အိုင်အက်စ်၏ အမုန်းဆုံး ရန်သူအဖြစ် သတ်မှတ်ခံရသည့် အီရတ် အမျိုးသမီး
Friday, September 30, 2016
အီရတ်နိုင်ငံမှ မုဆိုးမ တစ်ဦးသည် အိုင်အက်စ် စစ်သွေးကြွများ အလိုအရှိဆုံး နံပါတ်တစ် ရန်သူတော်သဖွယ် ဖြစ်လာကြောင်း သိရသည်။
ဝါဟီဒါ မိုဟာမက်သည် သူမ၏ ခင်ပွန်းဟောင်းများကို အိုင်အက်စ်တို့က သတ်ဖြတ်ခဲ့သဖြင့် နှစ်ကြိမ်တိုင်တိုင် မုဆိုးမ ဖြစ်ခဲ့ရသည်။ ထို့နောက်တွင် သူမသည် နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်သွေးကြွ အဖွဲ့ကို လက်စားချေရန် ကိုယ်တိုင်လည်း အလွန်ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းမျိုးဖြင့် တုံ့ပြန်လာခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အီရတ်ရှိ အိုင်အက်စ် ဆန့်ကျင်ရေး အင်အားစုများကြားတွင် အွမ်းဟန်နာဒီဆိုသော အမည်ဖြင့် ပိုမိုလူသိများသည့် ဝါဟီဒါသည် ပြီးခဲ့သည့် သီတင်းပတ်က အိုင်အက်စ်တို့ကို တွန်းလှန် တိုက်ထုတ်ရာတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သည်။ အသက် ၃၉ နှစ်ရှိ အွမ်းဟန်နာဒီကို အိုင်အက်စ်ခေါင်းဆောင် အဘူဘေကာ အယ်လ်ဘဂ္ဂဒက်ဒီ ကိုယ်တိုင်က အလွန်အမင်း မုန်းတီးနေကြောင်းလည်း သိရသည်။
အွမ်းဟွန်ဒါနီသည် အိုင်အက်စ်စစ်သွေးကြွများကို ခေါင်းဖြတ်သုတ်သင်ပြီး ထိုခေါင်းများကို ရေနွေးအိုးထဲ ထည့်ပြုတ်လေ့ ရှိသည်ဟု နာမည်ကြီးသည်။ သူမ၏ သုတ်သင်ရေး နည်းလမ်းမှာလည်း အိုင်အက်စ်တို့နှင့်မခြား ရက်စက်လှသော်လည်း စစ်သွေးကြွများကို မုန်းတီးစက်ဆုပ်လှသည့် ပတ်ဝန်းကျင်တွင် ထိုအမျိုးသမီးမှာ သူရဲကောင်း တစ်ဦးသဖွယ် ချီးကျူးခံနေရသည်။
အွမ်းဟွန်ဒါနီသည် ၂၀၀၃ ခုနှစ်တွင် အီရတ်ကို အမေရိကန် တပ်ဖွဲ့များ ဝင်ရောက်သိမ်းယူပြီး ကတည်းက နိုင်ငံအနှံ့ ပေါ်ပေါက်လာသည့် စစ်သွေးကြွများကို တွန်းလှန်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်။ သို့သော် အိုင်အက်စ်တို့ အားကောင်းလာပြီးနောက် သူမ၏ ပထမနှင့် ဒုတိယ ခင်ပွန်းတို့ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်နောက် အွမ်းဟွန်ဒါနီက တူညီသော နည်းလမ်းမျိုးဖြင့် တုံ့ပြန်လာခဲ့သည်။
“ဒေ့ရှ်တွေ (အိုင်အက်စ်၏ ဒေသတွင်းအမည်)ကို ကျွန်မ တိုက်ခိုက်တယ်။ သူတို့ကို ဖမ်းမိရင် ခေါင်းဖြတ်တယ်။ ခေါင်းတွေကို ရေနွေးနဲ့ပြုတ်တယ်။ ခန္ဓာကိုယ်ကို မီးရှို့ပစ်တယ်”ဟု သူမက CNNသို့ ပြောကြားခဲ့သည်။ ထိုစကားကို သက်သေပြသည့် အနေဖြင့် အိုင်အက်စ်စစ်သွေးကြွ တစ်ဦး၏ ဦးခေါင်းပြတ်ကို ကိုင်ထားသည့် ဓာတ်ပုံကိုလည်း Facebookပေါ်တွင် သူမက လွှင့်တင်ခဲ့သေးသည်။ အွမ်းဟွန်ဒါနီသည် ပါးကွက်သားဆန်သော လုပ်ရပ်အတွက် သားခုတ်ဓားမများကို လက်နက်အဖြစ် ရွေးချယ်လေ့ ရှိသည်။
သူမက “ဒေ့ရှ်တွေက ကျွန်မကို လုပ်ကြံဖို့ ခြောက်ခါထိ ကြိုးစားပြီးပြီ။ ကျွန်မ ဦးခေါင်းမှာ၊ ခြေထောက်မှ ထိခိုက်မိတာတွေ ဖြစ်ခဲ့တယ်။ နံရိုးတွေ ကျိုးသွားဖူးတယ်။ ဒါပေမဲ့ သူတို့ကို ဆက်ပြီး တိုက်ခိုက်နေဦးမှာပဲ”ဟုလည်း ဆိုသည်။
စက်တင်ဘာ ၂၂ ရက်တွင်မူ အိုင်အက်စ် စစ်တပ်သည် မဟာဗျူဟာအရ အရေးပါသည့် ရှီကွတ်မြို့ကို သိမ်းယူထားသော အိုင်အက်စ်တို့ကို တွန်းလှန် တိုက်ထုတ်ခဲ့သည်။ ထိုတိုက်ပွဲတွင် အွမ်းဟွန်ဒါနီနှင့် သူမ၏ သစ္စာတော်ခံ တပ်ဖွဲ့ဝင်များက အီရတ်စစ်တပ်နှင့် လက်တွဲပါဝင်ခဲ့သည်။ အီရတ်စစ်တပ်မှ ဗိုလ်ချုပ်ကြီး ဂျွမ်မာ အန်းနတ်ဒ်က “ဒီအမျိုးသမီးရဲ့ စစ်ရေးစွမ်းရည်နဲ့ ဦးဆောင်မှု စွမ်းရည်က အီရတ်စစ်တပ် အရာရှိ တစ်ယောက်လိုပါပဲ”ဟု ချီးကျူး အသိအမှတ် ပြုခဲ့သည်။
သူမက “ဒေ့ရှ်တွေရဲ့ အလိုအရှိဆုံး ရန်သူတော် စာရင်းမှာ ကျွန်မက နံပါတ်တစ်ပါပဲ။ အီရတ်ဝန်ကြီးချုပ်ထက်တောင် သူတို့က ကျွန်မကို ပိုလိုချင်သေးတယ်။ အယ်လ်ဘဂ္ဂဒက်ဒီ အပါအဝင် ဒေ့ရှ်ခေါင်းဆောင်တွေ တော်တော်များများက ကျွန်မကို ခြိမ်းခြောက်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မက လက်လျှော့ဖို့ အမြဲတမ်း ငြင်းဆန်ပြီးသားပါ”ဟုလည်း ပြောကြားသွားသည်။
Ref: CNN, Daily Star
No comments:
Post a Comment