(၈)
သမ္ပဇညပိုင်း
========
သမ္ပဇဉ်နဲ့စပ် သိမှတ်စရာ
================
သမ္ပဇညအကြောင်း ပြောတော့မယ်ဆိုရင် သမ္ပဇညတရား ၄ ပါးက မပါအဖြစ်။ သူရို့ကို အကြေအလည်ဖြစ်အောင် အရင်ဆုံး ရှင်းပြဖို့လည်း လိုပါမယ်။ တရားအားထုတ်တဲ့ ယောဂီအဟောင်းအသစ် အားလုံးအတွက် အရေးကြီးလို့ပါ။
သမ္ပဇညတရား ၄ ပါး
--------------------------
၁။ သာတ္ထကသမ္ပဇဉ်
အကျိုးရှိလား၊ မရှိလား၊ စဉ်းစားတာကသာတ္ထက။
၂။ သပ္ပါယသမ္ပဇဉ်
သင့်တော်ရဲ့လား၊ မတော်လား၊ စဉ်းစားတာကသပ္ပါယ။
၃။ ဂေါစရသမ္ပဇဉ်
ရုပ်နာမ်နှစ်ရပ်၊ စဉ်မပြတ်၊ ရှုမှတ်တာကဂေါစရ။
၎။ အသမ္မောဟသမ္ပဇဉ်
မမြဲဆင်းရဲ၊ သဘောပဲ၊ အသိကွဲတာကအသမ္မောဟ။
သာတ္ထကသမ္ပဇဉ်
==========
သတိပဋ္ဌာန်လို့ ပြောလိုက်ရင် တင်ပလ္လင်ခွေပြီး ငြိမ်သက်စွာ ထိုင်နေတဲ့ အမူအရာကို ပြေးမြင်ကြပါတယ်။ ဒါကို မှားသလားလို့ မေးရင် မမှားပါဘူး။ သို့ပေမင့် ဖွင့်ဆိုချက်က ပြည့်စုံပြီးလားဆိုတော့ မပြည့်စုံသေး။
ဟုတ်ပါတယ်။ နေ့စဉ်သွားလာလှုပ်ရှားမှုမှန်သမျှကို သတိကပ်ပြီး လုပ်ကိုင်တတ်ပါမှ သတိပဋ္ဌာန်အားထုတ်ခြင်းဟာ အလျဉ်းပြည့်စုံမှာပါ။ သို့ကြောင့် သတိပဋ္ဌာန်ဆိုတာ သံသရာထွက်ရပ်လမ်းတင်မက မျက်မှောက်ဘ၀ ပြည့်စုံချမ်းသာရေးတွေ အားလုံးအတွက်လည်းပဲ အားထုတ်သင့်ကြပါပေတယ်။
နေ့စဉ်နဲ့အမျှ ပြုမူ ပြောဆို တွေးကြံ နေကြတဲ့ ကံသုံးပါးဟာ...
(က) ဘ၀တိုးတက်ပြည့်စုံခြင်းနဲ့ နိမ့်ကျသွားခြင်းတွေကို ဖန်တီးပေးနေကြတယ်။
(ခ) ရောဂါဘယ ထူပြောခြင်းနဲ့ ကျန်းမာရန်ကင်း ပျော်ရွှင်ခြင်းတို့ဆိုတဲ့ ကံသုံးပါးရဲ့ အကျိုးဆက်တွေကို လက်ဆောင်ပေးကြတယ်။
(ဂ) တမလွန်ဘ၀နဲ့ သံသရာသွားလမ်း မကန့်သတ်နိုင်သေး၊ အဆုံးမသတ်နိုင်သေးသူတွေကို အကောင်း အဆိုးတွေဆီ ဆွဲခေါ်ပို့ဆောင်ပေးတတ်ကြတယ်။
(ဃ) သံသရာလမ်းနဲ့ နိဗ္ဗာန်သောင်ကမ်းတို့ အနီးအဝေးတွေကို ကန့်သတ်ပေကြတယ်။
ကံသုံးပါးတို့ရဲ့ အကျိုးဆက်တွေဟာ ဆိုခဲ့တာတွေထက်မက များပြားစွာ ကျန်ရှိနေကြပါလိမ့်ဦးမယ်။ နည်းတူပင် တွေးဆယူကြပါလေ။
ဆိုခဲ့သလို အကောင်း အဆိုးတွေ ဒွန်တွဲလိုက်ပါနေကြတဲ့ ကံသုံးပါးတို့ကို ပရမ်းပတာ လုပ်သင့်ကြပါရဲ့လား။ စိတ်ထင်တိုင်း ကြဲသင့်ကြပါရဲ့လား။
အထက်ပါ မေးခွန်းတွေကို သတိပဋ္ဌာန်ကျင့်စဉ်က အတိအလင်း ငြင်းဆိုထားပါတယ်။ ကျင့်စဉ်မှာက အကျိုးရှိ မရှိ သေချာစဉ်းစား ချင့်ချိန်ပြီးမှ လုပ်ကိုင်ကြပါလို့ ညွန်ကြားထားပါတယ်။ ဘ၀သံသရာနဲ့ ချီပြီး အရေးပါနေပါတယ်ဆိုတဲ့ ကံသုံးပါးကို အကျိုးရှိ မရှိလောက် စဉ်းစားရွေးချယ်လိုက်ရုံနဲ့ ဘ၀တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်သလို သံသရာစက်ရဟတ်လည်း တိကနဲပြတ်တောက် သွားနိုင်သေးသမို့ သတိပဋ္ဌာန်ကျင့်စဉ်ရဲ့ ညွန်ကြားချက်ဟာ တန်ဖိုးတောင်မှ ဖြတ်နိုင်ပါတော့မယ်မထင်။
ဆိုလိုတာက ကံသုံးပါးကို လုပ်ကိုင်ခါနီးတိုင်း သတိကပ်ပြီး အကျိုးရှိလား၊ မရှိဘူးလားလို့ စဉ်းစားတွေးဆခြင်းဟာလည်း သတိပဋ္ဌာန်ကျင့်စဉ်ပင် ဖြစ်ပါတယ်ဟူလို။
သို့ဖြစ်လို့ ကိစ္စတစ်ခုခုကို ပြုမူဆောင်ရွက်တော့မယ်ဆိုရင် ဘာမှမလုပ်ရသေးခင် အကျိုးရှိ မရှိ အရင်စဉ်းစားဆင်ခြင်ရပါမယ်။ အကျိုးရှိမှသာ ပြုမူဆောင်ရွက်သင့်ပါတယ်။ အကျိုးမရှိက မပြုအပ်။ အဲ့ဒီလို မပြုမူသေးခင် အရင်ဦးစွာ စဉ်းစားဆင်ခြင်ခြင်းဟာ သာတ္ထကသမ္ပဇဉ်ဖြစ်ပါတယ်။
သပ္ပါယသမ္ပဇဉ်
==========
သပ္ပါယသမ္ပဇဉ်အတွက် ထပ်ဆင့်ကွဲပြားသွားတဲ့ အင်္ဂါရပ်တွေကိုလည်း မှတ်သားထားသင့်ကြပါတယ်။ ဒါမှသာ သာတ္ထကဆိုတဲ့ ကောင်းကျိုးဖြစ်စေတဲ့ အလုပ်ဖြစ်ရုံသာမက သပ္ပါယ တကယ်ဖြစ် မဖြစ်ကို ခွဲခြားနားလည် နိုင်ပါမယ်။ အကျိုးရှိအောင်လည်း အသုံးချနိုင်ပါမယ်။
သပ္ပါယ ၄ မျိုး
-----------------
၁။ ဥတုသပ္ပါယ
ပူမှု အေးမှု၊ လျော်အောင်ပြု၊ ဥတုသပ္ပါယခေါ်ပါသည်။
၂။ ဘောဇနသပ္ပါယ
သင့်လျော်တာမျှ၊ ချင့်စားက၊ ဘောဇနသပ္ပါယခေါ်ပါသည်။
၃။ ပုဂ္ဂလသပ္ပါယ
ကောင်းတာကိုမျှ၊ တွဲလုပ်ကြ၊ ပုဂ္ဂလသပ္ပါယခေါ်ပါသည်။
၎။ အာဝါသသပ္ပါယ
ဘေးရန်ဝေးရ၊ ပူအေးမျှ၊ အာဝါသသပ္ပါယခေါ်ပါသည်။
အထက်မှာဆိုခဲ့တဲ့ သမ္ပဇညတရား ၄ ပါးတို့တွင် ကိုယ်စီတန်ဖိုးများ ရှိကြပါတယ်။ တစ်ပါးချင်စီရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ထဲထဲဝင်ဝင် သိရှိထားပါမှ ထိထိမိမိ အသုံးချနိုင်ကြမှာပါ။
တစ်ချို့အလုပ်တွေက အကျိုးရှိပေမဲ့ မလုပ်သင့်တာတွေ ရှိနေတတ်တယ်။ သင့် မသင့် ချင့်ချိန်နှိုင်းဆရပါမယ်။ သင့်ရင် ပြုလုပ်အပ်သလို မသင့်ရင် မပြုလုပ်ရပါ။ အဲ့ဒီလို ဆင်ခြင်သုံးသပ်တာက သပ္ပါယသမ္ပဇဉ်ဖြစ်ပါတယ်။ ဥပမာတွေနဲ့ ဆက်ပြီးရှင်းပြပါမယ်။
ဘုရားဖူးခြင်းဟာ ကောင်းပေမဲ့ လူစည်ကားလွန်းတဲ့ ဘုရားပွဲလို အချိန်မျိုးဟာ အကျိုးမများပါ။ အသုဘရှုတာ ကောင်းပေမဲ့ ယောက်ျားတစ်ယောက်က လောလောလတ်လတ် ဆုံးထားတဲ့ မိန်းမပျိုအလောင်းကို ရှုတာကျတော့ အကျိုးမများပါ။ တရားဟောခြင်းဟာ ကောင်းပေမဲ့ လောကီရေးရာ ကိစ္စတွေကို ဆွေးနွေးတဲ့နေရာ၊ အလုပ်ကိစ္စ ရှုပ်ထွေးတဲ့နေရာ၊ ဆန့်ကျင်ဘက်လိင်တစ်ယောက်ထဲနဲ့ ဆိတ်ကွယ်ရာနေရာတို့တွင် ဟောပြောခြင်းကား အကျိုးမများပါ။
ဆိုခဲ့ပါ သမ္ပဇဉ်တရားနှစ်ပါးဟာ လောကီလောကုတ် နှစ်မျိုးစလုံးအတွက် အကျိုးများပါတယ်။ လောကီကောင်းကျိုးချမ်းသာတွေကို ဆောင်ကြဉ်းပေးနိုင်သလို သမထ ဝိပဿနာ ဘာဝနာအားထုတ်သူများကိုလည်း သမာဓိ ပညာတွေ လျင်မြန်စွာ ပြည့်စုံစေနိုင်ပါတယ်။
သို့ပေမင့် ဆိုခဲ့ပါ သမ္ပဇဉ်နှစ်ပါးဟာ သမထ ဝိပဿနာတွေ မဟုတ်သေး။ အဲ့ဒါတွေရဲ့ အခြေဘူတ အထောက်အပံ့မျှသာပါ။ သို့ဖြစ်လို့ အဲ့ဒီနှစ်ပါးကို ဝိသုဒ္ဓိမဂ်မှာ ပါရိဟာရိကပညာလို့ပင် ခေါ်ဆိုထားပါတယ်။
အထူးမှတ်ရန်ကား တကယ်အကျိုးရှိပြီး ဘယ်အလုပ်နဲ့မဆို သင့်တော်လျောက်ပတ်တဲ့ အလုပ်ကတော့ ၀ိပဿနာဖြစ်ပါတယ်။ သူ့ကို ဂေါစရသမ္ပဇဉ်လို့လည်း ခေါ်ပါတယ်။ စင်စစ်မှာလည်း ၀ိပဿနာဆိုတဲ့ ဂေါစရသမ္ပဇဉ်ကို ထိမိအောင် လုပ်ကိုင်ထားဖူးသူဟာ သာတ္ထကနဲ့ သပ္ပါယတို့ကို ကောင်းသထက်ကောင်းအောင် ရွေးခြယ်တတ်စေဖို့ ပြန်ကျေးဇူးပြုပေးပါတယ်။
ဂေါစရသမ္ပဇဉ်
==========
သမထအတွက် ကမ္မဋ္ဌာန်းအာရုံနဲ့ ဝိပဿနာအတွက် ဥပါဒါနက္ခန္ဓာငါးပါးတို့မှာ မပြတ်နှလုံးသွင်းမှုနဲ့ ရှုမှတ်မှုတွေဟာ ဂေါစရသမ္ပဇဉ်ဖြစ်ပါတယ်။ မဟာသတိပဋ္ဌာန သုတ်တော်အရဆိုရင် သတိပဋ္ဌာန် ၄ ပါးနှင့်တကွ အဲ့ဒါတွေရဲ့ အာရုံ ၄ ပါးကိုပင် ယောဂီရဲ့ ကျက်စားရာနယ်ပယ်ဖြစ်လို့ ဂေါစရလို့ခေါ်ပြီး အဲ့ဒီ အာရုံ ၄ ပါးမှာ မပြတ်ဖြစ်စေအပ်တဲ့ မှတ်သိမှု အသိဉာဏ်ကို ဂေါစရသမ္ပဇဉ်လို့ ခေါ်ပါတယ်။
သတိပဋ္ဌာနသံယုတ်မှာလည်း အထက်က အဓိပ္ပါယ်အတိုင်းပင် ဟောကြားတော်မူခဲ့ပါတယ်။
ရဟန်းတို့ အဘဘုရားရဲ့ အပိုင်စား အမွေအနှစ် ကိုယ်ပိုင်ဖြစ်တဲ့ စားကျက်ထဲမှာ ကျက်စားကြပါ။ အဲ့ဒီလိုသာ ကျက်စားနေကြရင် ကိလေသာမာရ်ဆိုတဲ့ သူသတ်သမားဟာ သင်တို့ကို နှိပ်စက်ကလူ ပြုနိုင်လိမ့်မည်မဟုတ်။ အဲ့ဒီကျက်စားရာ ဆိုတာက သတိပဋ္ဌာန် ၄ ပါးတို့ပင်တည်း။
ဆိုခဲ့တာတွေအတိုင်း ဝိပဿနာယောဂီဟာ မပြတ်ရှုမှတ်နေရပါမယ်။ ရှေ့သို့သွားတဲ့အခါ ကြွတိုင်း၊ လှမ်းတိုင်း၊ ရွေ့ရှားတိုင်း သွားတယ် သွားတယ်ဆိုပြီး အဆက်မပြတ် စေ့စေ့စပ်စပ် ရှုမှတ်ရင်းသာ သွားလာရပါမယ်။ နောက်သို့ ပြန်ဆုတ်တဲ့အခါမှာလည်း နည်းတူပင်။
ဆိုခဲ့တာတွေကြောင့် အဋ္ဌကထာဆရာတော်က "ကမ္မဋ္ဌာနဿ ပန အဝိဇဟနမေဝ ဂေါစရသမ္ပဇညံ"လို့ အထပ်ထပ် မိန့်ဆိုထားပါတယ်။ ကျောင်းဝင်းအတွင်းအပြင် သွားလာရာမှန်သမျှတွေမှာ သတိမပြတ် သွားလာတတ်စေဖို့ ရည်ရွယ်ပါတယ်။ ဒါ့ကြောင့်ပဲ အဋ္ဌကထာမှာ ဂေါစရသမ္ပဇဉ်နဲ့ပတ်သက်ပြီး ပုဂ္ဂိုလ် ၄ ပါး ခွဲပြကာ နမူနာယူနိုင်အောင် ဖွင့်ဆိုရှင်းပြထားခဲ့ပါတယ်။
သမ္ပဇဉ်တရားကို
၁။ အသွားသာဆောင်ပြီး အပြန်မဆောင်သူ၊
၂။ အသွားကို မဆောင်ဘဲ အပြန်ကျမှ ဆောင်တဲ့သူ၊
၃။ အသွားအပြန် နှစ်ခုစလုံး မဆောင်သူ၊
၎။ အသွားအပြန် နှစ်ခုစလုံး ဆောင်တဲ့သူ တို့ဖြစ်ကြပါတယ်။
အထက်က ၄ မျိုးထဲမှာ ၁ နဲ့ ၂ တို့ကား အထိုက်အလျောက် အကျိုးများပါတယ်။ ၃ ကား အချည်းအနှီးသာ။ ဘာဝနာကို အာလယပြတ် ဝန်ချထားတာကြောင့် နိက္ခိတ္တဓုရမည်ပါတယ်။ အဲ့ဒီပုဂ္ဂိုလ်မျိုးမှာ စေတောခိလခေါ် စိတ်ငြောင့် ၅ စင်း စူးဝင်ခံနေရသလို စေတောဝိနိဗန္ဓခေါ် စိတ်အနှောင်အဖွဲ့ ၅ ခုတို့ တည်းနှောင်ထားခံရတယ်လို့ ဆိုပါတယ်။
စိတ်ငြောင့် ၅ စင်း
----------------------
၁။ ဘုရားကို ယုံမှားခြင်း၊
၂။ တရားကို ယုံမှားခြင်း၊
၃။ သံဃာကို ယုံမှားခြင်း၊
၎။ အကျင့်သိက္ခာကို ယုံမှားခြင်း၊
၅။ သီတင်းသုံးဖော်တို့ကို အမျက်ထွက်ခြင်း တို့ဖြစ်ကြပါတယ်။
ဘုရားတရား၊ အများသံဃာ၊
သိက္ခာတရား၊ ယုံမှားလေတာ။
သီတင်းဖော်အား၊ ထွက်ငြားဒေါသာ၊
စိတ်ငြောင့်ငါး၊ ဖြစ်ပွားရံတစ်ခါ။
စိတ်အနှောင်အဖွဲ့ ၅ မျိုး
-----------------------------
၁။ ကာမဂုဏ်ကို ခင်တွယ်မှု အားကြီးခြင်း၊
၂။ မိမိကိုယ်ကို ခင်တွယ်မှု အားကြီးခြင်း၊
၃။ ဗဟိဒ္ဓရုပ် သူတစ်ပါးကိုယ်ကို ခင်တွယ်မှု အားကြီးခြင်း၊
၎။ ဝမ်းဗိုက်ကားအောင် စားချင်တိုင်းစားခြင်း၊
၅။ ဘယ်ပြောင်းညာပြန် အိပ်စက်မှုချမ်းသာနဲ့ မှိန်းနေရတဲ့ ချမ်းသာကို ခံစားနေခြင်း တို့ဖြစ်ကြပါတယ်။
ကာမဂုဏ၊ သယခန္ဓာ၊
ဗဟိကာယ၊ သုံးဝတွယ်တာ။
ဝမ်းဗိုက်ဖောင်းကား၊ အစားလွန်ကာ၊
အိပ်လွန်ငြား၊ ငါးပါးနှောင်ဖွဲ့တာ။
ဆိုခဲ့ပါ ၃ ပုဂ္ဂိုလ်ဟာ ဂေါစရသမ္ပဇဉ် ကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ လူသာမန်တွေလိုဖြစ်နေပြီး သာသနာ့အမြင်နဲ့ကြည့်ရင် သာသနာ့အမှိုက်ပင် ဖြစ်နေပါတယ်။
ဂေါစရသမ္ပဇဉ်ရဲ့ အာနိသင်များ
====================
သမ္ပဇဉ်ဆိုတာ အပြားအားဖြင့် သိခြင်းကိုခေါ်တယ်။ အဲ့ဒီလို သိဖို့ရာမှာ ဂေါစရသမ္ပဇဉ်ဟာ အရေးအပါဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် သမ္ပဇဉ်အဖွင့်ကို ဒီနေရာရောက်မှ ဆိုရပါတယ်။ အပြားအားဖြင့် သိပုံအဆင့်ဆင့်ကား အောက်ပါအတိုင်း ဖြစ်ပါတယ်။
အပြားအားဖြင့်သိပုံ ၃ ဆင့်
---------------------------------
၁။ မှတ်စရာ တစ်ခုခုကို အစအဆုံးမှတ်နိုင်လာတာဟာ သင်္ခတလက္ခဏာကို သိခြင်းပါ။ အပိုင်းအခြားတွေကို သိလာတယ်ပေါ့။
၂။ စ လယ် ဆုံး အပိုင်းတစ်ခုစီမှာပါတဲ့ သဘောသဘာဝတွေကို သိလာရင် သဘာဝလက္ခဏာကို သိခြင်းပင်။ ဒီလက္ခဏာမှာကား ဖြစ်ခြင်း ပျက်ခြင်းတွေကို သိခြင်းက အဓိကဖြစ်ပါတယ်။
၃။ သဘာဝလက္ခဏာတွေရဲ့ ဖြစ်ပျက်ပြီး မမြဲ၊ ဆင်းရဲ၊ အစိုးမရ စတာတွေကို ဆက်ပြီးသိလာတာက သာမညလက္ခဏာကို သိလာခြင်းဖြစ်ပါတယ်။ ဒီအသိဟာ အသမ္မောဟသမ္ပဇဉ်ဖြစ်ပါတယ်။ ဝိပဿနာအသိ၊ ဝိပဿနာဉာဏ်တွေလည်း ဖြစ်ပါတယ်။
လက္ခဏာတွေ သိပုံအဆင့်များကို ကြည့်ခြင်းအားဖြင့် ယောဂီပုဂ္ဂိုလ်များ တရားတွေ့ရဖို့ရာမှာ ဂေါစရသမ္ပဇဉ်ဟာ ဘယ်လောက်အရေးပါကြောင်း သိသာလှပါတယ်။ ထင်သာမြင်သာလည်း ရှိလွန်းလှပါတယ်။ ပိုပြီး စိတ်ဝင်စားစရာဖြစ်အောင်လည်း ဝတ္ထုသာဓကတွေနဲ့ ထပ်မံရှင်းပြပါဦးမယ်။
ဂေါစရသမ္ပဇဉ်ကို အပြည့်အစုံ ကျင့်သုံးတာဟာ ၄ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲ့ဒီပုဂ္ဂိုလ်ရဲ့ သွားလာလှုပ်ရှားမှု မှန်သမျှ ဆွမ်းခံ အသွားအပြန်တောင် မကျန်ရစ်ရအောင် ကျင့်ကြံအားထုတ်တာကို ဂတပစ္စာဂတိကကျင့်ဝတ်လို့ ခေါ်ပါတယ်။
မြတ်စွာဗုဒ္ဓရှင်တော်ရဲ့ လက်ထက်တော်မှစကာ သာသနာတော်နှစ် ၉၀၀ ကျော်တိုင်အောင် ဒီဂတပစ္စာဂတိကကျင့်ဝတ် ဖြည့်ကျင့်ကြပုံကို အဋ္ဌကထာမှာ ခမ်းနားစွာ ဖော်ပြထားပါတယ်။ အဲ့ဒါတွေထဲမှာ အာဠိန္ဒကကျောင်းနေ မဟာဖုဿဒေဝမထေရ်၊ ကာလဝလ္လိမဏ္ဍပ်ကျောင်းနေ မဟာနာဂမထေရ်၊ ကလမ္ဗဆိပ်ကမ်းကျောင်းနေ ရဟန်းတော် ၅၀ တို့ဆိုတဲ့ သီဟိုဠ်ဝတ္ထုတွေက ထင်ရှားပြီး လိုက်နာမှတ်သားဖွယ် ကောင်းလှပါတယ်။
ဆိုခဲ့ပါ မထေရ်များဟာ ကျောင်းတွင်းမှာ အမြဲမပြတ် ရှုမှတ်နေကြရုံမက ဆွမ်းခံသွားရာမှာပင် အမှတ်မပြတ်အောင် ကြိုးစားအားထုတ်ကြပါတယ်။ အရေးမကြီးရင် အချင်းချင်း စကားမပြောမိအောင်လည်း ကတိက၀တ် ထားကြပါတယ်။ ဆွမ်းခံသွားရင်း စကားမပြောမိအောင် ရေငုံသွားကြတယ်။ ဒကာများရဲ့ အမေးစကားရှိမှ ရေကို မျိုချပြီး ပြန်ဖြေကြပါတယ်။ မေးသူမရှိက အပြန်လမ်းရဲ့ ရွာအပြင်ရောက်မှ ထွေးထုတ်ကြပါတယ်။
ဒီနေရာမှာ မှတ်သားဖွယ် စကားချပ်ပါမယ်။ ဒကာများမေးတဲ့ စကားကို ပြန်မဖြေဆိုပြီး ဝစီပိတ်ကျင့်ပါက ရဟန်းမှာ အာပတ်သင့်လို့ ဝစီပိတ်အဓိဋ္ဌာန်ခြင်း၊ ကတိက၀တ်ပြုခြင်းတို့ကား မအပ်စပ်ကြောင်း မဟာစည်ဆရာတော် ဘုရားကြီးက မှတ်ချက်ပြုပါတယ်။ ရှင်တော်ဗုဒ္ဓ လက်ထက်တော်တုန်းက ရဟန်းတော်တွေ ၀စီပိတ်အကျင့်များကြလို့ ဒကာ ဒကာမတွေ မေးတိုင်း ဘုရားရှင်ကချည်း ဖြေကြားပေးတော်မူနေရတယ်။ ဒါ့ကြောင့် ၀စီပိတ်အကျင့်ကို ပယ်ဖျက်တဲ့ ပဝါရဏာကို ပညတ်တော်မူခဲ့ရပါတယ် ဆိုတာဟာလည်း ရဟန်းတော်များအနေနဲ့ မဖြစ်မနေ သတိထားရမဲ့အချက်ပေပေါ့။
ဆွမ်းစားစဉ် ကမ္မဋ္ဌာန်းလက်မဲ့ မဖြစ်စေရေးအတွက် ဆင်ခြင်ပုံများကိုလည်း အဋ္ဌကထာဆရာတော်က ထည့်သွင်းပြဆိုထားပါတယ်။ အာဟာရေ ပဋိကူလသညာကို ဖြစ်စေရန် လှည်းဆီထည့်တဲ့ဥပမာ၊ အနာဆေးလိမ်းတဲ့ဥပမာ၊ ရင်သွေးသားငယ်ရဲ့ အသားကို စားရတဲ့ဥပမာတို့နဲ့ နေဝဒဝါယ စတဲ့ အကျိုး ၈ ပါးတို့ကို ဆင်ခြင်ရပါမယ်။
ဆိုခဲ့တာတွေဟာ ဣရိယာပထပိုင်းက "ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ။ တထာ နံ ပဇာနာတိ။" ဆိုတဲ့ ပါဠိတော်အတိုင်း ရှုမှတ်မှုများနဲ့ တူညီနေပါတယ်။ မဟာစည်နည်းမှာကား အထွေထွေမှတ်ထဲ ပါဝင်ပါမယ်။
ထူးခြားတာက ဒီသမ္ပဇညပိုင်းမှာ အမူအရာများကို နာမည်တပ်ပြီး ဟောကြားထားခြင်းပင်။ စင်စစ်မှာ အဲ့ဒီနာမည်တွေကလည်း အသေးစိတ်အမူအရာတွေထဲမှာ ပါဝင်ပြီးဖြစ်ပါတယ်။ မှတ်သားဖွယ်အဖြစ် ဒေသနာစဉ်ကို ဖော်ပြပေးပါဦးမယ်။
ပြဆိုမဲ့အခါတွေမှာ သိလျက်ပြုရပါမယ်။
၁။ ရှေးရှုသွားတဲ့အခါနဲ့ နောက်ဆုတ်သွားတဲ့အခါတွေ၊
၂။ ရှေ့ရှုကြည့်တဲ့အခါနဲ့ စောင်းငဲ့ကြည့်တဲ့အခါတွေ၊
၃။ လက်ခြေကို ကွေးတဲ့အခါနဲ့ ဆန့်တဲ့အခါတွေ၊
၎။ ဒုကုဋ် သပိတ် သင်္ကန်းများကို ဆောင်ယူဝတ်ရုံတဲ့အခါတွေ၊
၅။ စား သောက် လျက်တဲ့အခါတွေ၊
၆။ ကျင်ကြီး ကျင်ငယ်စွန့်တဲ့အခါတွေ၊
၇။ သွား ရပ် ထိုင် အိပ်ပျော် နိုးထ စကားပြော ဆိတ်ဆိတ်နေ အစရှိတဲ့အခါတွေ။
သိလျက်ပြုတယ်ဆိုတာ အပြားအားဖြင့် သိပြီး လုပ်ကိုင်ဆောင်ရွက်ခြင်းပင် ဖြစ်ပါတယ်။ ဂေါစရသမ္ပဇဉ်မှာ အပြားအားဖြင့်သိပုံ ၂ မျိုးပါဝင်ပြီး နောက်ဆုံးသိပုံကတော့ အသမ္မောဟသမ္ပဇဉ်ထဲ ပါဝင်ပါမယ်။
ဂေါစရသမ္ပဇဉ်မှ အသမ္မောဟသမ္ပဇဉ်သို့
==========================
ရှေ့သို့သွားတိုင်း နောက်သို့ဆုတ်တိုင်း ယိမ်းယိုင်လှုပ်ရှားတိုင်း စေ့စေ့စပ်စပ် မပြတ်သိမှုက ဂေါစရသမ္ပဇဉ်ဖြစ်ပါတယ်။ ဒီသမ္ပဇဉ် ထက်သန် အားပြည့်လာတဲ့အခါ အသမ္မောဟသမ္ပဇဉ် ခေါ် မတွေမဝေတဲ့ အသိဉာဏ်က အလိုလိုပင် ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီလို ပြောင်းလဲသိမြင်လာပုံကို မဟာစည်ဆရာတော် ဘုရားကြီးက အောက်ပါအတိုင်း ဆောင်ပုဒ် ရေးစီတော်မူခဲ့ပါတယ်။
ပေါ်တိုင်းမပြတ် ရှုမှတ်နေလျှင်၊
ရုပ်နာမ်နှစ်မျိုး ကြောင်းကျိုးသိမြင်။
မမြဲဆင်းရဲ ဉာဏ်ထဲပေါ်လွင်၊
အနတ္တ သိရနိဗ္ဗာန်ဝင်။
အသမ္မောဟသမ္ပဇဉ်ဆိုတာ "အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ"စတဲ့ အဋ္ဌကထာအဖွင့်အရ ရှေ့သို့သွားမှု စတာတွေကို မတွေဝေခြင်း၊ အမှန်အတိုင်းသိခြင်းပင် ဖြစ်ပါတယ်။ သိပုံတွေကို အကျဉ်းချုပ်ပြီး တင်ပြပါဦးမယ်။
ဂေါစရသမ္ပဇဉ် ထက်သန်အားကောင်းလာတဲ့အခါ သုံးသပ်ဆင်ခြင်မှု သမ္မသနဉာဏ် ဖြစ်ပေါ်လာပါတယ်။ ဒီအခါမှစပြီး အထူးကောင်းမွန်နေတဲ့ ရှုမှတ်ချက်များအပေါ် မျက်စိလည် ပြေသွားသလို မတွေမဝေတော့ဘဲ ရှင်းလင်းစွာ သိသိသွားတယ်။ သိသွားပုံမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
သွားတယ် သွားတယ်စသဖြင့် မှတ်နေရင်းပင် သွားမယ်လို့ ကြံတဲ့စိတ် ဖြစ်ပေါ်ပြီး ချုပ်ပျောက်သွားတာကို မျက်ဝါးထင်ထင် သိမြင်လာတယ်။ အဲ့ဒီစိတ်ကြောင့် တောင့်တင်းမှု လှုပ်ရှားမှု အဆင့်ဆင့် ဖြစ်ပေါ်လာတာကို မျက်မှောက်တွေ့ပြီး သိလာတယ်။ အဲ့ဒီတောင့်တင်းမှု စတာတွေကြောင့် တစ်ကိုယ်လုံးရှိ ရုပ်အပေါင်းတွေ တရွေ့ရွေ့ချင်း ရွေ့ရှားပြီး ဖြစ်ပျက်သွားတာကိုလည်း ထင်ထင်ရှားရှား သိလာပါတယ်။ ဆိုခဲ့တာတွေအတိုင်း သိမြင်လာတဲ့ ယောဂီဟာ အမူအရာများနဲ့ ကြံစည်စိတ်တို့ အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်ပြီး ကုန်ပျောက် ကုန်ပျောက်သွားတာကို မျက်မှောက်တွေ့ပြီး သိလာပါတယ်။
ဒီအခါ ယောဂီဟာ "သွားမှုစတာတွေကို ပြုတတ်တဲ့ အတ္တကောင် ငါကောင်ကား မရှိပြီ။ ခဏမစဲ ဖြစ်ပျက်ပြောင်းလဲနေတဲ့ ရုပ်နာမ်၊ သဘောတရားမျှသာ ရှိပါတယ်။ မမြဲ ဆင်းရဲတွေချည်းသာဖြစ်တယ်။ သွားချင်မှုနဲ့ သွားမှုစတာတွေဟာလည်း သဘောတရားတွေရဲ့ အမူအရာမျှသာဖြစ်တယ်"လို့ ဆုံးဖြတ်ချက် ချနိုင်လာပါတယ်။ အဲ့ဒီဆုံးဖြတ်နိုင်မှု စွမ်းရည်ထူးဟာ အသမ္မောဟသမ္ပဇဉ်ပါ။
သိမြင်နိုင်မှုစွမ်းရည်တွေ အဆင့်ဆင့် တိုးတက်ပြောင်းလဲခြင်းများဟာ ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် ဖြစ်ပေါ်လာခြင်းပင်ဖြစ်ပါတယ်။
သမ္ပဇညပိုင်း ပြီးပါပြီ။
××××××××××××××
ငြိမ်းနန္ဒ(၃၀ /၁ /၂၀၁၇) (၁ /၂ /၂၀၁၇)
No comments:
Post a Comment