖြတ်ရမှာဖြစ်တာကြောင့် အရေးပေါ်အခြေအနေမဟုတ်တဲ့ သာမန်အချိန်တွေမှာ အဖွဲ့ဝင်အားလုံး မပျက်မကွက် တက်ရောက်သင့်သလို၊ အကြောင်းအမျိုးမျိုးကြောင့် ရာထူးလစ်လပ်နေရင်လည်း ကျန်ကောင်စီဝင်အားလုံးက စုံစုံညီညီတက်ရောက်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် အစည်းအဝေး အထမြောက်စေမယ့် အနည်းဆုံးကောင်စီဝင်အရေအတွက်ကို စုစုပေါင်းရဲ့ တစ်ဝက်လို့ သတ်မှတ်ပါက အရေးပါတဲ့ အဓိကပုဂ္ဂိုလ်ဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒါမှမဟုတ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးဦးအပါအဝင် ကောင်စီဝင်ဦးရေစုစုပေါင်းရဲ့ သုံးပုံနှစ်ပုံတက်ရောက်မှသာ အစည်းအဝေး အထမြောက်တယ် လို့ ပြင်သင့်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာလုပ်ငန်း များ ဆောင်ရွက်ရာမှာ နိုင်ငံတော်ရဲ့ ကာကွယ်ရေးနဲ့လုံခြုံရေး အကြောင်း ကောင်းကောင်းသိရှိနားလည်ထားသူ တစ်ဦးဦး ပါဝင်မှသာ အစည်းအဝေးဆုံးဖြတ်ချက်များကို မှန်မှန်ကန်ကန်ချမှတ်နိုင်မှာဖြစ်ပါတယ်။ ကာလုံဥပဒေကြမ်း ပုဒ်မ ၁၀ ရဲ့ ရည်ရွယ်ချက်ကိုကြည့်မယ်ဆိုရင် တပ်ဘက်က အဖွဲ့ဝင်တွေမပါဘဲ ကာလုံအစည်းအဝေးထိုင် လို့ရအောင် ရည်ရွယ်ကြောင်း တွေ့ရပါတယ်။ ဒီအချက်ဟာ အလွန်ဘဲအန္တရာယ်များပြီး တပ်မတော်ကလည်း လက်ခံနိုင်မယ့် အနေအထားရှိပါ့မလား။
နောက်ထပ်အငြင်းပွားဖွယ်ဖြစ်နေတာတစ်ခုကတော့ လက်ရှိကာလုံ ဥပဒေကြမ်းက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ/မညီ ဆိုတာပဲဖြစ်ပါတယ်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ဖွဲ့စည်းပုံအခြေခံဥပဒေ အရဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ်ဥပဒေတစ်ခု ထပ်မံပြဋ္ဌာန်းရန် မလိုတော့ဘူးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ ကာလုံဥပဒေကြမ်းကို ဥပဒေအဖြစ်ပြဋ္ဌာန်းခဲ့ပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းတာလား၊ဒါမှမဟုတ် ကာလုံဥပဒေအရ ဖွဲ့စည်းသလားဆိုပြီး အငြင်းပွားစရာတွေ၊ မေးခွန်းထုတ်စရာတွေ ပေါ်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကာလုံဥပဒေကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားထားတာ တွေ့ရပါတယ်။ ဒီလိုကိုးကား နေရခြင်းဟာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ဥပဒေအသစ်အရ ထပ်မံဖွဲ့စည်းနိုင်ခြင်း မရှိဘူးဆိုတာ ပေါ်လွင်စေပါတယ်။
အုပ်ချုပ်ရေးမှာဖြစ်စေ၊ ဥပဒေပြုရေးမှာဖြစ်စေ၊ တရားစီရင်ရေးမှာဖြစ်စေ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်း ထားပြီးပါက ဥပဒေသစ်တစ်ခု ပြဋ္ဌာန်းဖို့နဲ့ ထပ်မံဖွဲ့စည်းပေးဖို့ မလိုပါဘူး။ မဖွဲ့စည်းရသေးခင်ကသာ ဥပဒေ ပြဋ္ဌာန်းပြီး ဖွဲ့စည်းရတာဖြစ်ပါတယ်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၁ အရ ဖွဲ့စည်းထားပြီးဖြစ်လို့ ဒီအတွက် ဥပဒေသစ်တစ်ခု ထပ်မံပြဋ္ဌာန်းပြီး ထပ်မံဖွဲ့စည်းဖို့ မလိုတော့ပါဘူး။ အလားတူ ဘယ်အဖွဲ့အစည်းမဆို ယင်းအဖွဲ့အစည်းအတွက် လုပ်ပိုင်ခွင့်အာဏာ မအပ်နှင်းရသေး၍သာ ဥပဒေပြဋ္ဌာန်းပြီး အာဏာအပ်နှင်းရတာဖြစ်ပါတယ်။ အာဏာအပ်နှင်းပြီးဖြစ်ပါက နောက်ထပ် ဥပဒေအသစ်တစ်ခု ထပ်မံပြဋ္ဌာန်းပြီး အာဏာထပ်မံအပ်နှင်းဖို့ မလိုတော့ပါဘူး။
ကာလုံနဲ့ ညှိနှိုင်းရမယ့် ကိစ္စတွေအားလုံးကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေကို၂၁-၁၀-၂၀၁၀ ရက်နေ့က နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥပဒေအမှတ်၊ ၁၅/၂၀၁၀ နဲ့ ပြဋ္ဌာန်းထားပြီး အဆိုပါ ဥပဒေရဲ့ ပုဒ်မ ၉(က)၊ ပုဒ်မ ၁၀(က)၊ ပုဒ်မ ၂၆(ခ)၊ ပုဒ်မ ၃၁(ခ)၊ ပုဒ်မ ၃၇(ခ)၊ ပုဒ်မ ၈၅၊ ၈၆၊ ၈၇၊ ၈၈၊ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃၊ ၉၄၊ ၉၅၊ ၉၆၊ ၉၇ နဲ့ ပုဒ်မ ၉၈ တို့မှာ ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရရောနယကဥပဒေအရရော ပြည့်ပြည့်စုံစုံပြဋ္ဌာန်းပြီးဖြစ်တဲ့ ကာလုံကိစ္စကို ဥပဒေကြမ်းထပ်မံရေးဆွဲခဲ့ခြင်းအတွက် ယင်းဥပဒေကြမ်းရဲ့နောက်ကွယ်မှာဘယ်သူရှိမလဲဆိုတာ မေးစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ အထူးသဖြင့် လက်ရှိအချိန်လို တိုင်းရင်းသားပဋိပက္ခ၊ ဘာသာရေးပဋိပက္ခတို့ ထိလွယ်ရှလွယ်ဖြစ်နေချိန်မှာ ဒီဥပဒေကြမ်းထွက်ပေါ်လာခြင်းက အလွန်အန္တရာယ်များတယ်လို့ ထင်ပါတယ်။ ဒါကို အလျင်စလို ဥပဒေပြဋ္ဌာန်းလိုသူတွေ မသိဘူးနဲ့တူပါတယ်။ လက်ရှိနိုင်ငံရေး အနေအထားအရ စစ်တပ်ရှိနေလို့ နိုင်ငံတော် တည်ငြိမ်နေတာကို သတိမူရမယ့်အစား ကာလုံမခေါ်ဘဲ ဒီလိုဥပဒေတွေ ကို ပြင်မယ်၊ အတည်ပြုမယ်ဆိုရင် ဘယ်လောက်အထိ အန္တရာယ်များတယ်ဆိုတာ သိသင့်ပါတယ်။ ကာလုံဥပဒေကိုအသစ်ပြဋ္ဌာန်းပြီး တပ်ရဲ့အခန်းကဏ္ဍကို ဖယ်ထုတ်ဖို့ကြိုးစားခြင်းဟာ ဒီအချိန်မှာ အင်မတန်အန္တရာယ်ကြီးတယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
ရဲရင့်ဥက္ကာ
No comments:
Post a Comment